Advertisements

စီးပွားရေး ဦးမော့ရန် ပြည်တွင်း အခွန်အခ တရုတ် လျှော့ချမည်

ပေကျင်း ဇန်နဝါရီ

ကမ္ဘာ့ငွေကြေးအပြောင်းအလဲနှင့် ကုန်သွယ်ရေး ရလာဒ်များကြောင့် ကျဆင်းစပြုလာသည့် စီးပွားရေးဈေးကွက်ကို ပြန်လည် ဦးမော့လာစေရန် ပြည်တွင်းအခွန်အခများကို ယခင်ထက် လျှော့ချပေးမည်ဖြစ်ကြောင်း တရုတ်အစိုးရက ထုတ်ပြန်သည်။

အခွန်အခများ ယင်းသို့ လျှော့ချရုံသာမက ပြည်တွင်းရှိ အသေးစားလုပ်ငန်းများကို ငွေကြေးထောက်ပံ့ပေးမည့် မူဝါဒများကိုပါ ချမှတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်ငွေကြေးဈေးကွက်မှာ အပြောင်းအလဲမရှိသော်လည်း ဟွာဝေး ကုမ္ပဏီကိစ္စမှ စတင်ကာ အမေရိကန်နိုင်ငံနှင့် မပြေမလည် ဖြစ်ပွားခဲ့ပြီး ကုန်သွယ်မှုတန်ဖိုးလည်း လျော့ကျသွားခဲ့သည်။ ထို့ကြောင့် စီးပွားရေး မူဝါဒများကို ၂၀၁၉ ခုနှစ်အတွင်း ပြန်လည်ရေးဆွဲရန် တရုတ်အစိုးရက ပြင်ဆင်ခဲ့ပြီး အခွန်အခများလျှော့ချပေးရေးကိုလည်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယမန်နှစ် ၂၀၁၈ တွင် တရုတ်နှင့်အမေရိကန် ကုန်သွယ်မှုမှ အမြတ်ငွေ ဒေါ်လာ ဘီလီယံ ၃၂၀ ကျော်အထိ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်များက ဖော်ပြသည်။ တရုတ်နိုင်ငံ၏ ယမန်နှစ်အတွင်း စီးပွားရေးမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၅ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း သိရသည်။

အကောက်အခွန်ကင်းလွတ်ခွင့်နှင့် လျော့ချခွင့်ပြုသည့် လုပ်ငန်းများတွင် တစ်ဦးချင်းစီ၏ ဝင်ငွေများကို မြှင့်တင်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရန် လုပ်ဆောင်မည့်အစီစဉ်အကြမ်းဖျင်းကို တရုတ်အစိုးရက ဇန်နဝါရီလ ၁၅ရက်နေ့က ထုတ်ပြန်ခဲ့သည်။

နောက်ဆက်တွဲ လုပ်ဆောင်မည့်အသေးစိတ်ကိစ္စများကိုမူ ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က ပြောသည်။ ၂၀၁၉ခုနှစ်အတွင်း အခွန်လျှော့ချမှုပမာဏကို အမေရိကန်ဒေါ်လာ ၁၉၀ ဘီလီယံအထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရှုဟွမ်ကိုင်က ပြောသည်။

CNN

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်