Advertisements

ရော်ဘာ ကုန်ချောထုတ်လုပ်ရန် လိုအပ်ချက် ရှိနေ

 

မော်လမြိုင် ဇန်နဝါရီ

မွန်ပြည်နယ်ထွက် ရော်ဘာများကို ကုန်ချောအဆင့်ထိ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်ချက် များစွာ ရှိနေသေးကြောင်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်း ဥက္ကဌ နိုင်ကျန်ရစ်က ပြောကြားသည်။

“အဆင့်မြင့်ကုန်ချောကတော့ မထုတ်နိုင်သေးဘူး၊ လိုအပ်ချက်တွေရှိနေသေးတယ်လေ၊ တကယ့် ရော်ဘာကနေ စက်မှုကုန်ချောတွေ ထုတ်နိုင်ဖို့ဆို နည်းပညာနဲ့ အရင်းအနှီးတွေ အများကြီး လိုအပ်နေသေးတယ်”ဟု ၎င်းက ပြောသည်။

ထွက်ရှိသောရော်ဘာများကို စက်မှုကုန်ချော နှင့် အဆင့်မြင့် ကုန်ချောပစ္စည်း ထုတ်လုပ်ရန် လုပ်ငန်းရှင်များတွင် နည်းပညာအကူအညီနှင့် ငွေကြေးအရင်းအနှီး လိုအပ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်ရော်ဘာလုပ်ငန်းရှင်အသင်း အနေဖြင့် ရော်ဘာအထွက်နှုန်းတိုးတက်လာစေရန် နှင့် အရည်အသွေးပြည့်မီသော ရော်ဘာထွက်ရှိစေရန်အတွက် အဓိက လုပ်ဆောင်နေကြောင်း၊ ရော်ဘာပင်အိုပင်ဟောင်းများကို ခုတ်ပစ်ကာ ကိုင်းဆက်အပင်များကို စိုက်ပျိုးကြရန် တိုက်တွန်းကြောင်း ၎င်းက ပြောသည်။

ထွက်ရှိလာသော ရော်ဘာများကို အဆင့်မြင့်ရာဘာပြားအဖြစ် ပြန်လည်ထုတ်လုပ်နိုင်ရန်အတွက် အသင်းအနေဖြင့် အကောင်းဆုံး ကြိုးစားဆောင်ရွက်နေပြီး ပြည်နယ်အစိုးရဘက်မှ ထောက်ပံ့မှု၊ ပူးပေါင်းပါဝင်မှု မရှိသေးကြောင်း ဆက်လက်ပြောသည်။

ရော်ဘာအရည်အသွေးကောင်းထုတ်လုပ်ရန် အရင်းနှီးမရှိသောကြောင့် ရော်ဘာဈေးကောင်းရရှိစေရန် အချိန်ပေးကာ အကောင်းဆုံး လုပ်ဆောင်နေရကြောင်း ရေးမြို့နယ်မှ ရာဘာခြံပိုင်ရှင် မိအေးကြည်က ပြောသည်။

“ရော်ဘာဈေးကတော့ ပြန်တက်မလာတာ့ဘူး၊ ကျပဲကျနေတာပဲ၊ ရော်ဘာပြားလုပ်ရောင်းတာ အရည်သွေးမမီလို့ ဈေးနည်းတယ်၊ အဲတော့ ဈေးကောင်းရအောင် လူရော၊ အချိန်ရော ပေးပြီး အကောင်းဆုံး လုပ်နေကြတာပါပဲ”ဟု ၎င်းက ပြောသည်။

ရော်ဘာကိုင်းဆက်ပျိုးပင်များ ပြောင်းလဲစိုက်ပျိုးရန်နှင့် အရည်အသွေးမြင့်ရော်ဘာ ထွက်ရှိစေရန်အတွက် ငွေအရင်းအနှီးလိုအပ်သောကြောင့် ချေးငွေ ပေးစေလိုကြောင်း ဆက်လက်ပြောသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်