Advertisements

အင်ဒိုနီးရှားသမ္မတသစ်ရွေးချယ်ရန် စကားစစ်ထိုးပွဲ စတင်

ဂျာကာတာ ဇန်နဝါရီ

အင်ဒိုနီးရှားနိုင်ငံ တွင် သမ္မတသစ်ရွေးချယ်ရန် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများက ရုပ်မြင်သံကြားတွင် စကားစစ်ထိုးရလေ့ရှိပြီး ပထမဆုံး ကိုယ်စားလှယ်လောင်း ၂ဦး၏ စကားစစ်ထိုးပွဲကို ဇန်နဝါရီလ ၁၈ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ကိုယ်စားလှယ်လောင်းနှစ်ဦးမှာ လက်ရှိ သမ္မတ ဂျိုကိုဝီဒိုဒိုနှင့် အတိုက်ခံပါတီခေါင်းဆောင် ပရာဘိုဝိုဆူဘီရန် တို့ ဖြစ်ကြသည်။ စကားစစ်ထိုးရာတွင် အကြမ်းဖက်ဝါဒ၊ လူ့အခွင့်အရေးစသည့် အကြောင်းအရာများကို အဓိကထား ပြောဆိုခဲ့ကြသည်။

အကြမ်းဖက်ဝါဒ၏ ခေါင်းစဉ်အောက်တွင် ပြည်သူများ အစွန်းရောက်အတွေးများမပေါ်ပေါက်စေရန် ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှမှုများကို လျော့ချပြီး ပညာရေး၊ စီးပွားရေးတို့ကို အခွင့်အလန်းများပေါ်အောင်ဖန်တီးပေးခြင်းဖြင့် ဖြေရှင်းပေးနိုင်ကြောင်း သမ္မတ ဂျိုကိုဝီဒိုကပြောသည်။ ဘရာဘိုဝိုကမူ ထိုသို့ ဖြေရှင်းခြင်းသည် အကျိုးရှိသော်လည်း တစ်ဖက်တွင် ဥပဒေအရ တရားဥပဒေပြဌာန်းပြီး ဆောင်ရွက်ကာ တိုင်းပြည်တိုးတက်ရေးကိုတစ်ပြိုင်နက် လုပ်ဆောင်သင့်ကြောင်း ပြန်လည်တ့ုံပြန်ခဲ့သည်။

စကားစစ်ထိုးရာတွင် ဂျိုကိုဝီဒိုက ၎င်း၏ သမ္မတ ပထမသက်တမ်းမှ လုပ်ဆောင်ချက်များကို အဓိကထား ပြောဆိုခဲ့ပြီး ဘရာဘိုဝိုကမူ အရင်အစိုးရလက်ထက်၏ လိုအပ်ချက်နှင့် မည်သို့ ဖြည့်စွက်ပြင်ဆင်သင့်သည် ဟူသောအချက်ကို အလေးထားပြောဆိုခဲ့သည်။

အကြမ်းဖက်ဝါဒအကြောင်းအလေးထားပြောဆိုရာခြင်းမှာ ၂၀၁၈ခုနှစ်အတွင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဒုတိယမြို့တော် ဆူရာဘာရာတွင် ခရစ်ယာန်ဘုရားကျောင်းများကို အဓိကထားသည့် ဗုံးခွဲတိုက်ခိုက်မှုများ ကြောင့် ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။

ရွေးကောက်ပွဲတွင် သမ္မတအဖြစ်အရွေးခံမည့် ကိုယ်စားလှယ်လောင်းများသည် ရုပ်မြင်သံကြားမှ စကားစစ်ထိုးခြင်းကို သုံးကြိမ်ပြုလုပ်ရမည်ဖြစ်သည်။ နောက်ဆက်တွဲ စကားစစ်ထိုးပွဲများတွင် ဆင်းရဲမွဲတေမှု၊ စီးပွားရေးနှင့် အခြားမူဝါဒရေးရာကိစ္စများ ပါဝင်လာမည် ဖြစ်သည်။

Bangkok Post

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်