Advertisements

ပြည်တွင်း ကြက်သွန်နီ  ရောင်းအားကျ

မော်လမြိုင် ဇန်နဝါရီ

ပြည်တွင်း ကြက်သွန်နီမှာ ယမန်နှစ်ထက် ဈေးနှုန်း ပိုရခဲ့သော်လည်း အရောင်းအဝယ် ကျဆင်းနေကြောင်း မော်လမြိုင် ဈေးကြို ကုန်စည်ဒိုင်မှ ကြက်သွန် လုပ်ငန်းရှင်များက ပြောသည်။

ယခုလို အရောင်းအဝယ် ကျဆင်းနေရခြင်းမှာ တရုတ်၊ အိန္ဒိယတို့မှ ဈေးနှုန်းသက်သာသော ကြက်သွန်များ ဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်ဟု ဈေးကြိုရပ် ကျွန်းဒီပါပွဲရုံပိုင်ရှင် ဦးတင်ခိုင်က ပြောကြားသည်။

“တရုတ်နဲ့ အိန္ဒိယကဝင်တဲ့ ကြက်သွန်နီတွေကလည်း ကျွန်တော်တို့ ပြည်တွင်းကထွက်တဲ့ ကြက်သွန်နီနဲ့ ယှဉ်ရင်တော့ အရည်အသွေးက သိပ်မကွာဘူး။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ထက် ဈေးသက်သာတယ်၊ အဲဒါကြောင့် ပိုပြီး ဝယ်ယူသုံးစွဲမှု များတာပေါ့”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ် ကာလတူတွင် ကြက်သွန်နီ အရောင်းအဝယ်ပုံမှန်ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ကုန်ဈေးနှုန်းလည်း မြင့်တက်လာသောကြောင့် အရောင်းအဝယ်လုပ်ကိုင်ရာ၌ အဆင်မပြေကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မြင်းခြံကြက်သွန်နီ တစ်ပိဿာ ၂၅ဝဝ ကျပ်၊ မြစ်သား ကြက်သွန်နီ တစ်ပိဿာ ၂ဝဝဝ ကျပ် ဖြင့် ရောင်းချနေပြီး တရုတ်ကြက်သွန်နီ တစ်ပိဿာ ၁၁ဝဝ ကျပ်သာ ပေါက်ဈေးရှိနေသည်။

ကြက်သွန်နီဈေးကောင်းသော်လည်း ပစ္စည်းအရည်အသွေး နိမ့်ကျခဲ့သောကြောင့် နယ်ဝေးမှ အရောင်းအဝယ်သမားများ ဝယ်ယူမှု နည်းပါးသွားကြောင်း ဦးတင်ခိုင်က ဆိုသည်။

ပြည်ပကြက်သွန်နီများ ပြည်တွင်းသို့ ထိုးဖောက်လာသောကြောင့် တောင်သူများ၊ ကုန်သည်များနှင့် အရောင်းဒိုင်များအတွက် အထိနာနေသည်ဟု ဈေးကြိုရပ် အန်တီခင် ကုန်ရောင်းဝယ်ရေး ဆိုင်ရှင် ဒေါ်မာမာခင်က ပြောသည်။

“ပြည်တွင်းကြက်သွန်နီက ဈေးနှုန်းမှာတော့ အသာစီး ရခဲ့တာပေါ့၊ ဒါပေမယ့် အရည်အသွေး လျော့ကျတော့ ပြည်ပကြက်သွန်နီတွေ အရောင်းအဝယ် ကောင်းနေတယ်၊ အန်တီတို့ ကြက်သွန်နီတွေကတော့ အရောင်းပါးနေတယ်”ဟု ၎င်းက ပြောသည်။

ပြည်တွင်းမှ စိုက်ပျိုးရောင်းချသော ကြက်သွန်နီ အရည်အသွေး အဆင့်အတန်း ပြန်လည် မြင့်တက်လာပါက ပြည်ပဈေးကွက်ကို ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

တရုတ်ဘက်မှ ဝင်ရောက်လာသော ကြက်သွန်နီများသည် အရည်အသွေး မမြင့်သော်လည်း ဟိုတယ်၊ စားသောက်ဆိုင်နှင့် ထမင်းဆိုင်များတွင် သုံးစွဲမှု ပိုမိုများပြားလာကြောင်း ထပ်မံပြောသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်