လယ်သမားများကိုယ်တိုင် စပါးမျိုးစေ့ ထုတ်လုပ်နိုင်ရန် တိုက်တွန်း

ချောင်းဆုံ ဇန်နဝါရီ

ချောင်းဆုံမြို့နယ် ဒေသခံလယ်သမားများအားလုံး စပါးမျိုးစေ့များကို ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်ရယူနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက တိုက်တွန်းခဲ့သည်။

“စပါးမျိုးစေ့တွေကို တစ်မျိုးတည်း နှစ်စဉ် အဖန်တလဲလဲ အသုံးပြုနေလို့ မရပါဘူး။ မျိုးစေ့မှာ အရောအနှောတွေ ရှိလာမယ်။ အထွက်နှုန်း ကျဆင်းမှုတွေ ရှိလာနိုင်တဲ့အတွက် ၂ နှစ် ၃ နှစ်တစ်ကြိမ် ပြောင်းလဲအသုံးပြုဖို့ လိုအပ်ပါတယ်။ ကိုယ်စိုက်ပျိုးလိုတဲ့ မျိုးစေ့တွေကိုလည်း ကိုယ်တိုင်ထုတ်ယူတတ်စေချင်တယ်”ဟု ဌာနမှူး ဦးဝင်းနိုင်က ဆိုသည်။

ဌာနအနေဖြင့် နည်းပညာဆိုင်ရာ လိုအပ်ပါက ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြို့နယ်တွင်လယ်ဧက ၆၀၀၀၀ ကျော်ရှိပြီး တစ်မြို့နယ်လုံးစိုက်ဧက၏ ၁၀ ရာခိုင်နှုန်းခန့်အတွက်ဌာနမှ မျိုးစေ့ထုတ်ယူရောင်းချပေးနိုင်သည့်အနေအထားရှိကြောင်းလည်း သိရသည်။

ယခုလက်ရှိတွင် တောင်စွန်း ၊ ကော့မုပွန် ၊ နတ်မှော် ၊ ကွမ်သဲ ၊ ကမာကေးကွင်း များတွင်ပေါ်ဆန်းယဉ်မျိုးကောင်းမျိုးသန့် မျိုးစပါးတင်း ၄၀၀ ကျော်ကိုဒေသမှတောင်သူများကို ဖြန့်ဖြူးရောင်းချပေးနိုင်ရန်စီစဉ်ထားပြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

အထက်ပါဌာန ဒုဦးစီးမှူး ဦးရဲလင်းအောင်က “မျိုးစပါးကိုတစ်မျိုးတည်းထပ်ခါစိုက်ပျိုးနေတာကအထွက်လျော့နည်းကျဆင်းလာမှာဖြစ်တယ် ။အနည်းဆုံး ၃ နှစ်တစ်ကြိမ်မျိုးစပါးတွေလဲပေးဖို့လိုတယ်။ မြေသြဇာတွေကိုအချိုးညီညီသုံးစွဲတတ်ဖို့ စိုက်ပျိုးလုပ်ကိုင်မဲ့မြေကို လည်းစမ်းသပ်ပြုပြင်ပြီးမှစိုက်ပျိုးလုပ်ကိုင်သင့်တယ်”ဟု ထပ်လောင်း၍ အကြံပြုသည်။

မျိုးစပါးထုတ်ယူခြင်း၊ စိုက်ပျိုးခြင်း၊ မြေသြဇာအပါအဝင် သွင်းအားစု ထည့်သွင်းအသုံးပြုနည်းပညာများ၊ပိုးမွှားကာကွယ်နည်းများ သင်ကြားပေးစေ လိုကြောင်းကျေးရွာများက မကြာခဏ အဆိုပြုတင်ပြကြသော်လည်း တကယ့်လက်တွေ့တွင်မူ ကွင်းဆင်းသည့်အခါတက်ရောက်လိုသူမရှိသလောက်ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“ပိုးမွှားဖျက်ဆီးမှုဒဏ်ကိုပိုမိုခံနိုင်ရည်ရှိတဲ့မျိုးစပါးတွေရှိရင် မှာယူတင်သွင်းပေးဖို့ ၊ စိုက်ပျိုးမြေစမ်းသပ်နိုင်တဲ့ပစ္စည်းကရိယာတွေနဲ့စမ်းသပ်ခန်းတွေကို မြို့နယ်မှာစီစဉ်ထားရှိဖို့လိုတယ်”ဟုမြို့မိမြို့ဖ ဦးခင်မောင်ဦးက အကြံပြုသည်။

မျိုးစေ့များအတွက် ထုတ်ယူရန်အခက်မှာ စက်ဖြင့်ရိတ်သိမ်း၍မရသောကြောင့် လက်ဖြင့်သာရိတ်သိမ်းရသည်ဖြစ်ရာ ရောနှောနေသည့်မျိုးကွဲများကို ပယ်ရခြင်းများကြောင့် စိတ်ရှည်လက်ရှည်အချိန်ယူဆောင်ရွက်ရကြောင်းဒေသခံလယ်သမားများက ပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply