“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်နှင့် စပ်လျဉ်း၍ စာနယ်ဇင်း ရှင်းလင်းပွဲကျင်းပ

ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး

ရန်ကုန် ဇန်နဝါရီ ၈

မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ပွဲတော်ကြီးကို “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” (Myanmar Ethnics Culture Fest) အမည်ဖြင့် ယခုလ စတုတ္ထပတ်အတွင်း ကျင်းပမည်ဖြစ်ရာ ပွဲတော်နှင့် စပ်လျဉ်းသည့် စာနယ်ဇင်း ရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဇန်နဝါရီ ၈ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး

ရန်ကုန်မြို့ ကျိုက္ကဆံ အားကစားကွင်း၌ ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကို ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူး မင်းဗညားစန်းက ပြောသည်။

ဓာတ်ပုံ – ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး

“ပွဲတော် ကျင်းပရေးအတွက် ကြိုတင် ပြင်ဆင်ထားမှု အခြေအနေတွေကို ကျွန်တော် ခု ဒီ (သတင်းစာရှင်းလင်းပွဲ)မှာ ရှင်းလင်းပြောကြားခဲ့တာပါ။ နိုင်ငံတစ်ဝန်းလုံး ဒေသအသီးသီး နေရာအနှံ့အပြားက တိုင်းရင်းသား ညီအစ်ကို မောင်နှမပေါင်းစုံ အားလုံး လာရောက်စေချင်ပါတယ်၊ ကျွန်တော်တို့အသင်းအနေနဲ့လည်း တိုင်းရင်းသား အားလုံးကို အထူးတလည် ဖိတ်မန္တက ပြုပါတယ်”ဟု မင်းဗညားစန်းက ဆိုသည်။

အဆိုပါပွဲတော်မှာ မြန်မာနိုင်ငံ၏ သမိုင်းတွင် ပထမဆုံး ပြုလုပ်သည့် တိုင်းရင်းသားများ၏ ပွဲတော်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုမှာ အလွန် အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဓာတ်ပုံ – ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး

ပွဲတော်တွင် တေးဂီတဖျော်ဖြေတင်ဆက်မှုများ၊ တိုင်းရင်းသားလူမျိုးစုတစ်စုချင်းစီ၏ အကအလှများ၊ တိုင်းရင်းသား အလှမယ်ရွေးချယ်ပွဲ “Miss Ethnic Myanmar 2019” ၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ရိုးရာဓလေ့ နေထိုင်မှု ပုံစံများနှင့် ရိုးရာအသုံးအဆောင် ပစ္စည်းများကို တစ်စုတစ်စည်းတည်း ဖော်ပြထားသည့် ပြခန်းများ၊ စီးပွားရေး လုပ်ငန်းရှင်များအတွက် မိမိတို့ ကုန်ပစ္စည်းများကို တစ်စုတစ်ဝေးတည်း တစ်နေရာတည်းတွင် ခင်းကျင်း ပြသ ရောင်းချ နိုင်သည့် Exhibition Booth များ၊ လူမျိုးဘာသာမရွေး စားသောက်နိုင်သည့် Ethnics Night Market ဈေးတန်းများ၊ ဈေးဆိုင်များ၊ အမှတ်တရ ဓာတ်ပုံရိုက်ရန်နှင့် မီးအလှများ စသည့်အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေး ဦးဆောင်သူများက ထုတ်ပြန်ထားသည်။

ပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ကျိုက္ကဆံ အားကစားကွင်းရှိ ပွဲတော်ဖျော်ဖြေရေးစင်မြင့်၌ ကျင်းပသွားမည်ဖြစ်သည်။ ပွဲတော်ကာလ ၆ ရက်စလုံးကို ဝင်ကြေး အခမဲ့ဖြင့် ဝင်ရောက် ကြည့်ရှုလေ့လာ ပျော်ရွှင်နိုင်မည်ဖြစ်ကြောင်း အထက်ပါအသင်း တာဝန်ရှိသူက ဆိုသည်။

ဟင်္သာ

Leave a Reply