Advertisements

ကျိုက်ထိုတွင် သေနတ်ကိုင် ငွေလုယက်သူ တပ်ပြေးနှစ်ဦး ညတွင်းချင်း ဖမ်းမိ

မော်လမြိုင် ဇန်နဝါရီ ၁၆

ကျိုက်ထိုမြို့ပေါ်ရှိ စတိုးဆိုင်တစ်ဆိုင်တွင် ဇန်နဝါရီ ၁၅ ရက် ည ၁၁ နာရီကျော်က သေနတ်ပြ ခြိမ်းခြောက် ငွေ လု၊ ဆိုင်ကယ်လုယူ ထွက်ပြေးသွားသူ နှစ်ဦးကို ပြစ်မှုကျူးလွန်ပြီး နှစ်နာရီခန့်အတွင်း ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူနှစ်ဦးမှာ ရေတပ်ဗျူဟာစစ်ရေယာဉ်စု ဗျူဟာ (၁)မှ ရဲထက် (၂၃နှစ်၊ သန်လျင်မြို့ ကမ်းနားလမ်းနေသူ) နှင့် ကွပ်ကဲထိန်းသိမ်းရေးစခန်း(မစ်ဇိုင်း) ရေတပ်ပေါင်းစုမှ အောင်ကိုကိုဦး (၂၀နှစ် ၊ ဘုရားကုန်းလမ်း သန်လျင်မြို့နေသူ )တို့ဖြစ်ကြောင်း၊ ယမန်နှစ် ၂၀၁၈ ဇူလိုင်လပိုင်းက တပ်မှ တိမ်းရှောင်ထွက်ပြေးခဲ့သူများဖြစ်ကြောင်း သိရသည်။

“မှုခင်းဖြစ်ပွားအပြီး နှစ်နာရီခန့်အကြာမှာ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေ လူစုခွဲ ပိုက်စိပ်တိုက် ရှာဖွေခဲ့လို့ ကျိုက်ထို – ကင်မွန်းချောင်း သွား ကားလမ်းဘေးက ရော်ဘာခြံတစ်ခြံထဲကနေ ဖမ်းမိတာဖြစ်တယ်”ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) မြင့်ဝင်းက ပြောသည်။

ဖြစ်စဉ်မှာ တောင်သူစုရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ One Stop Mark စတိုးဆိုင်အတွင်းသို့ အမည်မသိ အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ကောင်တာတွင် ထိုင်နေသော အရောင်းစာရေးမထံမှ ငွေကျပ်သုံးသိန်းတောင်းခံခဲ့ရာ စာရေးမက ငြင်းဆန်သဖြင့် အံဆွဲအတွင်းမှ ရောင်းကြေးငွေများကို နှိုက်ယူပြီးနောက် ဈေးဝယ်တစ်ဦး ဆိုင်ရှေ့ရပ်ထားသော ဆိုင်ကယ်ကို လုယူ ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ ဆိုင်ကယ်လုယူချိန်တွင် အရောင်းစာရေးမက ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားစဉ် ၎င်းနှစ်ဦးက ဆိုင်ထဲပြန်ဝင်လာပြီး “ငါတို့ မပစ်ချင်ဘူး၊ ဖုန်းဆက်ရဲ ဆက်ကြည့်”ဟု သေနတ်ပြ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက်ထိုမြို့မရဲစခန်းမှ ( ပ )၄၄/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂ အရ အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က ပိတ်ဆို့ ရှာဖွေစစ်ဆေးခဲ့ရာ ကျိုက်ထို – ကင်မွန်းချောင်း သွား ကားလမ်းအနီး ရော်ဘာခြံအနီးတွင် ဆိုင်ကယ်တစ်စီးကို အရှိန်ပြင်းစွာ မောင်းနှင်သွားသူ မသင်္ကာဖွယ် လူနှစ်ဦးကို လိုက်လံဖမ်းဆီးခဲ့ရာမှ ဖမ်းဆီးရမိကြောင်း သိရသည်။

ဆက်လက်စစ်ဆေးမေးမြန်းခဲ့ရာ အရောင်းဆိုင်မှ လုယူသွားသည့် မြန်မာကျပ်ငွေ ရောရာ ၂၂၃,၆၀၀ ကို လည်းကောင်း၊ အခင်းဖြစ်ပွားစဉ်က အသုံးပြုခဲ့သည့် AK 47 သေနတ် ၁လက် ၊ ကျည်အတောင့် ၄၀ ၊ ကျည်အိမ် ၁ခုနှင့် ဆိုင်ကယ်ကိုလည်းကောင်း ဝှက်ထားသည့်နေရာမှ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရဲမှူးမြင့်ဝင်းက ပြောသည်။

“တပ်မတော်က ထွက်ပြေးပြီး မြဝတီမြို့မှာ သွားရောက်နေထိုင်၊ လက်နက်ကို မှောင်ခိုလမ်းကြောင်းက ရည်ရွယ်ချက်ရှိရှိနဲ့ ဝယ်ယူ၊ ပြန်လာပြီးတော့ လစ်တဲ့နေရာ ဝင်လုပ်မယ်ဆိုပြီးတော့ လာတာ”ဟု ထွက်ဆိုချက်များအပေါ် အခြေခံ၍ ၎င်းက မှတ်ချက်ပြုပြောဆိုသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်