Advertisements

MIC ခွင့်ပြုထားသော ပြည်နယ်အတွင်းရှိ လုပ်ငန်းများ လွှတ်တော် စိစစ်မှု စတင်

မော်လမြိုင် ဇန်နဝါရီ
မွန်ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၏ ခွင့်ပြုမိန့်ဖြင့် အကောင်အထည်ဖော်နေသော စီမံကိန်းလုပ်ငန်းများနှင့် ကုမ္ပဏီများကို ပြည်နယ်လွှတ်တော်က လေ့လာ စိစစ်တော့မည်ဖြစ်ကြောင်း ပြည်နယ် လွှတ်တော် ဒု ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။
ဇန်နဝါရီ ၁၁ ရက်က ပြည်နယ် လွှတ်တော်ရုံးခန်းမ၌ ယင်းလုပ်ငန်း လုပ်ဆောင်မည့်အကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများအား တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
MIC ခွင့်ပြုမိန့်ဖြင့် အကောင်အထည်ဖော်နေသည့် ကုမ္ပဏီတချို့သည့် လုပ်ငန်းဖော်ဆောင်ရာတွင် ဒေသခံပြည်သူများနှင့် ချပြဆွေးနွေးညှိနှိုင်း၍ ဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် ပြည်နယ်အတွင်း အခက်အခဲများ ကြုံတွေ့နေရသဖြင့် စိစစ်ရန် ယခုလို စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ပြည်နယ်အတွင်းက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေက ဒေသခံတွေနဲ့ အဆင်မပြေတာတွေ တွေ့နေရတယ်၊ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ အားလုံးနဲ့ ပူးပေါင်း အဖြေရှာသွားမယ်”ဟု ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။
ထိုစိစစ်မှုကို မွန်ပြည်နယ် ပြည်သူ့ ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီက ဦးဆောင်၍ လေ့လာစိစစ်သွားမည်ဖြစ်သည်။
ယင်းအခြေအနေနှင့် ပတ်သက်ပြီး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိသောလုပ်ငန်းဖြစ်စေရန်၊ ကုမ္ပဏီနှင့် ဒေသခံပြည်သူများအကြား ပဋိပက္ခအသွင်မရှိဘဲ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်ရန် နှင့် MIC ခွင့်ပြုမိန့်အတိုင်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်စေရန် ဖြစ်သည်ဟု ဆိုသည်။
ကော်မတီအနေဖြင့် စီမံကိန်း လုပ်ငန်း လေ့လာခြင်းကို ၂ဝ၁၈ နိုဝင်ဘာမှ ၂ဝ၁၉ ဖေဖော်ဝါရီအတွင်း ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောသည်။
ကော်မတီအနေဖြင့် စီမံကိန်းလုပ်ငန်းများ လေ့လာပြီးနောက် လက်ရှိ အကောင်အထည်ဖော်မှုအပေါ် သုံးသပ်ခြင်းနှင် ရှေ့လုပ်ငန်းစဉ်အတွက် အကြံပြုချက်များကို လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့သို့ ပေးပို့သွားမည် ဖြစ်ကြောင်း ဦးအောင်ကျော်သူက ဆိုသည်။
စီမံကိန်းလုပ်ငန်းများ လေ့လာရာတွင် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီး အချက်အလက် တောင်းခံခြင်းများ ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။
ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်