Advertisements

မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိနှင့် တွေ့ဆုံခြင်း

“စည်ပင်သာယာကော်မတီကို မြန်မြန်မဖွဲ့တာကို ကျွန်မတို့ကလည်း မေ့မထားပါဘူး”

သုံးနှစ်နီးပါး သက်တမ်းရှိပြီဖြစ်သည့် မွန်ပြည်နယ်လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် အစိုးရ ကတိကဝတ် ဖော်ဆောင်မှု အခြေအနေ၊ စည်ပင်သာယာကော်မတီ ရွေးချယ်နိုင်ခြင်း မရှိသေးသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိနှင့် တွေ့ဆုံမေးမြန်းထားမှုများကို ဟင်္သာမီဒီယာက ဖော်ပြလိုက်ပါသည်။

ဟင်္သာမီဒီယာ။ ။ ဒီနှစ်မှာ မွန်ပြည်နယ် လွှတ်တော်အနေနဲ့ ဘာတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားလဲ။

ဒေါ်တင်အိ ။ ။ အခုဆို မွန်ပြည်နယ်လွှတ်တော်သက်တမ်းက သုံးနှစ်ပြည့်ခါနီးပါပြီ။ ၂ဝ၁၆ ဖေဖော်ဝါရီလက စပြီးတော့ ကျွန်မတို့ မွန်ပြည်နယ်လွှတ်တော်ကို တာဝန်ယူဆောင်ရွက်နေပါတယ်။ တာဝန်ယူဆောင်ရွက် နေစဉ်အတွင်းမှာပဲ ၂ဝ၁၇မှာ မွန်ပြည်နယ်လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းကို ကျွန်မတို့ရေးဆွဲလိုက်ပါတယ်။ သူရဲ့သက်တမ်းကတော့ ၂ဝ၁၇ ကနေ ၂ဝ၂၂ထိ ဖြစ်ပါတယ်။

ကျွန်မတို့ လုပ်ဆောင်သွားမယ့် မဟာဗျူဟာစီမံကိန်းက ရှိပြီးသားပါ။ အဲဒီမှာ ဘာတွေပါလဲ ဆိုတော့ မျှော်မှန်းချက် ရှိတယ်၊ ရည်မှန်းချက်၊ တန်ဖိုးထားမှုများရှိတယ်။ ရည်ရွယ်ချက်များရှိတယ်။ လုပ်ငန်းစဉ်များနဲ့ အထွေထွေ ဆိုပြီးတော့ ရေးဆွဲထားပါတယ်။

နိဒါန်းမှာဆိုရင် မွန်ပြည်နယ်လွှတ်တော်က လွှတ်တော်ရဲ့လုပ်ငန်းများ၊ တာဝန်များအောင်မြင်ထိရောက်စွာ အကောင်အထည်ဖော်နိုင်မှုတွေရယ်၊ မွန်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ကို ပံ့ပိုးပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ခိုင်မာအားကောင်းလာစေချင်အလိုဌာ မဟာဗျူဟာစီမံကိန်းကို ရေးဆွဲထားတယ်လို့ နိဒါန်းမှာ ဖော်ပြထားတယ်။ ကျွန်မတို့ရဲ့ မျှော်မှန်းချက်ကတော့ လွှတ်တော်ကို အများ ပြည်သူက ယုံကြည်အားထားမှုရှိပြီးတော့ ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာဖို့ မျှော်မှန်း တယ်။ တရားဥပဒေစိုးမိုးရေးရှိဖို့ရယ်၊သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိဘဲနဲ့ ရေရှည်စောင့်ကြည့် ထိန်းကျောင်းဖို့၊ ပြည်နယ်အတွင်းမှာရှိတဲ့လူနေမှုဘဝ တိုးတက်မှုကို အကောင်ထည်ဖော်ဆောင်ရွက်ပေးနိုင်တဲ့ လွှတ်တော် တစ်ရပ်ဖြစ်ဖို့ မျှော်မှန်းတယ်။

