Advertisements

ယခုနှစ်အတွင်း ဖွင့်လှစ်မဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ကမ်းခြေအပန်းဖြေစခန်းအသစ်

ပြုံယမ်း ဇန်နဝါရီ

မြောက်ကိုရီးယားနိုင်ငံတွင် အသစ်ဖွင့်လှစ်မည့် ကမ်းခြေအပန်းဖြေစခန်းသစ်ပြီးစီးတော့မည်ဖြစ်ကာ ယခုနှစ်အတွင်း ဖွင့်လှစ်သွားဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံမှ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

လေ့လာသူများသည် ဂြိုလ်တုဓါတ်ပုံများနှင့် ဒေသခံသတင်းအရင်းမြစ်များထံမှ ရရှိသည့် အချက်အလက်များကို ကိုးကားကာ အစီရင်ခံစာရေးသားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အပန်းစခန်းအတွင်းပါဝင်မည့် ရေလွှာလျှောစီးသည့်နေရာများနှင့် ရုပ်ရှင်ရုံတစ်ရုံတို့ကိုဆောက်လုပ်နေခြင်းဖြစ်ကြောင်း ဓါတ်ပုံများအရ သိရသည်။

အပန်းဖြေစခန်းသစ်ကို မြောက်ကိုရီးယားနိုင်ငံ၏ နာမည်ကျော် ဝန်ဆန်ကယ်လ်မာ ကမ်းရိုးတန်းဒေသတွင် ဆောက်လုပ်နေခြင်းဖြစ်သည်။ အပန်းဖြေကမ်းခြေစခန်းအနီးတွင် လေယာဉ်ကွင်းတစ်ခုလည်း ရှိပြီး နောက်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသည်များကိုဆွဲဆောင်ရန် ရည်မှန်းထားခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။

အပန်းခြေစခန်းသစ်ဆောက်လုပ်နေသည့်နေရာသည် ယခင်က မြောက်ကိုရီးယားအမြောက်တပ်ဖွဲ့များ၏ စစ်ရေးလေ့ကျင့်ရာ၊ ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ရာနေရာ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် တောင်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် ဒုံးကျည်စမ်းသပ်ပစ်ခပ်မှုများကို ရပ်တံ့ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ အဏုမြူလက်နက်ကြောင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုခံနေရဆဲဖြစ်ပြီး ခရီးသွားလုပ်ငန်းဖြင့် နိုင်ငံ၏ စီးပွားရေးကို ပြန်လည်မြှင့်တင်လိုဟန် ရှိသည်။ ယင်းအပန်းဖြေစခန်းကြီး ပြီးပါက နှစ်စဉ် နိုင်ငံခြားသားခရီးသည် တစ်သိန်းခန့်လက်ခံမည်ဖြစ်ပြီး တရုတ်ခရီးသွားများကို အဓိက ထားကြောင်း သိရသည်။

အပန်းဖြေစခန်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင်က အနီးကပ်ကြီးကြပ်လျက်ရှိပြီး စခန်းဖွင့်ပွဲကို ယခုနှစ် အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ကြောင်း တရားဝင်ကြေညာထားသည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံ၏ အာဏာရ အလုပ်သမားပါတီထူထောင်သည့် ၇၄နှစ်မြောက်နှစ်ပတ်လည်နေ့သည် လည်း အောက်တိုဘာလအတွင်းကျရောက်မည်ဖြစ်သည်။ ထို့ကြောင့် ထိုရက်တွင် ဖွင့်ပွဲ ကျင်းပနိုင်ကြောင်း လေ့လာသူများက သုံးသပ်လျက်ရှိသည်။

CNN

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်