Advertisements

ရက် ၁၀၀ လင်းယုန်စီမံချက် ၃ ရက်အတွင်း စည်းကမ်းပျက်ယာဉ် ၁၃၀၀ ကျော်  ဖမ်းမိ

မော်လမြိုင် ဇန်နဝါရီ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးရေး ရက် ၁၀၀ လင်းယုန်စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၅ မှ ၁၇ ရက်ထိ ၃ ရက်အတွင်း စည်းကမ်းပျက်ယာဉ် အမှုပေါင်း ၁၃၁၅ မှု ဖမ်းဆီးအရေးယူထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

မော်လမြိုင်တွင် ၄၄၇ မှု၊ ချောင်းဆုံတွင် ၄၂ မှု၊ ကျိုက်မရောတွင် ၇၀ ၊ မုဒုံတွင် ၉၃ မှု၊ သံဖြူဇရပ်တွင် ၆၇ မှု၊ ရေးမြို့တွင် ၁၂၀၊ ပေါင်မြို့တွင် ၉၄ မှု၊ သထုံတွင် ၁၇၉ မှု၊ ဘီးလင်းတွင် ၈၇ မှုနှင့် ကျိုက်ထိုတွင် ၁၁၆ မှု အမှုဖွင့် အရေးယူထားခြင်း ဖြစ်သည်။

“အဓိက ကျွန်တော်လုပ်တဲ့ ရည်ရွယ်ချက်က ယာဉ်အန္တရာယ်ကင်းရှင်းပြီး လူ့အသက်သေဆုံးမှုလျော့ကျစေဖို့ဖြစ်တယ်။ စီမံချက်ဆိုတဲ့ သဘောတရားက သူ့ကာလ သူ ရှိတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

လင်းယုန်စီမံချက်နှင့် ပတ်သက်၍ ဝေဖန်မှုအချို့ရှိနေသော်လည်း အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန်ဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ  ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးက ဆိုသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်