နောက်တစ်ခါ ကျွန်မတို့ရဲ့ ရည်မှန်းချက်ကတော့ ပြည်သူတစ်ရပ်လုံးကို ထိရောက်တဲ့ ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများရဲ့ အကောင်အထည်ဖော် ဆောင်ရွက်ချက်များ၊ ဘဏ္ဍာငွေ သုံးစွဲနေမှုများကို စောင့်ကြည့်ထိန်းကျောင်းခြင်းဆိုတာ လုပ်ဆောင်သွားဖို့ ရည်မှန်းထားတယ်။ တန်ဖိုးထားမှုမှာဆိုရင် မွန်ပြည်နယ်လွှတ်တော်က လွတ်လပ်ခြင်းရှိရမယ်။ တန်းတူညီမျှမှု ရှိမယ်။ ပွင့်လင်းမြင်သာမှုရှိမယ်။ သိက္ခာရှိမယ်။ ရိုးသားမယ်။ အပြန်အလှန်လေးစားမှုရှိမယ်။ တရားမျှတမှုရှိခြင်း၊ စုပေါင်းဆောင်ရွက်မှုရှိခြင်း၊ စွမ်းဆောင်ရည်ပြည့်ဝခြင်းဆိုတဲ့ ကျွန်မတို့ရဲ့ တန်ဖိုးထားမှုများကိုလည်း ဖော်ပြထား ပါတယ်။ ရည်ရွယ်ချက်များ အနေနဲ့ကတော့ ပြည်သူလူထုနဲ့ စဉ်ဆက်မပြတ် ထိတွေ့မယ်။

ထိတွေ့ဆက်ဆံခြင်းကနေ ကျွန်မတို့ ကိုယ်စားပြုခြင်းဆိုတဲ့ လွှတ်တော်ရဲ့ တာဝန်ကို ဆောင်ရွက်မယ်။ ဥပဒေပြုရေးနဲ့ လွှတ်တော်အစည်းအဝေးများရဲ့ အရည်အသွေးများ ပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်ထားပါတယ်။လွှတ်တော်ရေးရာကော်မတီများရဲ့ စွမ်းဆောင်ရေးကို မြှင့်တင်ပေးဖို့နဲ့ စောင့်ကြည့်ထိန်းကျောင်းခြင်းကိုလည်း ဆောင်ရွက်သွားဖို့ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များရော လွှတ်တော်ဝန်ထမ်းများရော လွှတ်တော်ကော်မတီများရဲ့ အရည်အသွေးမြှင့်တင်ဖို့ရည်ရွယ်ထားပါတယ်။ လွှတ်တော်ရဲ့ အဓိက တာဝန်ဖြစ်တဲ့ ဥပဒေပြုရေး၊ ပြည်သူ့အသံနားထောင်ရေး၊ အစိုးရရဲ့ ဒေသန္တရဖွံ့ဖြိုးရေး၊ ဘတ်ဂျက်သုံးစွဲမှုကို စောင့်ကြည့်ထိန်းကျောင်းခြင်းဆိုတဲ့ လုပ်ငန်းတာဝန်သုံးခုကို စဉ်ဆက်မပြတ်ဆောင်ရွက်နေတယ်။ လွှတ်တော်အစည်းအဝေးများ အရည်အသွေး ပိုမိုကောင်းမွန်လာဖို့၊ ဥပဒေကြမ်းရေးဆွဲရာမှာ ပြည်သူတွေရဲ့ သဘောထား အမြင်တွေကို ချပြမယ်။ ဥပဒေပြုရာတွင် ခေတ်နဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ဖျက်သိမ်းမယ်။ ခေတ်နဲ့ ညီတာတွေကို အတည်ပြုမယ်။ ထပ်ထည့်မယ်။ ပြင်ဆင်မယ်။ အသစ်ရေးဆွဲမယ်။ လွှတ်တော်ဝန်ထမ်း တွေရဲ့ စိတ်ဓာတ်မြင့်မားဖို့အတွက်လည်း ဆောင်ရွက်နေပါတယ်။ ကျွန်မတို့ ပြင်ဆင်ထားတာကတော့ တစ်နှစ်ပြီး တစ်နှစ်မဟုတ်ပါဘူး။ ၂ဝ၁၇ကနေ ၂ဝ၂၂ ထိ ကြိုတင်ပြင်ဆင်ထားပြီးသားပါ။

