Advertisements

မသန်စွမ်းသူများသွားလာမှုအဆင်ပြေစေရေးပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းမည်

ထားဝယ် ဇန်နဝါရီ

အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် မသန်စွမ်းသူများပါ သွားလာအသုံးပြုနိုင်သည့် နေရာများ ထည့်သွင်း ဆောင်ရွက်ပေးခြင်းရှိ မရှိ စောင့်ကြည့်ရန် မသန်စွမ်းသူများ သွားလာမှု အဆင်ပြေစေရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းမည်ဟု သိရသည်။

တိုင်းအစိုးရအဖွဲ့ရုံးတွင် ဇန်နဝါရီ ၁၆ ရက်ကပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ တတိယအကြိမ် အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့သည်။

တိုင်းဒေသကြီးအစိုးရဘတ်ဂျက်နှင့် လုပ်ကိုင်သော စီမံကိန်းလုပ်ငန်းများတွင် ယင်းအဖွဲ့က စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် ပြည်ထောင်စုအဆင့် လူငယ်ရေးရာကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးဟိန်းထက်က ပြောသည်။

“စောင့်ကြည့်မယ်၊ ပူးပေါင်းဆောင်ရွက်မယ်”ဟု ဦးဟိန်းထက်က ဆိုသည်။

ဖွဲ့စည်းရာတွင် အဆိုပါကော်မတီမှ ကိုယ်စားလှယ် ၄ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ ကိုယ်စားလှယ် ၃ဦး တို့ဖြင့် ဖွဲ့စည်းသွားမည်ဟု သိရသည်။

တိုင်းအတွင်းထပ်မံဆောက်လုပ်မည့်အများပြည်သူနှင့်သက်ဆိုင်သောအဆောက်အဦများ၊စာသင်ကျောင်း များ၊လမ်းများ၊ပြည်သူ့အပန်းဖြေနေရာများတွင်မသန်စွမ်းသူများပါ အသုံးပြုနိုင်သည့်နေရာများ ထည့်သွင်းဆောင်ရွက်ပေးနိုင်ရန် တိုင်းအစိုးရရုံးတွင် ယမန်နှစ် စက်တင်ဘာက ပြုလုပ်ခဲ့သောအစည်းအဝေးတွင် ယင်းကော်မတီက ဆုံးဖြတ်ခဲ့ကြသည်။

ယင်းဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပေးရန် ဆောက်လုပ်ရေးနှင့် စပ်လျဉ်းသော ဌာနဆိုင်ရာများသို့ တိုင်းအစိုးရအဖွဲ့က အောက်တိုဘာ ၅ရက်တွင် အကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရသည်။

ထားဝယ်မြို့တွင် တိုင်းရင်းဆေးရုံအပြင် ပုဂ္ဂလိကအဆောက်အဦများဖြစ်သော DDPC Shopping Center၊ မယ်ဒီလန်းဆေးရုံ စသည့်နေရာများတွင်လည်း မသန်စွမ်းသူများ အလွယ်တကူ တက်ဆင်းသွားလာနိုင်သော လျှောက်လမ်းများ ထည့်သွင်း ဆောက်လုပ်ထားသည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်