Advertisements

ပြည်သူ့ပါတီ မွန်ပြည်နယ် အလုပ်အမှုဆောင်ကော်မတီဖွဲ့မည်

မော်လမြိုင် ဇန်နဝါရီ

ပြည်သူ့ပါတီ၏ မွန်ပြည်နယ် အလုပ်အမှုဆောင်ကော်မတီကို လာမည့်ဖေဖော်ဝါရီ နောက်ဆုံးအပတ်တွင် ဖွဲ့စည်းမည်ဟု ယင်းပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စည်းရုံးရေးဌာနမှူး ဦးကျော်လင်းက ပြောသည်။

လက်ရှိတွင် ချောင်းဆုံ၊ မော်လမြိုင်၊ ကျိုက်မရော၊ ပေါင်၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထို မြို့နယ်များ၌ စည်းရုံးရေးကော်မတီ ဖွဲ့စည်းထားပြီး ကျိုက်မရောတွင် ရပ်ကျေးအဆင့်ထိ ဖွဲ့စည်းထားကြောင်း ၎င်းကပြောသည်။

“ပါတီဖြစ်မြောက်ရေး သွားတဲ့အချိန်မှာ မြို့နယ်တွေအခြေစိုက်ထားတဲ့ အင်အားလောက်ပဲ စုဆောင်းထားတယ်။ တခြား ပါတီဝင် တိုးချဲ့တဲ့ဟာတွေကို စာရင်းပြုစုတုန်းပဲ ရှိသေးတယ်။ ပါတီဝင် စိစစ်ပြီးတဲ့အခါကျမှ ပါတီဝင်ကတ်ပြားတွေ နံပါတ်တွေ ထုတ်ပေးပြီးတော့မှ ပြောလို့ ရမယ်” ဟု ၎င်းကဆက်ပြောသည်။

စည်းရုံးရေးကော်မတီများကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူး စသော တိုင်းဒေသကြီး ၅ ခုနှင့် မွန်နှင့် ကရင်ပြည်နယ် မြဝတီမြို့တွင် ဖွဲ့စည်းထားသည်ဟုဆိုသည်။

“ပြည်သူ့အတွက်ကို ပြည်သူ့အသံဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ပြည်သူကြားထဲမှာ ထဲထဲဝင်ဝင် ပြည်သူ့အရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ပြည်သူ့ပါတီဖော်ဆောင်နေပြီလို့ မက်ဆေ့ချ် ပေးချင်ပါတယ်” ဟု ဦးကျော်လင်းက ပြောသည်။

မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ ညှိနှိုင်းရေးမှူး မင်းအောင်ထူးက ပြည်သူ့ပါတီသည် ယင်း၏ နိုင်ငံရေးမူဝါဒလမ်းစဉ်အောက်တွင် ပြည်သူ့အတွက် တတ်နိုင်သလောက် လုပ်ဆောင်သွားမည်ဟု ထင်မြင်မိကြောင်း ပြောသည်။

“သူတို့ရဲ့ရပ်တည်ချက်နဲ့ စွမ်းဆောင်မှုက ပြည်သူတွေအပေါ် ဘယ်လောက် အကျိုးပြုမလဲ။ နောက်ပြီး တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး ဘယ်လောက်ထိ နားလည်မှုရှိမလဲ၊ ပူးပေါင်းပါဝင်မှုရှိမလဲ ဆိုတဲ့အပေါ်မှာ မျှော်လင့်နေတယ်” ဟု ဆိုသည်။

ပြည်သူ့ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ယမန်နှစ် သြဂုတ်လ ၂၃ ရက်တွင် တရားဝင်မှတ်ပုံတင်ခွင့်ပြုလိုက်သည်။

ပါတီဥက္ကဋ္ဌမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးဖြစ်ပြီး စတင်ဖွဲ့စည်းစဉ်က ရှစ်လေးလုံးပါတီဟု အမည်ပေးထားရာ ဝေဖန်မှုများကြောင့် ပြည်သူ့ပါတီဟု အမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်