ဟင်္သာမီဒီယာ။ ။ ရေးရာကော်မတီတွေအနေနဲ့ ဘာတွေဆက်လက်လုပ်ဆောင်ဖို့ရှိလဲ။

ဒေါ်တင်အိ ။ ။ ကျွန်မတို့ မွန်ပြည်နယ်လွှတ်တော်မှာ ရေးရာကော်မတီ ရှစ်ခုရှိပါတယ်။ ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ၊ အဲဒီတော့ အဲဒီကော်မတီတွေက သက်ဆိုင်ရာ ပုံမှန်အစည်းအဝေးတွေခေါ်တယ်။ လိုအပ်တယ်ဆိုလို့ရှိရင် မြေပြင်ကွင်းဆင်းပြီးတော့ စုံစမ်းစစ်ဆေးတာတွေလုပ်တယ်။ ပြီးတော့မှ ကျွန်မတို့ သဘာဝသံံဇာတတွေ ဘယ်လောက်ထိ ပျက်စီးခဲ့သလဲ။ သဘာဝသယံဇာတတွေမှာ ပြည်သူတွေအနေနဲ့ ဘာတွေတင်ပြသလဲဆိုတာ ဆန်းစစ်လေ့လာတာကို ကော်မတီက လုပ်တယ်။ ဒီ ကော်မတီရှစ်ခုကတော့ သက်ဆိုင်ရာ ကော်မတီတွေကတော့ အမြဲတမ်း အစည်းအဝေးရှိတယ်။ လာမယ့်အပတ်မှာလည်း ကော်မတီအသီးသီးက ဒေသဆင်းမယ်။ မြို့နယ်ရုံးတွေကို သွားပြီးတော့မှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေက တိုင်စာတွေကို စုံစမ်းစစ်ဆေးတယ်။ ဒါကတော့ အမြဲတမ်းဆောင်ရွက်နေတာပါ။

ဟင်္သာမီဒီယာ။ ။ အစိုးရရဲ့ ကတိကဝတ်တွေက ဘယ်လောက်ရာခိုင်နှုန်းထိ လုပ်နိုင်ခဲ့ပြီလို့ ထင်လဲ။

ဒေါ်တင်အိ ။ ။ အစိုးရရဲ့ ကတိကဝတ်ကို စောင့်ကြည့်တဲ့နေရာမှာ ရာနှုန်းကတော့ ကျွန်မတို့ တွက်ချက်မထားပါဘူး။ ရာနှုန်းဘယ်လောက်ဆိုတာ မပြောဘူး။ ကျွန်မတို့ ကတိကဝတ်ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ လွှတ်တော်စုံညီအစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းမေးတယ်။ အစိုးရဝန်ကြီးကဖြေတယ်။ ဖြေတဲ့နေရာမှာ သူတို့ လွှတ်တော်မှာဖြေတဲ့အဖြေက မြေပြင်မှာ ဘယ်လောက်ထိ ပြီးမြောက်အောင် ဆောင်ရွက်ထားလည်းဆိုတာ သိအောင် ရေးရာကော်မတီအစည်းအဝေးတွေကို အပတ်စဉ်လုပ်ပါတယ်။

လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကို ဖိတ်ပြီးတော့ ကတိဝင်တဲ့ မေးခွန်းတွေကို အကုန်မေးပါတယ်။ အစိုးရဆောင်ရွက်ချက်တွေကို ရာနှုန်းနဲ့ မဖော်ပြဘူး။ ဘာလို့လဲ ဆိုတော့ အစိုးရက ကတိဝင်တဲ့ မေးခွန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်က ဘတ်ဂျက်ပေါ့။ဘတ်ဂျက်ကလည်း အခုတောင်း အခုကျတာမဟုတ်ဘူး။ ဥပမာ ၂ဝ၁၈-၁၉ဘတ်ဂျက်ဆို လျာထားချက်မှာပါရမယ်။ မပါဘူးဆိုရင် နောက်တစ်နှစ် အဲလို တောင်းဆိုရတာပေါ့။ အဲဒီတော့ အစိုးရရဲ့ ဆောင်ရွက်ချက်က မမြန်ဘူး။ ဘတ်ဂျက်စောင့်ရတဲ့အတွက်ပေါ့။ သိန်း ၁ဝဝ အထက်ဆို တင်ဒါခေါ်ရတယ်။ အဲဒါကြောင့် အစိုးရရဲ့ ဆောင်ရွက်ချက်ကို ကျွန်မအမြင်နဲ့ ပြောမယ်ဆို မမြန်ဘူးလို့ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဘတ်ဂျက်ကို မှီရတဲ့အတွက်၊ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ လုပ်အားကို ကြည့်ရတယ်။ ဘတ်ဂျက်ရယ်၊ နိုင်ငံဝန်ထမ်းတွေရဲ့ လုပ်အားတွေကို အစိုးရက စီမံခန့်ခွဲရတာပေါ့။ ဒီဖြစ်စဉ်က အဲအတိုင်းသွားတာပဲ ဒါကြောင့် အစိုးရရဲ့ ဆောင်ရွက်ချက်က မမြန်ပါဘူး။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်ရဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်လိုမြင်လဲ။

ဒေါ်တင်အိ ။ ။ မွန်ပြည်နယ်ရဲ့ တရားဥပဒေစိုးမိုးရေးက မွန်ပြည်နယ်တရားလွှတ်တော်ချုပ်ရှိမယ်။ ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးရှိတယ်။ ခရိုင်ကနှစ်ခု၊ မွန်ပြည်နယ် ဆယ်မြို့နယ်ရှိမယ်။ ဒါ့အပြင် တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးသားဖြစ်တယ်။ မကြာသေးခင်ကပဲ ဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့ကို ပြည်နယ်အဆင့် ဖွဲ့စည်းပြီးဖြစ်တယ်။ တရားဥပဒေစိုးမိုးရေးမှာက တရားစီရင်ရေးအာဏာသီးခြားရှိတယ်။ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်တဲ့နေရာမှာ ပြည်သူတွေအားလုံးက ပူးပေါင်းမှသာလျှင် တရားဥပဒေစိုးမိုးရေးက ပီပီပြင်ပြင်ဖြစ်လာမယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်ကြီး သုံးခုအဆင်ပြေချောမွေ့ဖို့က ပြည်သူတွေ ပူးပေါင်းပါဝင်မှ ရမယ်။ ပြည်သူတွေပါဝင်လာဖို့လိုတယ်။ တရားဥပဒေစိုးမိုးရေးက ပြည်နယ်မှမဟုတ်ဘူး၊နိုင်ငံတစ်ဝှမ်း စိုးမိုးနိုင်ဖို့ ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်မှ အဆင်ပြေမှာပါ။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်အချင်းချင်း ညီညွတ်မှုရှိလား။

ဒေါ်တင်အိ ။ ။ ကျွန်မ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအပါအဝင် တပ်မတော်သား ကိုယ်စားလှယ် ခုနစ်ဦး စုစုပေါင်း၂၂ဦးရှိပါတယ်။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ် ၂၂ဦးက သူ့အလုပ်သူလုပ်တယ်။ ဆယ်မြို့နယ်စလုံးမှာ သူ့မြို့နယ်မှာ သူဆောင်ရွက်တယ်။ နှစ်ပတ်တစ်ကြိမ် ကိုယ်စားလှယ် ၂၂ဦးတွေ့ဆုံတယ်။ ဆောင်ရွက်တဲ့လုပ်ငန်း ပေါင်းစပ်ညှိနှိုင်းတယ်။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ် ၂၂ယောက်လုံးက ရင်းနှီးမှုရှိတယ်။ အချင်းချင်းကြားမှာ ပွတ်တိုက်မှုမရှိပါဘူး။

