Advertisements

မက္ကဆီကိုနယ်စပ်တံတိုင်း ကာရံခွင့် ရလျှင် ဒုက္ခသည်များကို ပြည်နှင်ဒဏ်မပေးတော့ဟု အမေရိကန်သမ္မတ ပြော

ဝါရှင်တန် ဇန်နဝါရီ

အမေရိကန်နှင့် မက္ကစီကို နယ်စပ်တစ်လျှောက်တွင် တံတိုင်း ကာရံရန် ရသုံးလိုငွေ ခွင့်ပြုပါက တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းဒုက္ခသည်များကို ပြည်နှင်ဒဏ်ပေးတော့မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောသည်။

အမေရိကန်၌ နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးသူ ဒုက္ခသည် သုံးသိန်းကျော်အပါအဝင် ရွှေ့ပြောင်းလာသူ ဒုက္ခသည် စုစုပေါင်း ခုနစ်သိန်းခန့်ကို နောက် သုံးနှစ်အထိ မောင်းမထုတ်ဘဲ ပြည်နှင်ဒဏ် ကင်းလွတ်ပေးမည်ဖြစ်ကြောင်း သမ္မတထရန့်က မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

သမ္မတထရန့်သည် တံတိုင်းကာရံရန်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၇၀၀ အစိုးရအဖွဲ့ထံမှ တောင်းခံထားပြီး ဒုက္ခသည်များကို ကူညီရန် ဒေါ်လာ သန်း၈၀၀နှင့် နယ်စပ်လုံခြုံရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၈၀၅သန်းကို တောင်းဆိုထားသည်။

သို့သော် အောက်လွှတ်တော်အမတ်များကမူ သမ္မတ၏ တောင်းဆိုမှုကို မလိုက်လျောလိုကြသည်က များကြောင်း သတင်းများတွင် ဖော်ပြသည်။

ထရန့်၏ အဆိုပြုချက်သည် ပြည်သူများ၏ ဘဝကို အမှန်တကယ် စောင့်ရှောက်ပေးနိုင်သည့် အပြုသဘောဆောင်သော ကြိုးပမ်းချက်တစ်ရပ် မဟုတ်သည့်အတွက် လက်သင့်ခံနိုင်စရာ မည်သည့်အကြောင်းမျှမရှိဟု အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီက ငြင်းဆိုသည်။

ထို့ပြင် ဒီမိုကရက်တစ်ခေါင်းဆောင် ချုခ်ရှူမာကလည်း ထရန့်သည် ယခင်က ရွှေ့ပြောင်းဒုက္ခသည်များကို ကာကွယ်ပေးသည့် ဥပဒေအချို့ကို ပယ်ဖျက်ဖူးသည့်အတွက် ယခု မူဝါဒဖြေလျှော့မှုကိုလည်း အယုံအကြည် မရှိကြောင်း ပြောသည်။ ထိုသို့ တောင်းဆိုလာခြင်းသည် အပေးအယူသဘောဆန်ပြီး ဒုက္ခသည်များအတွက် ပိုထူးလာမည်မဟုတ်ဟု ၎င်းက ဝေဖန်လိုက်သည်။

ထိုသို့ လူဝင်မှုကြီးကြပ်ရေး မူဝါဒကို လျှော့ချပေးခြင်းသည် နယ်စပ်တံတိုင်း မဖြစ်မနေ ကာရံနိုင်ရန် ဒီမိုကရက်တစ် ခေါင်းဆောင်များနှင့် ညှိနှိုင်းလိုသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

CNN

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်