Advertisements

ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ သထုံသို့ လာရောက်လေ့လာ

သထုံ ဇန်နဝါရီ

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဒါရိုက်တာ ဒေါ်မိုးမိုးလွင် ဦးဆောင်သော အဖွဲ့ မွန်ပြည်နယ် သထုံမြို့အ.ထ.က(၂)သို့ ပြီးခဲ့သည့် သီတင်းပတ်က လာရောက်လေ့လာခဲ့ကြောင်းသိရသည်။

အထက်တန်းကျောင်းများ၏ ကျောင်းဆောင်ကြီးများ ပြုပြင်ထိန်းသိမ်းရာတွင် အကြံဉာဏ်များပေးနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန၏ ဖိတ်ခေါ်မှုဖြင့် ဇူလိုင် ၁၇ရက်တွင် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သထုံမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

“ကျွန်မတို့ သထုံ အ.ထ.က(၂)က နှင်းဆီဆောင်နဲ့ စံပယ်ဆောင်တွေက ၁၉၀၅ခုက ဆောက်ထားတဲ့ နှစ်ရာကျော် ကျောင်းဆောင်တွေလေ။ အရမ်းကြီး မပျက်စီးပေမယ့် အုတ်ကြွတ်မိုးတွေက သိပ်မလုံတော့ဘူး။ မိုးယိုတာတွေရှိတယ်။ မိုးယိုတဲ့ ကြမ်းတွေ ဆွေးတာတွေ နည်းနည်းရှိတယ်။ဒါကို ပြုပြင်ဖို့ လိုတယ်”ဟု မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးမော်က ပြောသည်။

ဆက်လက်၍ “နှင်းဆီဆောင်နဲ့ စံပယ်ဆောင်ကလည်း မြို့ပြအမွေအနှစ်လို ဖြစ်နေတော့ လာလေ့လာကြတာပါ”ဟု သူမက ဖြည့်စွက်ပြောသည်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးတွင် အမွေအနှစ် ကျောင်းများကို လှည့်လည်လေ့လာရာမှ သထုံ အ.ထ.က(၂)သို့ ရောက်ခဲ့ကြောင်း ဆိုသည်။

“ပညာရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားမှု အရပေါ့နော်။ သထုံ အ.ထ.က(၂)ကို သွားလေ့လာတယ်။ ကျွန်မတို့က နှစ် တစ်ရာရယ်၊ နှစ် ငါးဆယ်ရယ်လို့ မသတ်မှတ်ပါဘူး။ မြို့ပြ အမွေအနှစ်တန်ဖိုးဝင်ရင် ကျွန်မတို့နဲ့ သက်ဆိုင်တာပါပဲ။ အခု သထုံ အ.ထ.က(၂)က နှင်းဆီဆောင်နဲ့ စံပယ်ဆောင်က ကျောင်းရဲ့အမွေအနှစ်ကလည်း ဖြစ်နေတော့လေ၊ အကုန်လုံးကလည်း တန်ဖိုးထားကြတာတွေရှိနေတော့ ပြင်လို့ရမယ့်နည်းလမ်းနဲ့ ပြင်ရင်လည်း ဘယ်လိုပြင်ရမယ် ဆိုတာမျိုး ဝင်လေ့လာတာပါ”ဟု ဆိုသည်။

အဆိုပါအဖွဲ့သည် သထုံ အ.ထ.က(၂)မှတဆင့် သထုံမြို့ရှိ မြို့ပြအမွေအနှစ်ဝင်အိမ်များ ရုံး အဆောက်အဦများကို ဆက်လက်လေ့လာပြီး ဇန်နဝါရီလ ၁၈ရက်နေ့တွင် ကျိုက်ထို အ.ထ.က(၁)သို့လည်း ဆက်လက်လေ့လာသည်ဟု သိရသည်။

ယင်းကျောင်းတွင်လည်း ၁၉၀၅ခုကတည်းက ဆောက်လုပ်ထားသော မြို့ပြအမွေအနှစ်ဝင် ကျောင်းဆောင်ဟောင်းရှိသည်ဟု သထုံမြို့နယ် ပညာရေးမှူး ဒေါ်ခင်အေးမော်က ဆိုသည်။

စောပဏ်(ဖူးငုံရတနာ)

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်