Advertisements

လိမ်လည်ပြီး လုပ်သားပို့ဆောင်သော အေဂျင်စီများကို အရေးယူပေးရန် ဆန္ဒထုတ်ဖော်

မြဝတီ ဇန်နဝါရီ
ထိုင်းနိုင်ငံအတွင်း သုံးလကြာ အလုပ်မရဘဲ နေရပ်သို့ ပြန်ရောက်လာသူ အလုပ်သမားများက ထိုင်း – မြန်မာ နယ်စပ် မြဝတီမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အေဂျင်စီများ၏ လိမ်လည်လှည့်ဖျားမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများ သိရှိစေရန်ဟူ၍ မြဝတီသို့ ပြန်လည်ရောက်ရှိလာသူ အလုပ်သမား ၂၇ ဦးအပြင် အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူ မြို့ခံများကပါ တရားဝင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ဇန်နဝါရီ ၉ ရက် နံနက် ၁၁ နာရီခွဲထိ စုရုံးလှုပ်ရှားသော အဆိုပါဆန္ဒပြပွဲတွင် MoU စနစ်ကို လက်တစ်လုံးခြား လိမ်လည်ပို့ဆောင်နေကြသော ပြည်ပအလုပ်အကိုင် ရှာဖွေပို့ဆောင်ရေး အေဂျင်စီနှင့် ပွဲစားများကို ထိရောက်စွာ အရေးယူပေးရန် ဟူ၍ ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။ ဆန္ဒဖော်ထုတ်မှုကို မြို့နယ် ရဲတပ်ဖွဲ့က လိုက်လံစောင့်ကြပ်ခဲ့ကြောင်း သိရသည်။
ထိုင်းသို့ သွားရောက်၍ အလုပ်လုပ်ကိုင်ရန် ရောင်ဝါဦးကုမ္မဏီက MoU စနစ်ဖြင့် ပို့ဆောင်ခဲ့သော မြန်မာရွှေ့ပြောင်း လုပ်သား ၂၇ ဦးတို့မှာ ငွေကျပ် ၁၀ သိန်းကျော်စီ အကုန်ကျခံကာ သွားရောက်ခဲ့သည့်တိုင် တစ်ဖက်နိုင်ငံ၌ သုံးလကြာမြင့်ခဲ့သော်လည်း အလုပ်အကိုင် မရရှိခြင်းကြောင့် နေထိုင်မှု၊ စားသောက်မှု ကိစ္စအဝဝ၌ အခက်ကြုံကာ မြန်မာဘက်ခြမ်း နယ်စပ်မြို့ မြဝတီသို့ပြန်လည်ရောက်ရှိလာခဲ့ကြသည်ဟု ဆန္ဒထုတ်ဖော်သူတို့က ဆို၏။
စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရာတွင် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် မြစန္ဒီပန်းခြံ၌ စုဝေးကာ ဘုရင့်နောင်လမ်းမကြီးအတိုင်း ချစ်ကြည်ရေးတံတားဘက်သို့လည်းကောင်း၊ ဘုရင့်နောင်လမ်းမကြီးမှ ဗန္ဓုလလမ်း၊ ဗိုလ်ချုပ်လမ်း၊ အောင်ဇေယျလမ်းအတိုင်းလည်းကောင်း စုဝေးချီတက်ခဲ့ကြသည်။
ကြွေးကြော်သံများအနေဖြင့် ‘MoU စနစ်ကို ခုတုံးလုပ်၍ လိမ်လည်နေသော အေဂျင်စီများအလိုမရှိ’ ၊ ‘အဂတိလိုက်စား အကျင့်ပျက် ဝန်ထမ်းများအား ထိရောက်စွာ အရေးယူပေးရေး’ ၊ ‘အလုပ်မရှိဘဲ လိမ်ညာပို့ဆောင်သော ရောင်ဝါဦးကုမ္မဏီအား အရေးယူပေးရေး’ စသဖြင့် ကြွေးကြော်ခဲ့ကြသည့်အပြင် ‘MoU စာချုပ်ဖြင့် ပို့ဆောင်သော ရွှေ့ပြောင်းလုပ်သားများကို လက်ဆင့်ကမ်း ရောင်းစားသည့် အေဂျင်စီများအား ဆန့်ကျင်ကြ’အစရှိသည့် ဗီနိုင်းစာသားများ ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ ဆုလာဘ်(မြဝတီ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်