Advertisements

အိမ်တွင်းမှုလုပ်ငန်း ကဒတ်ခြောက် ဈေးကွက် ပိုမို တွင်ကျယ်လာ

သထုံ ဇန်နဝါရီ

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စုတွင် အိမ်တွင်းမှုလုပ်ငန်းအဖြစ် ကဒတ်ခြောက် ထုတ်လုပ်ရောင်းချခြင်းကို တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိကြောင်း တွေ့ရသည်။

“ငါးခြောက်လိုပဲပေါ့။ သူ့ကို မီးဖုတ်ပြီး ကြက်သွန်နဲ့ ဆီဆမ်းစားလို့လည်းရတယ်။ ကြော်စားလည်းရတယ်။ ခရမ်းချဉ်သီးနဲ့ ဆီပြန်နှပ်ချက် ချက်လို့လည်းရတယ်။ သက်သတ်လွတ် ဟင်းပေါ့”ဟု အလံတရာ ဝိဇ္ဇာ(၂)လမ်းနေ ဒေါ်တင်အောင်က ညွှန်းဆိုသည်။

အဆိုပါကျေးရွာအုပ်စု သာယာကုန်းရွာ အလံတရာစေတီအနီး ဗြဟ္မာရပ်ကွက်၊ ဝိဇ္ဇာရပ်ကွက်နှင့် အောင်သာယာရပ်ကွက်တို့ရှိ အိမ်ရှင်မများ အများစုမှာ အိမ်နေရင်း မိသားစုအပိုဝင်ငွေ ရှာမှီးသည့် သဘော အစပြုလုပ်ကိုင်ရာမှ ယင်းသို့ တွင်ကျယ်လာခြင်းဖြစ်ကြောင်း ကာယကံရှင်တို့က ပြောသည်။

“ကဒတ်ဥတူးသူတွေအပေါ်မှာ မူတည်တာပေါ့။ သူတို့တူးလို့ရရင် ရသလောက် ကျွန်မတို့ကလည်း တစ်နေ့ကို ၂ပိဿာ ၃ပိဿာကနေ ၄ပိဿာ ၅ပိဿာလောက် အခြောက်လုပ်လို့ရတယ်။ ဖေါက်သည်ဈေးက ၁ပိဿာ ၂၅၀၀ ၃၀၀၀ရှိတယ်။ ဆိုင်ဈေးက ၄၀၀၀၊ ၄၅၀၀။ အိမ်နေရင်း လှူဖို့ စားဖို့အတွက် ငွေပိုရတာပေါ့”ဟု အောင်သာယာရပ်ကွက်နေ ဒေါ်ခင်သန်းက ပြောသည်။

တောတောင်တွင် သဘာဝအလျောက် အလေ့ကျပေါက်သော ကဒတ်ပင်၏ဥကို တူးယူကာ အခြောက်လှမ်းထားခြင်း ဖြစ်သည်။ ဖေါက်သည်သွင်းဈေးမှာ ၁ပိဿာလျှင် ကျပ်၂၅၀၀ မှ ၃၀၀၀ ထိ ပေါက်ဈေးရှိသည်။ လက်လီ ဆိုင်ဈေးမှာ ကျပ် ၄၀၀၀မှ ၄၅၀၀ကျပ်ရှိနေကြောင်း သိရသည်။

ကဒတ်ဥများကို ယခင်က အလံတရာတောင်ခြေအနီးတစ်ဝိုက်တွင် ရှာဖွေတူးယူနိုင်သော်လည်း ယခုမူ ထုံးဘို၊ ဝီယော စသည့်ရွာများဘက်တိုင် သွားရောက်တူးဖော်ကြသည်။ အချို့မှာ ဆိုင်ကယ်ဖြင့် နံနက်စောစော ထမင်းထုပ်ယူဆောင်ကာ တစ်နေကုန် သွားရောက် တူးဖော်နေကြသည်ဆို၏။

တူးဖော်သူများက တစ်နေ့လျှင် ကဒတ်ဥ ပိဿာချိန် ၂၀ မှ ၃၀ခန့်ထိ ရတတ်ကြောင်း၊ ဥ အချိန် ၁၀လျှင် ကဒတ်ခြောက် ၂ ပိဿာခွဲခန့် ထွက်ရှိကြောင်း ဒေသခံလုပ်ကိုင်သူများက ဆိုသည်။

ကဒတ်ဥကို ၁ပိဿာလျှင် ၂၅၀ကျပ်နှုန်း ဝယ်ယူရပြီး အခွံကြမ်း အမွေးအမျှင်များကို ဓါးဖြင့် ရှင်းလင်းသုတ်သင်ရသည်။ ပြီးနောက် စဉ့်နှီးတုံးပေါ်တွင် ထုရိုက်ချေမွကာ အပြားခတ်ရသည်။ ယင်းနောက် ဓါးဖြင့် စဉ်းရပြန်သည်။ ညက်သွားသော ကဒတ်ဖတ်များကို ဖြန့်ခင်းကာ နေပူလှန်းကြရသည်။

အဆင့်ဆင့် လုပ်ကိုင်ကြရပြီးနောက် ကုန်ချောအဆင့်တွင် ၅၀ ကျပ်သား(ပိဿာဝက်)အစည်းများအဖြစ် နှီးဖြင့် တုပ်စည်းကာ ဖောက်သည်များထံ တင်ပို့ကြသည်။

ကဒတ်ခြောက်ဈေးကွက်မှာ အလံတရာစေတီဈေးအပြင် ကျိုက်ထီးရိုး၊ သာမည အစရှိသည့် ဘုရားဖူးခရီးသွားဧည့်သည်များ သွားလာစည်ကားရာ ဒေသများ၌ တွင်ကျယ်စွာ အရောင်းအဝယ်ဖြစ်နေကြသည်။

ယင်းကို ငါးခြောက်သဖွယ် စားသုံးလာကြသလို အစားထိုးအစားအစာ၊ သက်သတ်လွတ် ဟင်းလျာတစ်မျိုးအဖြစ်လည်း မှီဝဲနိုင်သဖြင့် မွန်ပြည်နယ်ဘက်သိုူ့ ခရီးလမ်းပန်း ကြုံကြိုက်သည်နှင့် အမှတ်တရ ဝယ်ယူလေ့ရှိကြကြောင်း လက်ဆောင်ပေးကမ်းရန် ဝယ်ယူလေ့ရှိကြကြောင်း ရန်ကုန် ထောက်ကြံ့မြို့နယ်နေ ယာဉ်မောင်း ကိုလှစိုးက ပြောသည်။

စောပဏ်(ဖူးငုံရတနာ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်