တရုတ်အစိုးရအတွက် စပိုင်လုပ်နေခြင်းမဟုတ်ဟု ဟွာဝေး  ငြင်းဆို

ပေကျင်း ဇန်နဝါရီ

ဟွာဝေးကုမ္ပဏီဟာ တရုတ်အစိုးရအတွက် သုံးစွဲသူတွေရဲ့ ဒေတာအချက်အလက်တွေကို ပေးနေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို ဟွာဝေးစီအီးအိုက ဇန်နဝါရီလ ၁၅ရက်နေ့က ငြင်းဆိုလိုက်ပါတယ်။

ဟွာဝေးရဲ့ စီအီးအို မစ္စတာ ရန်ကျန်ဖိန်းဟာ ဟွာဝေးရဲ့ တယ်လီကွန်း ကွန်ယက်ကိုအသုံးချပြီး တရုတ်အစိုးရအတွက် အမေရိကန်အစိုးရရဲ့ အချက်အလက်တွေကို ယူပေးဖို့ ကြိုးစားနေတယ်လို့ အစွပ်စွဲခံထားရသူဖြစ်ပါတယ်။ ဒီလိုစွပ်စွဲချက်တွေကြောင့် စီအီးအိုရန်က ယခုလို ပြန်လည် ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“သုံးစွဲသူတစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ ကာကွယ်ခွင့်နဲ့ ဆိုက်ဘာလုံခြုံရေးတွေကို ဟွာဝေးက အလေးထားပါတယ်။ ဒီလို စွပ်စွဲချက်က လုံး၀ အချေအမြစ်မရှိပါဘူး” လို့ ရန်က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲကလည်း ပုဂ္ဂလိက ကုမ္ပဏီတွေကို အစိုးရအတွက် အသုံးပြုပြီး အချက်အလက်ရယူဖို့ စေခိုင်းနိုင်တဲ့ ဥပဒေမရှိပါဘူး လို့ စီအီးအို ရန်က ဖြည့်စွက်ပြောပါတယ်။

ဟွာဝေးကုမ္ပဏီဟာ လက်ရှိမှာ တစ်ကမ္ဘာလုံးကပေးတဲ့ ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ ဟွာဝေးကုမ္ပဏီခွဲတွေကိုလည်း မကြာခင်က ပိတ်သိမ်းခြင်းခံခဲ့ရပြီး သြစတေးလျ၊ နယူးဇီလန်နဲ့ ဂျပန်တို့ကလည်း အလားတူ လုပ်ဆောင်ခဲ့တာပါ။ ဒီအဖြစ်ပျက်တွေဟာ လွန်ခဲ့တဲ့ လက ဟွာဝေးကုမ္ပဏီက တစ်ကမ္ဘာလုံးကို 5G ကွန်ယက် ထောက်ပံ့ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ ဆင့်ကဲ ဖြစ်ပွားခဲ့တာပါ။

ဟွာဝေးပိုင်ရှင်ရဲ့ သမီးကြီးဖြစ်သူ မစ္စ မန်းဝန့်ကျုံဟာဆိုရင်လည်း လက်ရှိ ကနေဒါနိုင်ငံမှာ ဖမ်းဆီးထိမ်းသိန်းခံနေရပါသေးတယ်။

စီအီးအိုရန်က ဟွာဝေးကုမ္ပဏီဟာ အဖက်ဖက်က အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောထားပါတယ်။ ၂၀၁၈ခုနှစ်မှာ ဟွာဝေးရဲ့ အမြတ်ငွေကို အမေရိကန်ဒေါ်ဟာ ၁၂၅ဘီလီယံရရှိဖို့ မှန်းထားပေမဲ့ ဘီလီယံ ၁၀၀ သာရခဲ့တာကြောင့် ၂၀ရာခိုင်နှုန်းလောက် တိုးတက်မှု လျော့ကျခဲ့တယ်လို့လည်း သူကပြောပါသေးတယ်။ ဒါပေမဲ့ လက်ရှိ ကမ္ဘာ့ဖုန်းလောကမှာ ဟွာဝေးက ထိပ်တန်းနေရာမှာ ရှိဆဲပဲလို့ သူက ဆိုပါတယ်။

Ref: CNBC

Leave a Reply