Advertisements

ဒေသဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲရေး မြို့နယ်အဆင့် စတင်ဆွေးနွေး

ချောင်းဆုံ ဇန်နဝါရီ ၁၅

ချောင်းဆုံမြို့နယ်တွင် လာမည့် ၂၀၁၉-၂၀ ခုနှစ်အတွက် မြို့နယ်စီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ချောင်းဆုံမြို့ ကျွန်းသာယာခန်းမ၌ ဇန်နဝါရီ ၁၄ နှင့် ၁၅ ရက်တို့တွင် ပထမအကြိမ်အဖြစ် ကျင်းပခဲ့သည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ “ဒေသန္တရအုပ်ချုပ်ရေးနဲ့လည်း ပတ်သက်တယ် ။ ဒီမိုကရေစီနည်းကျ စီမံကိန်းရေးဆွဲခြင်းလည်း ဖြစ်တယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်ရေးဆွဲတဲ့ ပရောဂျက်လည်းဖြစ်တယ် ”ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်( UNDP) မှ ပြည်နယ်အဆင့်စီမံ ကိန်းရေးဆွဲရေးတာဝန်ခံ ဒေါ်မော်မော်သိန်းက ပြောသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်( UNDP)က ဒေါ်လာ ၁၂၄,၀၀၀ လျာ ထားချက်ရှိပြီး မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေါ်လာ ၂ သန်းကျော် လျာထားချက်ရှိကြောင်းနှင့် မြို့နယ်တစ်ခုလျှင် ၃ နှစ်ဆက်တိုက် ပံ့ပိုးသွားရန်ရှိကြောင်း ၎င်းက ဆိုသည်။

“စီမံကိန်းတွေကို အရင်က အထက်ကပဲ ရေးဆွဲ လုပ်ကိုင်နိုင်ခဲ့တယ်လို့ ထင်ခဲ့ကြတယ်။ အောက်ခြေကလည်း ရေးဆွဲလုပ်ကိုင်နိုင်တာကို ပြသချင်တဲ့ သဘောလည်း ဖြစ် တယ်။ ဒေသအတွက် အကျိုးရှိမယ့်၊ အဓိပ္ပါယ်ရှိမယ့် အလုပ်ရုံဆွေးနွေးပွဲလည်း ဖြစ်တယ်။ ဆွေးနွေးပွဲက အဖြေကောင်း၊ ရလဒ်ကောင်းတွေ ရနိုင်မယ်လို့ မျှော်လင့်တယ်”ဟု သူမက ဆက်ပြောသည်။

UNDPမှ မြို့နယ်အဆင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ အရာရှိ ဦးကျော်စွာလွင်က ချောင်းဆုံမြို့နယ်အတွက် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးလင်းရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အမှိုက်သိမ်းစနစ်များအတွက် ဒေသအခြေအနေ၊ အားနည်းချက်၊ အားသာချက်အပေါ် အခြေပြု၍ ကဏ္ဍအလိုက် အုပ်စုဖွဲ့ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်တို့လည်း တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်း ၂၈ ဦး ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ၁၂ ဦး ၊ မြို့မိမြို့ဖ ၃ ဦး ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၄၁ ဦး ၊ UNDP မှ ၅ ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်