Advertisements

ပုစွန်ကို ပြည်ပဈေးကွက်ထိ တင်ပို့နိုင်ရန် ကြိုးပမ်းမည်

ဓာတ္ပံု - အင္တာနက္

မော်လမြိုင် ဇန်နဝါရီ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ခရိုက်နီဟု ကျေးရွာတွင် မွေးမြူလုပ်ကိုင်နေသော ပုစွန်များကို မော်လမြိုင်ဈေးကွက်သို့တင်ပို့ရောင်းချနေပြီး ပြည်ပဈေးကွက်အထ တင်ပို့နိုင်ရန်အတွက်လည်း ကြိုးပမ်းနေကြောင်း ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

“မွေးမြူထားတဲ့ ပုစွန်တွေကို အခု မော်လမြိုင်ဈေးကွက်ကို တင်ပို့ရောင်းချနေတယ်၊ အဲဒီကနေ တစ်ဆင့် ပြည်ပနိုင်ငံတွေကိုပါထိုးဖောက်နိုင်ဖို့အတွက် ကြိုးစားနေတယ်၊ မွေးမြူရေးကန်တွေကိုလည်း ဆက်တိုးချဲ့သွားဖို့ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ပုစွန်စိုက်ပျိုးရန် မြေဧက ၂ဝဝ ဝယ်ယူထားသော်လည်း လက်ရှိတွင် မြေ ၅ဧက၌ တစ်ဧက ကန် ၂ ကန် နှင့်် နှစ်ဧက ကန် ၁ကန်ကို စမ်းသပ်မွေးမြူနေပြီး ဈေးကွက်အတွင်း တစ်ပိဿာ ၉ဝဝဝ ကျပ် ပေါက်ဈေးရနေကြောင်း ဆက်လက်ပြောသည်။

ပုစွန်တစ်ကန် ဖော်နိုင်ရန်အတွက် ၂လနှင့် ၅ရက်ခန့်ကြာပြီး ကန်ဖော်ပြီးပါက ၆၅ကျပ်သားရှိသော ပုစွန်များ ရရှိကြောင်း ထပ်မံပြောသည်။

ပုစွန်မျိုးပေါက်ကို ထိုင်းနိုင်ငံမှ မှာယူထားပြီး စက်ပစ္စည်းနှင့်ကျွမ်းကျင်ပညာရှင်များကို အိန္ဒိယမှ မှာထားကြောင်း ဖြည့်စွက်ပြောသည်။

မွေးမြူရေးကန်တွင် အလုပ်လုပ်ကိုင်ရန်အတွက် ဒေသခံများကို ခေါ်ယူမည်ဖြစ်သောကြောင့် ဒေသခံ ၂ဝဝကျော် အလုပ်အကိုင်ရရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်း တိုးတက်လာစေရန်၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများ ရရှိလာမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ဒေသခံများအနေဖြင့် ပုစွန်မွေးမြူရေးလုပ်ကိုင်လိုပါက လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး နည်းပညာများကိုလည်းကူညီပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

ပုစွန်နှင့် ကဏန်းမွေးမြူရေးလုပ်ကိုင်ရန်အတွက် ၂ဝ၁၇ခုနှစ်မှ စတင်ကာ လုပ်ဆောင်ခဲ့သော်လည်း ကဏန်းမွေးမြူရေး မအောင်မြင်ခဲ့သောကြောင့် ပုစွန်မွေးမြူရေးကိုသာ အားစိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းထပ်မံပြောသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်