Advertisements

ရဲတပ်သားတစ်ဦး မောင်းနှင်လာသည့် ယာဉ်အပါအဝင် လိုင်စင်မဲ့ယာဉ် နှစ်စီးကို ဖမ်းဆီး

မော်လမြိုင် ဇန်နဝါရီ ၁၅

မွန်ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲမှ ရဲတပ်သားတစ်ဦး မောင်းနှင်လာသော လိုင်စင်မဲ့ ယာဉ် အပါအဝင် ယာဉ်နှစ်စီးကို ဖမ်းဆီးအရေးယူထားကြောင်း စက်မှုဇုံနယ်မြေရဲစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်းက ဟင်္သာသို့ ပြောသည်။ မော်လမြိုင်မြို့ စက်မှုဇုံရှိ လုံခြုံရေးဂိတ်တွင် ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်-ဘားအံကားလမ်းရှိ အဆိုပါဂိတ်တွင် ယာဉ်များကို သက်ဆိုင်ရာက စိစစ်ရှာဖွေနေစဉ် ခဲရောင် MARK II အမျိုးအစား ယာဉ်နှင့် ခဲရောင် WISH တိုယိုတာ အမျိုးအစား ယာဉ်နှစ်စီးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

“သူတို့ ဘားအံကနေ မော်လမြိုင်ဘက်လာတာ။ အဲဒီအချိန်မှာ ကျွန်တော့်တပ်ဖွဲ့ဝင်တွေ ကားနှစ်စီးကို တားပြီး စစ်တဲ့အခါ ယာဉ်နဲ့ ပတ်သက်လို့ စာရွက်စာတမ်းအထောက်အထား မပြနိုင်လို့ ရှာဖွေပုံစံသိမ်းဆည်း အမှုဖွင့် အရေးယူထားတာဖြစ်တယ်” ဟု ရဲအုပ်နိုင်နိုင်ဝင်းက ဆိုသည်။

MARK II ယာဉ်မောင်းနှင်သူမှာ မွန်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှ ရဲတပ်သား မောင်မောင် (၂၆ နှစ်) ဖြစ်ကြောင်း၊ ၎င်းယာဉ်ပိုင်ရှင်ဟုဆိုသူ သီဟ ( ခ) မင်းသီဟ(၂၀ နှစ် ကရင်ပြည်နယ် မြဝတီမြို့နေသူ) တိုယိုတာယာဉ်မောင်းနှင်သူ သက်နောင်စိုး (ခ) ဖိုးသား (၂၇ နှစ် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေသူ) တို့ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ဖော်ပြပါ သုံးဦးကို စက်မှုဇုန်နယ်မြေရဲစခန်းမှ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ-၈၊ ပုဒ်မ-၁၀ တို့အရ ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲအုပ်နိုင်နိုင်ဝင်းက ဆိုသည်။

ဇန်နဝါရီ ၁၅ ရက်နေ့မှ စတင်၍ မွန်ပြည်နယ်တွင် စည်းကမ်းပျက်ယာဉ်များကို အရေးယူရန် ရက် ၁၀၀ လင်းယုန်စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်