အိန္ဒု-ဂျိုင်း-ကော့ကရိတ်လမ်းမကြီး အမြန်ဆုံးပြီးစီးရေး ဆောင်ရွက်လျက်ရှိဟု ဆို

Photo - ပြည်သူ့လွှတ်တော်

မော်လမြိုင် ဇန်နဝါရီ

ကရင်ပြည်နယ်အတွင်းရှိ အိန္ဒု-ဂျိုင်း-ကော့ကရိတ်လမ်းမကြီးကို အမြန်ဆုံးပြီးစီးရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းညှိနှိုင်းပြီး ADB နှင့်ညှိနှိုင်းစီမံ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆို၏။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့အစီအစဉ်ကို ဇန်နဝါရီ ၂၂ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ၎င်းက ယင်းသို့ဆိုသည်။ အစည်းအဝေးတွင် ဘားအံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းလွင်က မေးမြန်းသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာ၌ ယင်းသို့ဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူလူထု၏ ဆန္ဒအရ အိန္ဒု-ဂျိုင်း-ကော့ကရိတ်လမ်းမကြီးအား အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ သိလိုကြောင်း ဒေါ်နန်းသန်းသန်းလွင်က ယင်းနေ့က အစည်းအဝေးတွင် မေးမြန်းခဲ့သည်။ ကရင်ပြည်နယ်တွင် လေယာဉ်လမ်း၊ မီးရထားလမ်း၊ ရေကြောင်းလမ်းများမရှိပါကြောင်း၊ အဆိုပါကုန်းလမ်းတစ်ခုကိုသာ အားကိုးအားထား ပြုနေရခြင်းကြောင့် အိန္ဒု-ဂျိုင်း-ကော့ကရိတ်လမ်းမကြီး ကောင်းမွန်ရန်မှာလည်း ဒေသတစ်ခုလုံးအတွက် အရေးကြီးကြောင်း ဒေါ်နန်းသန်းသန်းလွင်က ဖြည့်စွက်ပြောကြားခဲ့သည်။ မေးခွန်းမေးမြန်းရာတွင် အဆိုပါလမ်းမကြီးနှင့် ပတ်သက်သည့်အကြောင်းအရာများကို ၎င်းက အကျယ်တဝင့် ဆွေးနွေးတင်ပြခဲ့သည်။

မေးခွန်းကို ဒုတိယဝန်ကြီးက ဖြေကြားရာတွင် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ လမ်း၏ အိန္ဒု-ကော့ကရိတ် လမ်းပိုင်းအား ADB ထံမှ ချေးငွေအမျိုးအစား နှစ်မျိုးဖြစ်သော Asian Development Fund ချေးငွေကာလ ၃၂ နှစ်နှင့် ASEAN Infrastructure Fund ချေးငွေကာလ ၂၀ နှစ် စုစုပေါင်း ကုန်ကျငွေ အမေရိကန်ဒေါ်လာသန်း ၁၂၀ ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ချေးငွေစာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ကြောင်း ပြောသည်။

လမ်းကိစ္စအဝဝ ဆောင်ရွက်ရန်အတွက် International Competitive Bidding စနစ်ဖြင့် လုပ်ငန်းတင်ဒါအောင်မြင်သည့် ကန်ထရိုက်တာ China Road and Bridge Corporation (CRBC) ကို တာဝန်ပေးဆောင်ရွက်စေခဲ့ပါကြောင်း၊ ၎င်း CRBC က လုပ်ငန်း စတင်သည့် ၂၀၁၆ ဒီဇင်ဘာလတွင် ငြိမ်းချမ်းရေးရယူထားသော အဖွဲ့အစည်းဖြစ်သည့် ချစ်လင်းမြိုင် ကုမ္ပဏီအား စီမံကိန်းအတွက် လိုအပ်သောကျောက်များကို လွန်းညကျောက်တောင်မှ ထုတ်ယူရန် Sub-contractor အဖြစ် စာချုပ်ချုပ်ဆိုဆောင်ရွက်စေခဲ့ကြောင်း ဝန်ကြီးက ဆို၏။

