Advertisements

ကလေးလုပ်သားနှင့် တောင်းရမ်းစားမှုပြဿနာတွင် မိဘများကိုယ်တိုင်ပါဝင်ပတ်သက်နေသဖြင့် ကိုင်တွယ်ဖြေရှင်းရန် အခက်တွေ့နေဟု ဆို

သထုံ ဇန်နဝါရီ ၁၅

ကလေးလုပ်သားပြဿနာ၊ ကလေးသူငယ်များ တောင်းရမ်းစားမှု ပြဿနာ စသည်တို့တွင် ကာယကံရှင်မိဘများကိုယ်တိုင် ပါဝင်ပတ်သက်နေသည့်အတွက် အရေးယူကိုင်တွယ် ဖြေရှင်းရ ခက်ခဲနေကြောင်း မွန်ပြည်နယ် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က သုံးသပ်ပြောဆိုသည်။

“နိုင်ငံတော်ကို အခုမှ ပြန်လည် တည်ဆောက်နေရတာမို့ အားနည်းချက် အခက်အခဲ ပြဿနာက အများကြီး ရှိနေပါမယ်။ ကလေးလုပ်သားတစ်ယောက် ရှိနေတာနဲ့ အဲဒီဆိုင်မှာ မစားကြတော့ပါဘူး၊ ကလေးလုပ်သားရှိတဲ့ အလုပ်ရုံက ပစ္စည်းဆို မသုံးကြတော့ပါဘူး၊ ဒါ နိုင်ငံခြားမှ ာပြောတာပါ။ ကျွန်မတို့ရဲ့လက်ရှိဖြစ်ပျက်နေတဲ့ တိုင်းပြည်ရဲ့အခြေအနေကို ကျွန်မတို့ လက်ခံကြရမှာပါ။ သို့သော်လည်း ကလေးတွေကို တောင်းရမ်းခိုင်းတဲ့ ကိစ္စ အမေအရင်းကိုယ်တိုင်က ခိုင်းတာ တွေ့နေရပါတယ်။ ဒီအတွက် ကျွန်မတို့ ကိုင်တွယ်ရ အရမ်း ခက်နေပါတယ်”ဟု ပြောသည်။

သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်သူ့စကားဝိုင်းကို မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေးရွာ ကွန်ပျူတာတက္ကသိုလ်တွင် ဇန်နဝါရီ ၁၄ ရက်နေ့က ကျင်းပခဲ့ရာ အခမ်းအနားတွင် ယင်းသို့ ဆိုခဲ့ခြင်း ဖြစ်သည်။

တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများ၏ မေးမြန်းချက်ကို ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ဖြေကြားစဉ် ထိုသို့ ထည့်သွင်းပြောဆိုခဲ့သည်။

သထုံကွန်ပျူတာတက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသူတစ်ဦးက “ကလေးလုပ်သားပပျောက်ရေးလို့သာပြောတယ်။ တကယ်တော့ နယ်မြို့တွေမှာတောင်မပြောနဲ့။ မော်လမြိုင်လိုမြို့ကြီးတွေမှာတောင် ထိရောက်တဲ့လုပ်ငန်း မတွေ့ရဘူး။ကလေးလုပ်သားနဲ့ပတ်သက်ပြီး ထိရောက်တဲ့လုပ်ငန်းမရှိဘူးလား၊ သူတို့တွေကို မေးလိုက်လို့ရှှိရင် သူတို့တွေက မိဘတွေက ခိုင်းလို့ မိဘတွေက ကျောင်းမထားလို့ ပြောကြလိမ့်မယ်။မိဘတွေကရော ကလေးတွေကိုကျောင်းထားသင့်တယ်ဆိုတဲ့အသိ လုပ်ပေးဖို့ရော အစီအစဉ်ရှိလား၊ လုပ်ပေးနေလားဆိုတာကို သိချင်ပါတယ်” ဟု ဆွေးနွေးမေးမြန်းသည်။

ဖော်ပြပါ မေးခွန်းကို ဒေါ်ခိုင်ခိုင်လဲ့က ပြန်လည်ဖြေကြားရာတွင် “ဘာဖြစ်လို့ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေမှာ ကလေးလုပ်သားတွေ ရှိနေရတာလဲ၊အုတ်ဖုတ်လုပ်ငန်းတွေမှာ ကလေးလုပ်သားတွေ ဘာကြောင့် ရှိနေရတာလဲ၊မေးခွန်းမေးစရာရှိနေပါတယ်။ မခိုင်းရဘူး မဟုတ်ပါဘူး။ခိုင်းလို့ရပါတယ်။ဥပဒေက ခွင့်ပြုထားပါတယ်။ဒါပေမယ့် အလုပ်ချိန် သတ်မှတ်ထားပါတယ်”ဟုလည်း ဖြည့်စွက်ပြောခဲ့သည်။

ယင်းနောက်”ခန္ဓာကိုယ် ဝန်နဲ့မျှတဲ့ အလုပ်မျိုးကိုသာ ခိုင်းရပါမယ်။ အဲဒီကလေးတွေရဲ့လုပ်ခလစာနဲ့ သူတို့ကိုခိုင်းတဲ့ အချိန်သတ်မှတ်ချက်တွေကိုလည်း သူတို့ရဲ့ အဲ့ဒီဆိုင် အလုပ်ရုံမှာ ရေးဆွဲပြီးကပ်ထားရပါမယ်။အလုပ်ခိုင်းရမယ့် အသက်သတ်မှတ်ချက်လည်း ရှိပါတယ်။ သို့သော် ဆိုင်တွေကိုဝင်စစ်လိုက်ပြီးဆိုရင် ဒါတွေက မိသားစုဝင်တွေပါ။ဝိုင်းလုပ်ဝိုင်းစားပါလို့ ဖြေကြတယ်။အဲဒါ ကျွန်မတို့ အရေးယူဖို့အရမ်းခက်တဲ့ ပြဿနာပါ”ဟု သူမက ထပ်လောင်း ဆွေးနွေးခဲ့သည်။

အဆိုပါ ပြည်သူ့စကားဝိုင်းတွင် ဆွေးနွေးခဲ့မှု၊ အဖြေ ရလဒ်များအပေါ် အားရကျေနပ်မှုရှိကြောင်း တက်ရောက်မေးမြန်းခွင့်ရသူ ကျောင်းသား ကျောင်းသူများရော ဖြေကြားရှင်းလင်းခွင့်ရသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကပါ သုံးသပ်မှတ်ချက်ပြုသည်။

စောပဏ်(ဖူးငုံရတနာ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်