Advertisements

နွေစပါး ဧက ၆ဝဝ ကျော် တိုးချဲ့ စိုက်ပျိုးမည်

မော်လမြိုင် ဇန်နဝါရီ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်  ဓမ္မသလျှပ်စစ်မြစ်ရေတင်စီမံကိန်း ဧရိယာအတွင်းရှိ လစ် လပ်မြေနေရာများတွင် နွေစပါးဧက ၆ဝဝ ကျော် တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

ယမန်နှစ်များက ရေရရှိမှု နောက်ကျခြင်းနှင့် ရေမလုံလောက်မှုများကြောင့်  နွေစပါး ဧက ၅ဝ ခန့်သာ စိုက်ပျိုးနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

“ဒေသခံတွေနဲ့ ကုမ္ပဏီတွေကို နွေစပါးစိုက်မယ်ဆိုရင် ကျွန်တော်တို့က ကူညီမှာပါ၊ နွေစပါးက တကယ်လို ဖြစ်ထွန်းပါတယ်၊ ပြည်နယ်အတွက်လည်း တကယ်အကျိုးရှိတဲ့အတွက် စိတ်ဝင်တစား လုပ်စေချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဓမ္မသ လျှပ်စစ်မြစ်ရေတင်ဧရိယာအတွင်း မြေဧက ၁၅ဝဝကျော် ရှိသော်လည်း ဒေသခံနှင့် ကုမ္ပဏီများက နွေစပါး စိုက်ပျိုးဧက ၆ဝဝ ကျော် စိုက်ပျိုးရန် စတင်လုပ်ဆောင်ပြီဟု ဦးထွန်းဌေးက ဆိုသည်။

နွေစပါး စိုက်ပျိူးရန် လိုအပ်သော ရေပမာဏကို ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးရန် စိတ်ဝင်စားသူများကိုလည်း အစိုးရအနေဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

ထိုသို့ ငှားရမ်းပေးရာတွင် မြေ ၁ဧကလျှင် ကျပ်၂ဝဝဝဝ နှုန်းဖြင့် ၅နှစ်စာ ငှားရမ်းပေးပြီး ရေသွယ်ရေးအတွက် တစ်ဧကလျှင် ရေမီတာခ ကျပ် ၉ဝဝဝ ပေးရမည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောဆိုသည်။

နွေစပါးစိုက်ပျိုးရေးစီမံကိန်း ပိုမိုကောင်းမွန်စေရန်အတွက် ပြည်နယ်အစိုးရက လျှပ်စစ်မြစ်ရေတင်ဧရိယာ အတွင်း မြောင်းဖော်ခြင်း၊ မြောင်းလက်တံဖော်ခြင်း၊ အသစ်တူးဖော်ခြင်း၊ သန့်ရှင်းရေးလုပ်ကိုင်ခြင်းများ ပြုလုပ်ပေးနေပြီး လာမည့်နှစ်တွင် ဧက ၁ဝဝဝခန့် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောသည်။

ကျိုက်မရောမြို့နယ်တွင် နှစ်စဉ်ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသောကြောင့် လစ်လပ်နေသော မြေဧကပေါင်း တစ်သောင်းကျော်ရှိကြောင်း သိရသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်