Advertisements

အနာကြီးရောဂါ တိုက်ဖျက်ရေး စီမံချက်များ ချမှတ်ရန် လို

 

မော်လမြိုင် ဇန်နဝါရီ

မော်လမြိုင် ခရစ်ယာန် အရေပြားအထူးကုဆေးရုံသို့ နှစ်စဉ်ရောက်ရှိလာသော အနာကြီးရောဂါ လူနာအသစ် သိသာစွာ လျော့ကျခြင်း မရှိသေးကြောင်း ယင်းဆေးရုံစာရင်းများအရ သိရသည်။

အနာကြီးရောဂါသည် လျော့ကျရန် ထိရောက်သော စီမံချက်များဖြင့် တက်တက်ကြွကြွ ပြန်လည်လုပ်ဆောင်ရန်လိုသည်ဟု ယင်း ဆေးရုံအုပ် ဒေါက်တာချမ်းလွင်က ဆိုသည်။

“ဒီလိုပဲ ပုံမှန်သွားနေရင် ဒီနှုန်းအတိုင်းပဲသွားနေမှာပဲ။ ၂ နှစ် ၃ နှစ် ဆက်တိုက်လုပ်လိုက်ရင် လူနာအသစ်ထွက်တာ လျော့သွားမှာပေါ့” ဟု ၎င်းက ပြောသည်။

၂ဝဝဝ ခုနှစ်တွင် အဆိုပါဆေးရုံသို့ အနာကြီးရောဂါ လူနာအသစ် ၁၅ဝ ရောက်ရှိခဲ့ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းလျော့ကျလာကာ ၂ဝ၁ဝ ပြည့်နှစ်တွင် ၃၆ ဦးသာရှိခဲ့သည်။

သို့သော် ၂ဝ၁၁ ပြည့်နှစ်တွင် ၆၁ ဦးအထိ ရုတ်တရက် ပြန်လည်မြင့်တက်လာပြီး၊ ၂ဝ၁၂ တွင် ၆၄ ဦး၊ ၂ဝ၁၃ တွင် ၆၈ ဦး၊ ၂ဝ၁၄ တွင် ၇ဝ ၊ ၂ဝ၁၅ တွင် ၇၆ ဦး၊ ၂ဝ၁၆ တွင် ၆၄ ဦး၊ ၂ဝ၁၇ ခုနှစ်တွင် ၆၃ ဦးနှင့် ၂ဝ၁၈ တွင် ၆၁ ဦးရှိခဲ့ကြောင်း ဆေးရုံမှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံသည် ၂ဝဝ၃ ခုနှစ်မှစ၍ လူဦးရေတစ်သိန်းလျှင် အနာကြီးရောဂါသည် တစ်ယောက်နှုန်းအောက် လျော့ကျရေး ပန်းတိုင်သို့ ရောက်ရှိသွားသဖြင့် လှုံ့ဆော်မှုများ၊ စီမံချက်များ ရပ်ဆိုင်းလိုက်ပြီး ပုံမှန်ဆေးကုသခြင်းကိုသာ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“ပုန်းလျှိုနေတဲ့လူနာတွေ ရှိနေမှာကို စိုးရိမ်တယ်။ အခု ဆေးရုံကပဲ လက်ခံရတာလေ။ ဆေးရုံဝန်ထမ်းကိုယ်တိုင် သွားရှာဖို့ အခွင့်ကမသာဘူး” ဟု ယင်း ဆေးရုံ သူနာပြုအုပ် ဒေါ်နီနီသိန်းက ဆိုသည်။

လူနာရှာဖွေရာတွင် ရပ်ရွာ၏တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများနှင့် အာဏာပိုင်များ၏ အခန်းကဏ္ဍသည် အရေးကြီးဆုံးဖြစ်ကာ ရောဂါဖြစ်ဖြစ်ချင်းရှာဖွေနိုင်မှသာ အဆောတလျင် ကုသမှုခံယူနိုင်ပြီး နောက်ဆက်တွဲ ခြေလက်အင်္ဂါဆုံး ရှုံးမှုများ၊ အတူနေမိသားစုထံ ကူးစက်မှုနှုန်းများ လျော့နည်းသွားမည်ဟုဆိုသည်။

၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာတစ်ပြည်လုံး၌ အနာကြီးရောဂါ လုံးဝပပျောက်ရေးအတွက် အစိုးရက ပန်းတိုင်ချမှတ်ထားသည်ဟု ၎င်းကဆက်ပြောသည်။

“ပန်းတိုင်ရောက်ဖို့အတွက် အနာကြီးရောဂါ ကျွမ်းကျင်ဝန်ထမ်းတွေ အများကြီးထုတ်ပေးဖို့လိုမယ်။ တကယ်ဝေးလံခေါင်ဖျားတဲ့နေရာတွေကို သွားနိုင်ဖို့ ကွင်းဆင်းတဲ့ဝန်ထမ်းတွေ အများကြီးလိုတယ်” ဟု၎င်းကဆိုသည်။

လက်ရှိတွင် မော်လမြိုင် ခရစ်ယာန်အရေပြားအထူးကုဆေးရုံ၌ အနာကြီးရောဂါသည် အတွင်းလူနာ ၆၅ ဦးရှိပြီး လာရောက်ပြသသော လူနာအသစ်များမှာ မွန်၊ ကရင်၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှဖြစ်သည်။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်