Advertisements

ဘီလူးကျွန်းတွင် ရှေးဟောင်းဂဝံဆင်းတု တူးဖော်ရရှိ

ချောင်းဆုံ ဇန်နဝါရီ

ဘီလူးကျွန်း ဝယ်လမ်းကျေးရွာတွင် ဒေသခံများ လမ်းပြုပြင်ရာမှ ရှေးဟောင်းလက်ရာဟု ယူဆရသော ဂဝံဆင်းတုတစ်ဆူနှင့် ကျောက်ဖြင့် ထွင်းထုထားသော ဆင်းတုအပိုင်းအစတစ်ခုကို ဇန်နဝါရီ ၁၂ ရက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

“အရှေ့က ခြံကို ရောင်းလိုက်တော့ အရင်က သွားလာနေတဲ့ လမ်းက ပါသွားတဲ့အတွက် လမ်းအသစ် ပြန်ပြီး တူးဖော်ဖောက်လုပ်ရင်းနဲ့ ဒီဆင်းတုကို တူးဖော်ရရှိတာ ဖြစ်တယ်။ ဒီနေရာဝန်းကျင်တစ်ဝိုက်မှာလည်း ဘုရားငုတ်တိုတွေ၊ အုတ်ရိုးဟောင်းတွေ ရှိနေတယ်”ဟု တွေ့ရှိခဲ့သူ ခြံရှင် ဒေါ်သန္တာဦး(အဆိုပါကျေးရွာ ရပ်ကွက်(၁)နေ)က ပြောသည်။

တူးဖော်ရရှိသော ဂဝံဆင်းတုမှာ ထိုင်တော်မူဟန်ဖြစ်ပြီး အမြင့် ၃ ပေခန့် ၊ အောက်ခြေ အကျယ်၂ ပေခွဲခန့် ၊ ထု ၁ပေခန့်ရှိ သက်တမ်းရင့် ဂဝံကျောက်ဖြင့် ထွင်းထုထားကြောင်း သိရသည်။

“ပါးစပ်ရာဇဝင်အရ ပြောခဲ့ကြတာတော့ ရှိတယ်။ ဒီဒေသတစ်ဝိုက်မှာ သုဝဏ္ဏဘူမိနဲ့ ခေတ်ပြိုင် နန်းတည်ခဲ့တဲ့ နေရာလို့လည်း ရှေးလူကြီးတွေ တစ်ဆင့်စကား တစ်ဆင့်နား လက်ဆင့်ကမ်းလာကြတယ်။ ခြံစိုက်လို့ မြေတွေ တူးဆွရင်း အုတ်ရိုးတွေ မကြာခဏ တူးဖော် တွေ့ရှိနေကြတယ်”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးတင်က ဆိုသည်။

လက်ရှိတွင် လာရောက် ကြည့်ရှုသူ၊ ဖူးမြော်သူများလည်း ရှိနေပြီး ပန်းမာလ် သီးနှံများ၊ ဆွမ်း ခဲဖွယ်များ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသူအချို့ကိုလည်း တွေ့ရသည်။

“လက်ရှိခြံဝင်းထဲမှာပဲ အဆင်ပြေသလို (ထားရှိ) ကိုးကွယ်သွားမှာ ဖြစ်တယ်”ဟု ဒေါ်သန္တာဦးက ဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်