ချင်းပြည်နယ်ဘတ်ဂျက်၏ ၆၁ ရာနှုန်းကို လမ်း၊ တံတား တည်ဆောက်ရေးတွင် အသုံးပြုမည်

၁၄ မတ် ၂၀၁၉

ချင်းပြည်နယ်အစိုးရအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘတ်ဂျက်၏ ၆၁ ရာခိုင်နှုန်းကို လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုသွားမည်ဟုသိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်ဘတ်ဂျက်အသုံးစရိတ်မှာကျပ် ၁၄၄,၈၉၆ သန်းခန့်ရှိသည်ဟု သိရပြီး ယင်းအထဲမှ ၆၁ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံကိန်းများအတွက် သုံးစွဲမည်ဟု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်သူ့အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များ စာအုပ်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်က “အဓိကသုံးတာကတော့ လမ်းအတွက်ကိုသုံးတာများတယ်၊ ကျွန်တော်တို့လမ်းမကောင်းတဲ့ခါကျတော့ လမ်းအတွက်ကြီးပဲ၊ ကျွန်တော်တို့ ၆၁ ရာခိုင်နှုန်းလောက်သုံးထားတယ်၊ ပြည်ထောင်စုဘတ်ဂျက်ကရော၊ ပြည်နယ်ဘတ်ဂျက်ဘက်ကရော အဲလိုလေးသုံးထားတော့ အများကတော့ ကျွန်တော်တို့ စိုက်ပျိုးရေးကိုလုပ်ပြီးတော့ စိုက်ပျိုးရေးကို အဓိကအခြေခံတဲ့နေရာတွေမှာ ဘာဖြစ်လို့ အဲလောက်သုံးတာလဲဆိုတော့ ကျွန်တော်တို့ကလည်း လမ်းမကောင်းတာလည်း အဓိကဖြစ်နေတယ်၊ တစ်မြို့နှင့်တစ်မြို့ ဆက်သွယ်လို့မရဘူး၊ တစ်နေရာနှင့်တစ်နေရာ ဆက်သွယ်လို့မရတဲ့ပြဿနာက အဓိကကြီးထွားတာပေါ့” ဟုပြောသည်။

ချင်းပြည်နယ်တွင် ပြည်နယ်ဘတ်ဂျက်မှအသုံးစရိတ်နှင့် ပြည်ထောင်စုဘတ်ဂျက်မှအသုံးစရိတ်ဟူ၍ နှစ်မျိူးရှိပြီး ပြည်နယ်ဘတ်ဂျက်မှ ကျပ် ၆၇, ၀၅၀ သန်းနှင့် ပြည်ထောင်စုမှချပေးသောဘတ်ဂျက်မှ ကျပ် ၂၈,၉၄၅ သန်း၊ ဘတ်ဂျက်တစ်ခုလုံး၏ ၆၁ ရာနှုန်းကို လမ်း၊ တံတားတည်ဆောက်ရေးအတွက် အသုံးပြုရန် လျာထားခြင်းဖြစ်သည်။

ဒုတိယအများဆုံး လျာထားသည့်ကဏ္ဍမှာ ပြည်နယ်ဗဟိုအဖွဲ့အစည်းများ – ကျပ်သန်း ၂၁၃၃၄ (၁၉) ရာခိုင်နှုန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန – ကျပ်သန်း ၈၄၃၁ (၈) ရာခိုင်နှုန်း၊ စည်ပင်သာယာရေးအဖွဲ့များ – ကျပ်သန်း ၆၉၄၇ (၆) ရာခိုင်နှုန်း၊ ပြည်ထဲရေးဝန်ကြီးဌာန – ကျပ်သန်း ၄၆၅၆၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန – ကျပ်သန်း ၉၄၉၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန – ကျပ်သန်း ၈၇၂၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန – ကျပ်သန်း ၃၆၈၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန – ကျပ်သန်း ၂၉၉ တို့အသီးသီးဖြစ်ကြသည်။

ပြည်ထောင်စုမှချပေးထားသည့် ဘတ်ဂျက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အများဆုံးဖြစ်ပြီး ကျပ်သန်းပေါင်း ၂၈၉၄၅၊ ဒုတိယအများဆုံးမှာ ပညာရေးဝန်ကြီးဌာနအတွက် ကျပ်သန်းပေါင်း ၂၄၆၃၃ နှင့် တတိယအများဆုံးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျပ်သန်းပေါင်း ၁၈၃၀၂ တို့ဖြစ်ကြောင်းသိရသည်။

By လားနွန် /ခိုနူမ်းသုန်သတင်း

Leave a Reply