ဟင်္သာမီဒီယာ။ ။ စည်ပင်ကော်မတီအသက်မဝင်သေးတာနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါဦး။

ဒေါ်တင်အိ ။ ။ စည်ပင်ဥပဒေကို ကျွန်မတို့ ၂ဝ၁၇ ဇွန်လကနေစပြီး ပြဋ္ဌာန်းခဲ့တယ်။ ဥပဒေတစ်ခုကို ကျွန်မတို့ ဥပဒေကြမ်းလုပ်တယ်။ ဆွေးနွေးတယ်။ ပြည်သူကို ချပြတယ် ၊အဆင့်ဆင့်လုပ်ပြီးမှ ကျွန်မတို့ ပြဋ္ဌာန်းတယ်။ ပြဋ္ဌာန်းပြီးသား ဥပဒေကို ကျွန်မတို့က အစိုးရထံကို ပို့တယ်။ ဝန်ကြီးချုပ်လက်မှတ်ထိုးတယ်။ စတင်အာဏာသက်ရောက်တယ်။ ဥပဒေပြဋ္ဌာန်းတဲ့ ပုဒ်မအလိုက် ဆောင်ရွက်ရမယ့်တာဝန်က အစိုးရရဲ့ တာဝန်ဖြစ်တယ်။ အုပ်ချုပ်ရေးနဲ့ စည်ပင်သာယာရေးအဖွဲ့ပေါ့။ နည်းဥပဒေအဆိုအတိုင်း လုပ်ထုံးလုပ်နည်းနဲ့ လုပ်ဖို့ကတော့ အစိုးရက လုပ်ဆောင်ရမှာဖြစ်တယ်။ သူတို့ကတော့ ရေးဆွဲနေတယ်ပြောတယ်။ ကျွန်မတို့လည်း စည်ပင်သာယာညွှန်မှူးရော ၊ဝန်ကြီးရော၊ လွှတ်တော်ကို ဖိတ်ကြားပြီး ကျွန်မတို့ ဆွေးနွေးပါတယ်။ သူတို့ကနေ ဆယ်မြို့နယ်လုံးမှာ စည်ပင်ကော်မတီဖွဲ့ဖို့ ဘတ်ဂျက်တောင်းခံနေတယ်။ ဘတ်ဂျက်ကို စောင့်နေပါတယ်။ သူတို့လည်း ဖွဲ့မှာပါ။ သူတို့က စည်ပင်သာယာကော်မတီကို မြန်မြန်မဖွဲ့တာကို ကျွန်မတို့ကလည်း မေ့မထားပါဘူး။ လိုအပ်ရင် လွှတ်တော်စုံညီအစည်းအဝေးမှာ မေးခွန်းမေးပါမယ်။

ဟင်္သာမီဒီယာ။ ။ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေနဲ့ စဉ်ဆက်မပြတ် ထိတွေ့နေတယ်ဆိုတာ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ဆောင်နေတာလဲ။

ဒေါ်တင်အိ ။ ။ သက်ဆိုင်ရာမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်က သူတို့မြို့နယ်မှာ သွားရောက်အလုပ်လုပ်ပြီးရင် နေ့စဉ်ရှိတဲ့ ရေးရာကော်မတီအစည်းအဝေးမှာ တင်ပြကြတယ်။ အဲကနေ ဥက္ကဋ္ဌကို တင်ပြတယ်။ ဥက္ကဋ္ဌကလည်း ဆောင်ရွက်စရာရှိရင် စည်ပင်ကဆောင်ရွက်ရမလား ၊လမ်းတံတားကဆောင်ရွက်ရမလား၊ ကျေးလက်ကဆောင်ရွက်ရမလားဆိုတာ သိရင် လွှတ်တော်ဥက္ကဋ္ဌက အစိုးရအဖွဲ့ကို အကြောင်းကြားစာပေးပို့တယ်။ အစိုးရအဖွဲ့နဲ့လည်း ညှိနှိုင်းဆောင်ရွက်ပါတယ်။ နောက်တစ်ခုက ပြည်သူဆီက တိုင်ကြားစာတွေပါ။ တိုင်စာတွေရောက်ရင် ၂၂ယောက်စုစည်းထားတဲ့ ကိုယ်စားလှယ်အားလုံးက ညှိနှိုင်းဆွေးနွေးကြတာပေါ့။ ပြည်သူ့အသံကို နားထောင်တာပေါ့။ နောက်ပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေက ကျေးရွာတွေထိဆင်းပြီး ပြည်သူတွေနဲ့ တွေ့ဆုံတယ်။ ပြည်သူ့အသံနားထောင်ကြတာပေါ့။

