Advertisements

စပ်ဆေးများကြောင့် ပြည်သူများ နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်နေ

မော်လမြိုင် ဇန်နဝါရီ
စပ်ဆေးများ၏ ဘေးထွက်ဆိုးကျိုးကြောင့် အခြေခံလူတန်းစားများ ကျန်းမာရေးဆိုင်ရာ ပြဿနာ ထုထည်ကြီးမားနေသည်ဟု မွန်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်ကပြောသည်။
၎င်းတို့၏ ဝင်ငွေနှင့် ချိန်ဆပါက စပ်ဆေးများမှာ ဈေးပေါသည့်အတွက် အဆင်ပြေသည်ဟု ယူဆရသော်လည်း တစ်ကြိမ်တစ်ခါ မဟုတ်ဘဲ အမြဲတမ်း သုံးစွဲခြင်းဖြစ်သောကြောင့် ကျန်းမာရေးကို များစွာထိခိုက်စေသည်ဟု ၎င်းကပြောသည်။
“ဒီစပ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို အခြေခံလူတန်းစားတွေ ခံစားနေရတယ်။ အဲဒီဘေးထွက်ဆိုးကျိုးကနေ ဖြစ်ပေါ်လာတဲ့ ခံစားမှုတွေကြောင့် သူတို့ရဲ့ မိသားစု ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေက ထုထည်အကြီးကြီးဖြစ်နေတယ်” ဟု ၎င်းကပြောသည်။
သာမန်အားဖြင့် ပြဿနာမရှိဟု ယူဆရသော်လည်း မမြင်နိုင်သည့် နောက်ဆက်တွဲ ရောဂါများကို ခံစားရပြီး တစ်နိုင်ငံလုံး ထိခိုက်မှုရှိနေသည်ဟုဆိုသည်။
ဆေးဆိုင်များ စပ်ဆေးရောင်းချခြင်းနှင့် ပတ်သက်၍ “ဒါဟာ တရားမဝင် ဆေးကုတယ်လို့ယူဆလို့ရတယ်။ ပုဂ္ဂလိက ကျန်းမာရေးဥပဒေနဲ့လည်းငြိတယ်။ အမျိုးသား ဆေးဝါးဥပဒေနဲ့လည်းငြိတယ်” ဟု ၎င်းကဆက်ပြောသည်။
စပ်ဆေးများကို ဝင်ရောက်စစ်ဆေးရာတွင် သံသယအားဖြင့်သာ စစ်ဆေးရပြီး ဆေးဆိုင်များမှာ တစ်ဆိုင်ဝင်စစ်လျှင် အခြားဆိုင်များက သတင်းရကာ ရှောင်တိမ်းမှုများရှိသဖြင့် ဖမ်းဆီးရာတွင် အခက်အခဲရှိနေသည်ဟု ၎င်းကဆိုသည်။
၂ဝ၁၈ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် ဆေးဆိုင်ပေါင်း ၁၄၆ ဆိုင်အား ပုံမှန်ကွင်းဆင်း စစ်ဆေးခဲ့ရာ စပ်ဆေး ဆေးဝါးမှတ်ပုံတင်မပါသည့်ဆေးနှင့် တိုင်းရင်းဆေးများတွင် နိုင်ငံခြားဆေးရောစပ်ထားသည့်ဆေးများ ရောင်းချနေသည့် ဆေးဆိုင်ပေါင်း ၆၁ ဆိုင်ကို ပစ္စည်းသိမ်း၊ ခံဝန်ထိုးခြင်းများ ပြုလုပ်ခဲ့သည်။
ရှောင်တခင်စစ်ဆေးမှုတွင် ဆေးဆိုင် နှစ်ဆိုင်နှင့် သထုံခရိုင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသော တရားမဝင်ဆေးဝါးများကို အရေးယူခဲ့ကြောင်း မွန်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန စာရင်းများအရသိရသည်။
စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်