Advertisements

စိတ်ကြွဆေးပြားပါ ဗူးကို အိမ်သာခွက်တွင် ပစ်ချလိုက်သော်လည်း ရဲတပ်ဖွဲ့က အချိန်မီ တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့

မော်လမြိုင် ဇန်နဝါရီ

မော်လမြိုင်မြို့ ကွင်းရပ်ရှိ နေအိမ်တစ်အိမ်ကို သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်ခဲ့ရာ ရှာဖွေစစ်ဆေးမှု မပြုမီ အိမ်ရှင်က စိတ်ကြွရူးသွပ်ဆေးပြား ထည့်ထားသော ပလပ်စတစ်ဗူးတစ်ဗူးကို အိမ်သာခွက်တွင် ပစ်ချခဲ့သော်လည်း အချိန်မီ တွေ့ရှိ စစ်ဆေး သိမ်းဆည်းနိုင်ခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၈ ရက် ညနေ ၃ နာရီခန့်တွင် ယင်းရပ်ကွက်ရှိ ကိုမောင်ကြီး (ခ) စောမီးခဲ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။ ၎င်းနှင့်အတူ ဇနီးဖြစ်သူကိုလည်း တွေ့ရကြောင်း သိရသည်။

“သူ(အိမ်ရှင်)က အိမ်သာတက်ချင်တယ်လို့ အကြောင်းပြပြီး အိမ်သာထဲပြေးဝင်သွားလို့ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အသိသက်သေတွေနဲ့ နောက်ကလိုက်ကြည့်တဲ့အချိန်မှာ အိမ်သာခွက်ထဲ ဗူးတစ်ဗူး ပစ်ချလိုက်တာ တွေ့လို့ ကောက်ယူဖွင့်ဖောက်စစ်ဆေးခဲ့တာ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀ ပြားကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တာ” ဟု ရဲအရာရှိတစ်ဦးက ဟင်္သာသို့ ပြောသည်။

ထို့နောက် အိမ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ စိတ်ကြွဆေး သုံးစွဲရာ၌ အသုံးပြုသော ဆက်စပ်ပစ္စည်းများ၊ ထည့်သွင်းရောင်းချရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်း ပလပ်စတစ်ဗူးခွံများအပြင် အိမ်ရှေ့ခန်း ဘီဒိုအတွင်းမှ မူးယစ်ဆေးဝါးများ ရောင်းရငွေဟု ယူဆရသော ငွေစက္ကူ ကျပ် ၁,၂၉၀,၀၀၀ (တစ်ဆယ့်နှစ်သိန်းကိုးသောင်းကျပ်)ကို ထပ်မံတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သို့ဖြစ်၍ ကိုမောင်ကြီး(၆၈ နှစ်)နှင့် ၎င်း၏ဇနီး ဒေါ်သန္တာ (ခ) ခင်သန္တာမော်(၆၀နှစ်)ကို မုပွန်နယ်မြေရဲစခန်းမှ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်