ဟင်္သာမီဒီယာ။ ။ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး လွှတ်တော်က ဘာတွေလုပ်ဆောင်တာရှိ
လဲ။

ဒေါ်တင်အိ ။ ။ လွှတ်တော်က တိုက်တွန်းတာပေါ့။ သဘာဝဘေးအန္တရာယ်ဖြစ်လာပြီဆိုရင် အစိုးရမှာက ဆောင်ရွက်ဖို့ ဘတ်ဂျက်ရှိတယ်။ သဘာဝဘေးဖြစ်လာရင် အစိုးရကအရင်ဆုံးသိတယ်။ အစိုးရကမသိလို့ လွှတ်တော်ကသိရင်လည်း အစိုးရဘက်ကို စာပေးပို့တယ်။ အဓိကကတော့ အစိုးရနဲ့ ဌာနဆိုင်ရာတွေက လုပ်ဆောင်ရမှာပေါ့။ လွှတ်တော်ကတော့ အလျဉ်းသင့်သလို ပါဝင်ပူးပေါင်းပါတယ်။ ရေဘေးတုန်းကလည်း ကျွန်မတို့ လွှတ်တော်ကလည်း နိုင်သလောက်ကူညီတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း နေ့နေ့ညည ရေဘေးဖြစ်တဲ့နေရာကို သွားတယ်။ ညအိပ်တယ်။ တတ်နိုင်သလောက် လုပ်ဆောင်ကြပါတယ်။

ဟင်္သာမီဒီယာ။ ။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ထိန်းသိမ်းတဲ့နေရာမှာ ဘယ်လို အခက်အခဲတွေရှိလဲ။

ဒေါ်တင်အိ ။ ။ ပြည်သူတွေကတော့ အမြန်ပြီးချင်တယ်။ ကိုယ်စားလှယ်ကလည်း ကတိဝင်ထားပြီးပြီ၊ မေးခွန်းမေးထားပြီးပြီလေ။ အစိုးရကလည်း ချက်ချင်းမှ မဆောင်ရွက်နိုင်တာ၊ ဘာကြောင့်လဲဆိုတော့ ဘတ်ဂျက်စောင့်မယ်။ သိန်း၁ဝဝ ကျော်ရင် တင်ဒါခေါ်မယ်။ သတင်းစာကနေ ကြေညာမယ်။ တင်ဒါဖွင့်ဖောက်မယ်။ အဲဒါတွေနဲ့ ချက်ချင်း မဆောင်ရွက်နိုင်ဘူး။ အဲဒီတော့ ကျွန်မတို့ ကိုယ်စားလှယ်တွေက မေးခွန်းမေးထားပြီးပြီ၊ သူတို့ကလုပ်ပေးမယ်ဆိုရင် ချက်ချင်းမပြီးဘူး၊ မမြန်ဘူးဆိုတော့ ပြည်သူတွေကို ဘယ်လိုနှစ်သိမ့်ရလည်းဆိုတော့ ဘတ်ဂျက်မကျသေးဘူး။ တင်ဒါခေါ်နေတုန်း အဲလိုနှစ်သိမ့်ရတာပေါ့။ ဒီသုံးနှစ်အတွင်းမှာတော့ ကျွန်မတို့ အစိုးရလုပ်ဆောင်ထားတဲ့ လမ်းတို့၊ လျှပ်စစ်မီးတို့၊ ရေရရှိရေးတို့ကတော့ တော်တော်လေး ထင်သာမြင်သာ ရှိလာပါတယ်။

ထိုက်ထိုက်၊ စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်