Advertisements

တိရစ္ဆာန်များ၏ ရောဂါပိုးများ ဓာတ်ခွဲ စစ်ဆေး ဖော်ထုတ်ပေးနိုင်တော့မည်

ထားဝယ် ဇန်နဝါရီ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေသဆိုင်ရာရောဂါရှာဖွေရေး ဓါတ်ခွဲခန်း(ထားဝယ်)တွင် တိရစ္ဆာန်များ၏ရောဂါပိုးကို စစ်ဆေးဖော်ထုတ်ပေးနိုင်မည့် ဝန်ဆောင်မှု လာမည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

“ပစ္စည်းဝယ်ပြီးရင် ဝန်ထမ်းကို လေ့ကျင့်ပေးရမယ်၊ အစောဆုံးဆိုလို့ရှိရင် ဟိုဖက် ဘတ်ဂျက်ပေါ့။ ဒီဖက်ဘတ်ဂျက်တော့ မလုပ်နိုင်သေးဘူး”ဟု ယင်းဌာန တိုင်းရုံးမှ တာဝန်ရှိသူက ဆိုသည်။

ယခုဘဏ္ဍာနှစ်တွင် ဓါတ်ခွဲခန်းသုံးပစ္စည်းကိရိယာများ တိုင်းအစိုးရခွင့်ပြုရန်ပုံငွေ ကျပ် သိန်း ၃၅၀ကျော်ဖြင့် ဝယ်ယူဖြည့်တင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ပစ္စည်းကိရိယာများတပ်ဆင်ပြီးပါက ဒေသခံမွေးမြူရေးလုပ်ငန်းများမှ ကျွဲ၊ နွား၊ ဝက်များ၊ အခြားအိမ်မွေးတိရစ္ဆာန်များ၏ ရောဂါများကို စိစစ်ဖော်ထုတ်ပေးနိုင်မည်ဟု ယင်းရုံးထံမှ သိရသည်။

အဆိုပါဓါတ်ခွဲခန်းအပြင် ထီးခီးနှင့် မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင် တိရစ္ဆာန်ကျန်းမာရေးစစ်ဆေးရေးစခန်းတို့ကို ၂၀၁၆ – ၁၇ဘဏ္ဍာနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ဆေးရေးစခန်း နှစ်ခုအတွက် ပစ္စည်းကိရိယာများကို လာမည့်ဘဏ္ဍာနှစ်တွင် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ တိရစ္ဆာန်နှင့် ပတ်သက်သော ပို့ကုန်သွင်းကုန်များကို နယ်စပ်ရှိ အဆိုပါစခန်းများက စစ်ဆေးသွားမည်ဖြစ်သည်။

ယခုအချိန်တွင် တိရစ္ဆာန်ရောဂါများကို ရန်ကုန်၊ အင်းစိန်ရှိ ရောဂါရှာဖွေရေးဓါတ်ခွဲခန်းတွင် စစ်ဆေးပေးလျက်ရှိသည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်