Advertisements

မီတာခကောက်ခံမှု မညီမျှသဖြင့် ဒေသခံများ မကျေနပ်

မော်လမြိုင် ဇန်နဝါရီ

ရေးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနေသော ပုဂ္ဂလိက ကုမ္ပဏီများက မီတာခကို တစ်ပြေးညီ မလျှော့ချသည့်အပေါ် ဒေသခံအချို့၏ ဝေဖန်မှုများ ရှိနေသည်။

“ပြည်နယ်အစိုးရနှင့် တရားဝင် စာချုပ်ချုပ်တဲ့ ကုမ္ပဏီကြီးတွေတောင် ဒီလိုဖြစ်နေတယ်ဆိုတော့ ပြောမတတ်တော့ဘူးဗျာ။ ကျေးရွာတွေမှာဆိုရင် တစ်ယူနစ်ကို ၇၅ဝ၊ ၈ဝဝ အထိကောက်နေတုန်းပဲ” ဟု ရေးမြို့ဒေသခံ ဦးအောင်နိုင်ဝင်းက ပြောသည်။

ဒီဇယ်ဈေးကျဆင်းနေသည်မှာ  နှစ်လခန့်ရှိပြီဖြစ်သည့်အတွက် ပြည်သူများ ဈေးနှုန်း ညီတူညီမျှ ခံစားနိုင်အောင် အစိုးရအနေဖြင့် ထိန်းချုပ်ဆောင်ရွက်ပေးသင့်သည်ဟု ၎င်းက အကြံပြုသည်။

အခြားဒေသခံတစ်ဦးဖြစ်သူ ဦးညီသွေးက “ဆီဈေးက တစ်ဈေးတည်းဆိုတော့ မီတာခလည်း တစ်ဈေးတည်းဖြစ်အောင် ညှိနှိုင်းပေးသင့်တယ်။ ဒါမှ မကျေနပ်မှုတွေ လျော့သွားမှာ” ဟုပြောသည်။

မဟာဓာတ်အားလိုင်း မရသော ရေးမြို့နယ်တွင် မြတ်သူရနှင့် SMD (Southern Myanmar Development Co.,Ltd) ကုမ္ပဏီတို့က မီးလင်းရေး ဆောင်ရွက်ပေးလျက်ရှိပြီး  မြတ်သူရကုမ္ပဏီ၏ လက်ရှိ ကောက်ခံနေသော ဓာတ်အားခနှုန်းထားမှာ တစ်ယူနစ် ၅၅ဝ ကျပ်ဖြစ်ပြီး SMD မှာ တစ်ယူနစ် ၄၂၅ ကျပ်ဖြစ်သည်။

မြတ်သူရကုမ္ပဏီတာဝန်ရှိသူ ဦးတင်ရှိန်က ဒီဇယ်ဈေးကျသဖြင့် ဇန်နဝါရီလမှစ၍ တစ်ယူနစ် ၅ဝဝ ကျပ်နှုန်းဖြင့် ပြောင်းလဲကောက်ခံမည်ဟု ဆိုသည်။

“ဒီဇယ်ဈေးတက်တိုင်း ကျွန်တော်တို့ ဈေးတက်လို့ မရဘူး။ ဟိုအချိန်တုန်းက သုံးလလောက် ရှုံးတယ်ပေါ့။ ပြည်နယ်အစိုးရ ခွင့်ပြုချက်နဲ့ တက်ရတာကိုး။ လက်တွေ့မှာ တောင့်ခံနိုင်ဖို့ အနေအထားလိုတယ်” ဟု ၎င်းက ပြောသည်။

မြတ်သူရမှာ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ရဲစခန်းများကို လျှော့ချကောက်ခံထားပြီး SMD နှင့် ဝန်ဆောင်မှု အနေအထား မတူညီသဖြင့် ဈေးနှုန်း အတူတူ ကောက်ခံရန် မဖြစ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ဒီဇယ်ဈေးကျဆင်းလာသည့်အလျောက် မီတာယူနစ်နှုန်းထား လျှော့ချပေးရန် SMD ကုမ္ပဏီပိုင်ရှင် ဦးစိန်ဝမ်းနှင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

SMD ကုမ္ပဏီက ရေးမြောက်ပိုင်းရွာများကို ၂၀၁၈ ဧပြီလတွင် မီတာခတစ်ယူနစ် ၄၂၅ ကျပ်နှုန်းဖြင့် လျှပ်စစ်ဖြန့်ဖြူးခဲ့ကြောင်း၊ အောက်တိုဘာလတွင် ဒီဇယ်ဈေး တစ်လီတာ ၁၀၆၀ ကျပ်ထိ တက်လာသည့်အတွက် တစ်ယူနစ် ၄၉၀ ကျပ်နှုန်း ထပ်မံတိုးမြှင့်ကောက်ခံခဲ့သည်ဟု ၎င်းကပြောသည်။

ကုမ္ပဏီ၏ တွက်ချက်မှုအရ ဒီဇယ်ဈေး တစ်လီတာ ၉၀ဝ ကျပ် ဆိုလျှင် တစ်ယူနစ် ၃၉၆ ကျပ်သာ ကျသင့်ရမည်ဖြစ်ပြီး ယခု ဒီဇယ်ဈေး တစ်လီတာ ၉ဝဝ ကျပ်ဖြစ်နေသောကြောင့် မီတာခလျှော့ပေးရန် တိုက်တွန်းခဲ့သည်ဟု ဒေါက်တာ အောင်နိုင်ဦးက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘုတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်