Advertisements

စိုက်ပျိုးရေး ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံကြရန် ပြည်နယ်အစိုးရ ဖိတ်ခေါ်

မော်လမြိုင် ဇန်နဝါရီ

မြေလွတ်မြေလပ်ပေါများသော ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍ၌ လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးကပြောသည်။

“ကျွန်တော်တို့ ဖိတ်ခေါ်နေပါတယ်။ ပြည်တွင်းရော ပြည်ပရော အထူးသဖြင့် အတ္ထရံလိုမျိုးနေရာမှာဆိုရင် မြေလွတ် မြေလပ်တွေ ဧကသောင်းနဲ့ချီရှိတယ်။ ပြည်နယ်အစိုးရလည်း တတ်နိုင်သလောက် ဦးဆောင်ပြီးတော့ ဒေသခံတွေကို စံပြစိုက်ကွက်လေးတွေ လုပ်ပြတယ်” ဟု ၎င်းက ပြောသည်။

အမြောက်အမြား စိုက်ပျိုးရာတွင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအလွန်အကျွံ သုံးစွဲမှုကြောင့် မြေဆီလွှာပျက်စီးနိုင်သဖြင့် အော်ဂဲနစ် စနစ်ဖြင့် သွားစေလိုကြောင်း ၎င်းကဆက်ပြောသည်။

“တစ်ချိန်က မလုပ်ရဲကြဘူး။ နိုင်ငံခြားကို မျှော်တော့လည်း စိုက်ပျိုးမွေးမြူရေးတွေ သိပ်မလာကြဘူး။ ကိုယ့်အားကိုယ်ကိုးပြီး စလုပ်ကြတယ်။ ပြီးတော့မှ အားလုံးစိတ်ဝင်စားလာရင် ရှယ်ယာဝင်မယ် အများပိုင်ပုံစံမျိုးနဲ့” ဟုဆိုသည်။

နောက်ပိုင်း ဒေသခံများ စိတ်ဝင်စားလာပါက ချေးငွေများ ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကာ ပုံစံ ၇ ရမှ ချေးငွေပေးမည်ဖြစ်သောကြောင့် ကြန့်ကြာမှုများရှိသဖြင့် လက်ရှိတွင် ဒေသခံများထက် ကုမ္ပဏီများကို ဦးစားပေးနေသည်ဟုပြောသည်။

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမာလ်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (မွန်ပြည်နယ်) ဥက္ကဋ္ဌ ဦးအေးသန်းက “နိုင်ငံတော်က ဖော်ဆောင်ပေးမယ်ဆိုရင် အဓိကတော့ ရေပေါ့လေ။ မိုးတွင်းကျတော့ ရေမြုပ်တယ်။ နွေကျတော့ ရေမရှိဘူးဆိုရင် အခက်အခဲ နည်းနည်းရှိတယ်” ဟုဆိုသည်။

အစိုးရက ရေရရှိရေးအတွက် ဆည်မြောင်းတူးဖော်ပေးခြင်း၊ မိုးတွင်း ရေမမြုပ်အောင် မြေသားပြုပြင်ရာတွင် ကုန်ကျစရိတ်များသဖြင့် ချေးငွေဖော်ဆောင်ပေးလျှင် ဒေသခံများက စိတ်ဝင်စားမှုရှိလာမည်ဟုလည်း ဆိုသည်။

“ငွေကလည်း ချေးလို့မရဘူး။ မြေကြီးကလည်း တိတိကျကျ ဘယ်နေရာဆိုတာ ချမှတ်ပေးရင် ကျွန်တော်တို့ သွားကြည့်လို့ရတယ်” ဟု ဦးအေးသန်းကပြောသည်။

မွန်ပြည်နယ်၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧက ၁၂ဝ,ဝဝဝ ကျော်တွင် လှပ်မြေ ၆၆၆,၃၄ ဧကပါဝင်ပြီး ကျိုက်မရောမြို့နယ်တွင် အများဆုံးရှိသည်ဟု ပြည်နယ်မြေစာရင်းရုံးထံမှ သိရသည်။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်