မီရှဲအိုဘားမားရဲ့ အတ္ထုပ္ပတ္တိစာအုပ် တစ်နှစ်တာအတွင်း အရောင်းရဆုံးအဖြစ် ရပ်တည်

နယူးယောက် ဇန်နဝါရီ
အမေရိကန်နိုင်ငံ၏ သမ္မတဟောင်း ဘားရတ်အိုဘားမားရဲ့ ဇနီးဖြစ်သူ မီရှဲအိုဘားမားအကြောင်းရေးထားတဲ့ အတ္ထုပ္ပတ္တိစာအုပ်ဟာ ၂၀၁၈ခုနှစ်အတွင်းမှာ အရောင်းရဆုံး စံချိန်တင်ခဲ့တယ်လို့ အမေဇုန်က ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ စာအုပ်စံချိန်တင်ရောင်းချနှုန်းဟာ ဆယ်စုနှစ်တစ်စုအတွင်းမှာ အုပ်ရေအများရဆုံးအဖြစ် လည်း စံချိန်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မီရှဲအိုဘားမားရဲ့ စာအုပ်ရောင်းချနှုန်းဟာ ၂၀၁၂ခုနှစ်အတွင်းက နံပါတစ်အဖြစ် စာရင်းဝင်ခဲ့တဲ့ “Fifty Shades of Grey”ရဲ့ စံချိန်ကိုပါ ချိုးနိုင်ခဲ့ပါတယ်။ ဒီလို စံချိန်တင်ခဲ့တဲ့ စာအုပ်ဖြစ်ပေမဲ့ နိုင်ငံရေးနဲ့ အခြားနိုင်ငံတကာ အရေးတွေ တစ်ခုမှမပါပဲ သူမရဲ့ ဖြတ်သန်းပုံဘဝကိုသာ ရိုးရိုးရှင်းရှင်းရေးထားတဲ့ စာအုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
စတင်ဖြစ်ပေါ်လာခြင်း လို့ အမည်ပေးထားတဲ့ မီရှဲရဲ့ စာအုပ်ကို ထုတ်ဝေတဲ့စာအုပ်တိုက်ကတော့ Penguin Random စာအုပ်တိုက်ဖြစ်ပါတယ်။ ထုတ်ဝေပြီးချိန်မှစပြီး စာအုပ်ကော်ပီပေါင်း ၁ဒသမ၄သန်းအထိ ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါကတော့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလအထိစာရင်းသာဖြစ်ပြီး လက်ရှိလည်း ထုတ်နေရဆဲပဲလို့ စာအုပ်တိုက်က တာဝန်ရှိသူတွေက ပြောပါတယ်။
စာအုပ်ကိုအားပေးသူတွေက အမျိုးသမီးပရိတ်သတ်တွေဖြစ်ကြပြီး မီရှဲကို သဘောကျတဲ့သူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ စာအုပ်မှာပါတဲ့ သူမရဲ့ ဘဝအကြောင်းတွေဟာ စိတ်ဓါတ်ခွန်အားကိုပေးနိုင်တယ်လို့ စာဖတ်ပရိတ်သတ်တွေက လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖြန့်ဝေခဲ့ကြပါသေးတယ်။
လက်ရှိကာလအထိ စာအုပ်ရောင်းချငွေ အမေရိကန်ဒေါ်လာ ၆၅သန်းရှိနေပြီး ယခုလအထိ အရောင်းရဆုံးအဖြစ် ရပ်တည်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
Ref: CNN

Leave a Reply