အဆိုပါလွန်းညကျောက်တောင်မှ ကျောက်များကို ချစ်လင်းမြိုင်ကုမ္ပဏီမှ ကျောက်ထုတ်လုပ်နေစဉ်အတွင်း ဒေသခံပြည်သူလူထုနှင့် ထိပ်တိုက်တွေ့ဆုံ မှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံများ၏ ဆန္ဒပြမှုများနှင့် တွေ့ကြုံခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယင်းသို့ ဒေသခံများ၏ဆန္ဒပြမှုကြောင့် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် ADB ဌာနချုပ်က မြန်မာနိုင်ငံ ADB တာဝန်ခံပုဂ္ဂိုလ်ကို လွန်းညကျောက်တောင်မှထုတ်သည့် ကျောက်များကို လုံးဝထုတ်ယူခြင်းမပြုဘဲ အခြားကျောက်မိုင်းတွင်းများကို ထပ်မံရှာဖွေဆောင်ရွက်ရန်အတွက် ADB National တာဝန်ခံထံ အကြောင်းကြားလာခြင်းကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ဒေသခံပြည်သူများနှင့် ညှိနှိုင်းဆောင်ရွက်ရေးအပါအဝင် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ပြီးကြောင်း ဝန်ကြီးက အကျယ်တဝင့် ဖြေကြားရှင်းလင်းခဲ့သည်။

လွန်းညမှ ကျောက်ထုတ်ယူရေးကိစ္စ ပြေလည်သွားသည့်တိုင် ADB ဌာနချုပ်က လွန်းညကျောက်တောင်အစား အခြားကျောက်ကို အသုံးပြုလိုသောကြောင့် ကရင်ပြည်နယ်အတွင်း၊ မွန်ပြည်နယ်အတွင်း ရှိ ကျောက်တောင်များအားလုံးကို ရှာဖွေပြီး အရည်အသွေးစမ်းသပ်ချက်များ ဆောင်ရွက်ခဲ့ပြီးနောက် စံဖရီးကျောက်မိုင်းကို လောလောဆယ် ရွေးချယ်ထားကြောင်း၊ ၎င်းကျောက်မိုင်းမှ ထုတ်လုပ်ခွင့်အတွက် ယခုအခါ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများကို ပေးပို့၍ တရားဝင်ခွင့်ပြုချက်ရရန်၊ EIA, SIA ခွင့်ပြုချက်များရရှိရန် ညှိနှိုင်းပြီး စာများပေးပို့ထားကြောင်း ဆက်လက်ဖြေကြားခဲ့သည်။

စံဖရီးကျောက်မိုင်းမှ ကျောက်များ အသုံးပြုခွင့်ရရှိရေး ညှိနှိုင်းခွင့်ပြုချက်များ ရရှိပြီးလျှင် လွန်းညကျောက်တောင်တွင် တပ်ဆင်ထားသည့် ကိရိယာများ၊ စက်များအားလုံးကို ရွှေ့၍ စံဖရီးကျောက်မိုင်းတွင် ကျောက်ထုတ်လုပ်ငန်း ပြန်လည်စတင်ပြီး အဆိုပါ လမ်းမကြီးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပေါ်ရှိ ဂျိုင်းကျေးရွာအနီး ပွန်တွန်းဘောတံတားနှင့် ကော့ကရိတ်ကြိုးတံတားအတွက် တံတားဖြတ်သန်းခကိစ္စများကိုလည်း ကရင်ပြည်နယ် အစိုးရအဖွဲ့က လုပ်ငန်းအဆင့်ဆင့် ညှိနှိုင်းပြီးစီး သဘောတူပြေလည်မှုရရှိထားပြီဖြစ်ကြောင်း ဒုတိယဝန်ကြီးက အကျယ်တဝင့် ရှင်းလင်းဖြေကြားခဲ့သည်။

ကိုးကား – ပြည်သူ့လွှတ်တော်

Leave a Reply