Advertisements

ဘာလီကျွန်းပတ်ဝန်းကျင်ထိန်းသိမ်းရန် နိုင်ငံခြားခရီးသွားများထံမှ အခွန်သီးသန့်ကောက်မည်

ဂျာကာတာ ဇန်နဝါရီ ၂၀

အင်ဒိုနီးရှားနိုင်ငံ၏ နာမည်ကျော် ဘာလီကျွန်းသို့ လာရောက်မည့် နိုင်ငံခြားခရီးသွားဧည့်သည်တစ်ဦးလျှင် ဒေါ်လာတစ်ဆယ်ကောက်ခံသွားမည်ဖြစ်သည်။ အဆိုပါငွေသည် ဘာလီကျွန်းဝန်းကျင်ကိုထိန်းသိမ်းရန် သီးသန့် အသုံးပြုမည့်ငွေဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရအဖွဲ့က ကြေညာသည်။

အစိုးရထံမှ ချမှတ်ထားသည့်ပတ်ဝန်းကျင်ထိန်းသိမ်းသည့်ရန်ပုံငွေများသည် လုံလောက်မှုမရှိသဖြင့် ခရီးသွားများထံမှ သီးသန့် ငွေကောက်ခံရခြင်းဖြစ်ပြီး ထိုသို့ကောက်ခံခြင်းဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှု ထုံးတမ်းများကို တန်ဖိုးထားကြရန် အသိပညာပေးရာပါ ရောက်မည်ဖြစ်ကြောင်း ဘာလီကျွန်းကိုအုပ်ချုပ်သည့် အစိုးရအဖွဲ့မှ မစ္စတာ ဝါရန်ကိုစတာက ပြောသည်။

“သူတို့ရဲ့ အခွန်ငွေတွေက ဘာလီကျွန်းကို ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးအောင် လုံးဝအထောက်အကူ ပြုနေမှပါ”ဟု ကိုစတာကပြောသည်။

ဘာလီကျွန်းသို့ လာရောက်လည်ပတ်သူအများစုမှာ သြစတေးလျနှင့် တရုတ်နိုင်ငံတို့မှ ဖြစ်ကြပြီး ၂၀၁၇ ခုနှစ်အတွင်း ခရီးသွား ၅ ဒသမ ၇သန်း၊ ၂၀၁၈ ခုနှစ်အတွင်း ၆သန်းကျော်အထိ လာရောက်ကြကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်မှ လူသိများသည့် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ IMFမှလည်း ၎င်းတို့၏ ပုံမှန်အစည်းအဝေးကို ဘာလီတွင် ကျင်းပလေ့ရှိသဖြင့် ဘာလီကျွန်းကို ပိုမို လူသိများစေခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလမှစတင်ကာ ဘာလီကျွန်းတွင် ပလက်စတစ်များ၊ ပလက်စတစ်ပိုက်များနှင့် အမှိုက်များ များပြားလာသဖြင့် ထိုအခက်အခဲကို လူအင်အားသုံးဖြေရှင်းရန် ယခုကဲ့သို့ အခွန်ငွေကောက်ခံရခြင်းဖြစ်ပြီး ထိုသို့ကောက်ခံခြင်းဖြင့် အမှိုက်မပစ်စေရန်ပါ တစ်ပါတည်း တိုက်တွန်းပြီးသား ဖြစ်သွားမည် ဖြစ်သည်။

ထို့ကြောင့် ဥပဒေပညာရှင်များက နိုင်ငံခြားခရီးသွားများထံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အခွန်ကောက်ခံရန် သီးသန့် ဥပဒေမူဘောင်ရေးဆွဲခဲ့ပြီး ယခုနှစ်စတွင် စတင် ကြေညာခဲ့ခြင်းဖြစ်သည်။

“ခရီးသွားတွေက ဒီအနေအထားကို နားလည်ကြပါတယ်။ စပြီးကောက်ခံစဉ်ကတည်းကလည်း ကြည်ကြည်ဖြူဖြူ ပေးကြတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ဆိုတော့ အားရပါးရ ထောက်ခံ ကြတယ်” ဟု အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ အခွန်ငွေကို နိုင်ငံခြားခရီးသွားများသာပေးဆောင်ရမည်ဖြစ်ပြီး ပြည်တွင်းမှ လာသူများပေးဆောင်ရန် မလိုကြောင်း သိရသည်။ ။

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်