Advertisements

အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပညာပေးဆွေးနွေး

ချောင်းဆုံ ဇန်နဝါရီ ၁၅

ဒေသခံများကိုအမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ပြည်နယ်အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီက ချောင်းဆုံမြို့နယ်ကျွန်းသာယာခန်းမတွင် ဇန်နဝါရီ ၁၁ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

“ဒေသခံတွေကြုံတွေ့နေရတဲ့အခက်အခဲတွေ ၊ သိချင်တာတွေ ၊သိသင့်သိထိုက်တာတွေ ၊ ကြုံတွေ့ခံစားနေရ တာတွေ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်နေတာတွေ ပျောက်ဆုံးနေတာတွေ ရှိကြမယ် ။ မိသားစုမှာ ဖြစ်စေ ရပ်ရွာတွေမှာဖြစ်စေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု ခေါင်းပုံဖြတ်ခံရမှု လုပ်ခလစာခေါင်းပုံဖြတ်ခံရမှု တွေရှိရင်ချိတ်ဆက် နိုင်ဖို့ လာရောက်ဆွေးနွေးခြင်းဖြစ်တယ်”ဟု အဆိုပါကော်မတီ ဥက္ကဋ္ဌ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကပြောသည်။

အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မော်လမြိုင်)မှ ရဲမှူး မိုးဦး က လူကုန်ကူးမှုများမှာ ပြည်တွင်းနှင့်ပြည်ပမှာပါ ရှိနေကြောင်း ၊၂၀၁၈ ခုနှစ်တွင်မွန်ပြည်နယ်တစ်ခုလုံး၌ လူကုန်ကူးမှု ၃ မှုကို တရားစွဲဆိုနိုင်ခဲ့ကြောင်း ပြောသည်။

“အမျိုးသမီးတွေ ၊ ကလေးသူငယ်တွေနဲ့ အမျိုးသားတွေပါ လူကုန်ကူးမှုမခံရစေဖို့အမျိုးသမီးတွေ ၊ ကလေးသူ ငယ် တွေရပိုင်ခွင့်အခွင့်အရေးတွေမနစ်နာစေဖို့ ဥပဒေအကြောင်းအရနစ်နာမှုများကိုကူညီဖြေရှင်းပေးနိုင်ဖို့ ဒေသခံ တွေ နဲ့အပြန်အလှန်ဆွေးနွေးရင်းနဲ့ဒေသခံတွေရဲ့အသံတွေကိုလည်းနားထောင်ချင်တယ်”ဟု ရဲမှူး မိုးဦး က ဆိုသည်။

အခမ်းအနားတွင် ပြည်နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှူး ဒေါ်ကြည်အေး ၊ ဥပဒေရေးရာကုစားရေး အဖွဲ့(မြန်မာ)မှ ဒေါ်ပြုံးပြုံးမြင့် ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်စောဥမ္မာ တို့ကလည်း အလုပ်ရှင်နှင့်အလုပ်သမားဆိုင်ရာ ၊ ဥပဒေဆိုင်ရာ လူမှုဝန်ထမ်းဦးစီးဌာနကလုပ်ငန်းတာဝန်များကိုသက်ဆိုင်ရာကဏ္ဍအလိုက်ဒေ သခံများနှင့်အတူ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

“လင်မယားကွာရှင်းမှုနဲ့ပတ်သက်တဲ့သိသင့်သိထိုက်တာတွေ ၊ အလုပ်ရှင်နဲ့အလုပ်သမား ဥပဒေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ၊ လင်မယားကွာရှင်းမှုနဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ဆောင်ရွက်ပိုင်ခွင့် ရှိ/မရှိတို့ကို တင်ပြဆွေးနွေးခဲ့တယ်”ဟု အခမ်းအနားတက်ရောက်ခဲ့သူ ကွမ်ရိုက်ကျေးရွာနေ ဒေါ်ချိုသဲကဆိုသည်။

အဆိုပါဆွေးနွေးပွဲသို့မွန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြ ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်တို့လည်း တက်ရောက်ခဲ့သည်။

လွတ်လပ်မောင်(ယက္ခမြေ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်