Advertisements

သက်ကြီးမိုးစပါးစိုက် တောင်သူအချို့ အပျက်အစီးကြုံရ

ချောင်းဆုံ ဇန်နဝါရီ

ချောင်းဆုံမြို့နယ် ကွမ်ရိုက် ၊ ကသာ နှင့် ဒရယ် ကျေးရွာကွင်းမှ တောင်သူအချို့၏ သက်ကြီးမိုးစပါးစိုက်ခင်းများ ယခု မိုးစပါးရိတ်သိမ်းချိန်တွင် အပျက်အစီးများရှိခဲ့ကြောင်း ဒေသခံတောင်သူများက ပြောသည်။

အဆိုပါကွင်းများမှ လယ်ဧက ၃၀၀ နီးပါးမှာ အပျက်အစီးများရှိခဲ့ကြောင်း၊ စပါးအထွက်နှုန်းအနေဖြင့်လည်း ယခင်နှစ်ထက် လျော့နည်းခဲ့ကြောင်း ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက ပြောသည်။

“ဒီနှစ်မှာ မိုးပြတ်စောခဲ့တဲ့အတွက် အထူးသဖြင့် သက်ကြီးစပါးဖြစ်တဲ့ နေပြည်တော်မွေးစိုက်ခင်းက အောင်ရေ အလုံအလောက် မရရှိခဲ့တဲ့အတွက် အပျက်အစီးတွေ ဖြစ်ခဲ့တယ်” ဟု ကွမ်ရိုက်ကျေးရွာကလယ်သမားဦးနိုင်က ဆိုသည်။ မရိတ်သိမ်းလိုက်ရသည့် လယ်သမားအချို့ပင် ရှိခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ရိတ်သိမ်းပြီးသောတောင်သူများမှာလည်းစပါးအထွက်နှုန်းများ လျော့နည်းနေကြပြီး အချို့မှာ ၁ ဧကလျှင် တင်း ၂၀ ကျော်သာရရှိကြောင်း၊ သို့ဖြစ်၍ ဘဏ်မှ ချေးယူထားသော စိုက်ပျိုးစရိတ်ငွေ ပြန်လည်ပေးဆပ်ရန်ပင် ရှာဖွေရမည့် အနေအထားဖြစ်နေကြောင်း အဆိုပါကွင်းမှ လယ်သမားဦးမောင်ရီက ဆို၏။

“ဘီလူးကျွန်းမှာ ဒီကွင်းတွေကအခြားကွင်းတွေနဲ့စာရင် စပါးအရည်အသွေးလည်းကောင်းတယ် ။ ဈေးလည်းပို ရတယ် ။ ဒီနှစ်မှာစပါးဝယ်ယူသိုလှောင်ချင်တဲ့သူရှိပေမဲ့ စပါးအထွက်လျှော့နည်းနေတဲ့အတွက်ရောင်းဖို့စပါး လည်းနည်းနေတယ် ။ စပါးမရိတ်လိုက်ရတဲ့ တံစဉ်လွတ်လယ်တွေလည်း ရှိတယ်”ဟု နယ်ခံ လယ်သမား ဦးညီလွင်က ဆိုသည်။

စပါးတင်း၁၀၀အတွက် ဒေသပေါက်ဈေးမှာ ဆန်ချောအုပ်စု ၁၄ သိန်းမှ ၁၆ သိန်း ၊ ဆန်ကြမ်းအုပ်စု ၈ သိန်းရှိနေသည်။

စပါးအရည်အသွေးနှင့် တင်းတောင်းအရွယ်အစားအပေါ် မူတည်လျက် ဈေးနှုန်းကွာခြားချက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။

အဆိုပါကွင်းများတွင် ရေငန်ဝင်ရောက်ခြင်း ၊ လုံလောက်သောမိုးရေချိန်မရရှိခြင်းတို့ကြောင့် ယင်းသို့ အပျက်ကြုံရကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သုံးသပ်သည်။ စပါးပျက်စီးမှုစာရင်းများကို ဌာနသို့ တင်ပြထားခြင်းမရှိဟု ဆို၏။ ဌာနအနေဖြင့် အဆိုပါကွင်းမှတောင်သူများထံ စိုက်ပျိုးရာသီက စိုက်ပျိုးနည်းပညာဆိုင်ရာ ကွင်းဆင်း ဆောင်ရွက်မှု ပေးခဲ့ကြောင်း၊ ရာသီဥတုကြောင့် ယင်းသို့ဖြစ်ရကြောင်း သုံးသပ်ပြောဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်