ပင်လယ်ကျွန်း ခရီးစဉ် ဇုန်ဝင်ကြေး ပြည်ပဧည့်သည်များထံမှ စမ်းသပ်ကောက်ခံ

ထားဝယ် ဖေဖေါ်ဝါရီ

တနင်္သာတိုင်းဒေသကြီးအတွင်း ပင်လယ်ကျွန်းများသို့ နေ့ချင်းပြန် သွားရောက်သည့် နိုင်ငံခြားသား ဧည့်သည်များထံမှ ဇုန်ဝင်ကြေးကို ဇန်နဝါရီ၂၀ရက်မှ စတင်ကောက်ခံလျက်ရှိသည်။

ဇန်နဝါရီလကုန်အထိ နိုင်ငံခြားသား ၁၆၅၃ဦးထံမှ ကျပ် ၈၂ သိန်းကျော် ကောက်ခံရရှိကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါကာလအတွင်း ထားဝယ်တွင် နိုင်ငံခြားသား ၇၃ဦး၊ မြိတ်တွင် ၂၂၀ဦးနှင့် ကော့သောင်းတွင် ၁၃၆၀ ဦးတို့ထံမှ ဇုန်ဝင်ကြေးများ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စမ်းသပ်ကာလ လတ်တလော ၅၀၀၀ကျပ်ပဲ ကောက်နေတယ်”ဟု ၎င်းကဆိုသည်။

ယင်းသို့ ကောက်ခံခြင်းကြောင့် ဧည့်သည်ဝင်ရောက်မှုနှုန်းမကျဆင်းလျှင် ဇုန်ဝင်ကြေးကို အတည်ပြု သတ်မှတ်ကောက်ခံရန်ရှိကြောင်း ၎င်းကပြော၏။

ထားဝယ်ခရိုင် လောင်းလုံးဘုတ်ကျွန်းသို့ သွားရန် ကမ်းခြေနေရာသတ်မှတ်ထားသော စမ်းလှမ်းကျေးရွာတွင် ဇုန်ဝင်ကြေးကိုကောက်ခံလျက်ရှိသည်။ နောက်ပိုင်းတွင်ထားဝယ် မြို့အနောက်ဖက်ရှိ ကမြောကင်းတံတားတွင် ကောက်ခံရန် အစီအစဉ်ရှိသည်ဟုလည်း သိရသည်။

ထို့အတူ မြိတ်မြို့နှင့်ကော့သောင်းမြို့တို့တွင် မြို့မတံတား၌ ဇုန်ဝင်ကြေးကောက်ခံနေသည်။

ယင်းကောက်ခံရရှိငွေကို ခရီးသွားလုပ်ငန်းအတွက် လိုအပ်သည့် အခြေခံအဆောက်အဦ ဆိပ်ခံတံတား၊ ကြီးကြပ်ရေးရေယာဉ်(စပိဘုတ်)ဝယ်ယူရန် လျာထားကြောင်း၊ ယင်းငွေကို တိုင်းအစိုးရ ဘဏ်စာရင်းစာအုပ်သို့ လွဲှပြောင်းပေးရမည်ဖြစ်ပြီး တိုင်းအစိုးရကတဆင့် ရငွေအပေါ် အချိုးကျ စီမံ အသုံးပြုရန် လျာထားကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသို့ ထီးခီး၊မောတောင်၊ကော့သောင်းနယ်စပ်မှတဆင့် ပြည်ပဧည့်သည် ဝင်ရောက်ခဲ့မှုအခြေအနေမှာ ၂၀၁၆ခုတွင် ၃၃၈,၉၃၈ဦး၊ ၂၀၁၇ တွင် ၃၄၃,၈၂၉ဦးနှင့်၂၀၁၈ တွင်၃၅၈,၇၃၂ ဦး ရှိကြောင်း ဌာနမှတ်တမ်းများတွင် ဖော်ပြထားသည်။

တင့်လွင်

Leave a Reply