ရိဒ် နှင့် တီးတိန်မြို့အကြား နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ် အိန္ဒိယအကူအညီဖြင့် ဖောက်လုပ်မည်

၁၉ မတ် ၂၀၁၉

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးလမ်းမကြီး ရိဒ် – တီးတိန်အကြား ကားလမ်းကြောင်းအသစ်ကို နှစ်လမ်းသွားဖြင့် အိန္ဒိယနိုင်ငံ၏အကူအညီနှင့် ဖောက်လုပ်သွားမည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“အိန္ဒိယထောက်ပံ့ငွေနဲ့ပဲ အစအဆုံးလုပ်မယ်၊ စီမံကိန်းလုပ်နေပါပြီ၊ အခု လမ်းစီမံကိန်းအတွက် လေ့လာဆန်းစစ်မှုလည်းလုပ်နေပြီ၊ နဂိုသုံးနေတဲ့လမ်းကိုရှောင်ပြီးတော့မှ နောက်လမ်းအသစ်ဖောက်မှာ၊ အိန္ဒိယကလည်း သူတို့သတ်မှတ်တဲ့ဘက်ဂျက်နဲ့ လေ့လာဆန်းစစ်မှုတွေ၊ တချို့ကိစ္စတွေမှာလည်း လျော်ကြေးပေးမှုတွေဘာတွေ အကုန်လုံး တွက်ချက်တိုင်းတာပြီးပြီ၊ ဒါလဲ သူတို့မကြာခင်စမှာပါ” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

ယခုလက်ရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအြဖစ် အသုံးပြုနေသည့် ရိဒ် – တီးတိန်အကြား လမ်းမကြီးသည် တောင်တက်တောင်ဆင်း အလွန်ကြမ်းတမ်းပြီး ခရီးသည်နှင့် ကုန်ပစ္စည်းတင်ယာဉ်များ သွားလာရေးခက်ခဲမှုရှိနေသည့်အတွက် လမ်းကြောင်းအသစ်ဖောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဝန်ကြီးကဆက်ပြောသည်။

“အခုလမ်းက တောင်အတက်အဆင်းကြမ်းတယ်၊ ဒီအဝေးပြေးလမ်းက ဒီကုန်ပစ္စည်းတင်တဲ့သူတွေအတွက် အတက်အဆင်း တော်တော်ခက်ခဲပါတယ်၊ အဲဒါကြောင့် ပြေပြေလေးနဲ့သွားလို့ရမယ့်လမ်းကို ဖောက်လုပ်မယ်၊ အခုလက်ရှိ အသုံးပြုနေတဲ့လမ်းထက်တော့ မိုင် ၂၀ ကျော်လောက် ပိုရှည်သွားမယ်” ဟု ဝန်ကြီးဦးစိုးထက်က ပြောသည်။

ရိဒ် – တီးတိန်ကြား ကားလမ်းကြောင်းသစ်စီမံကိန်းကို အကောင်အထည်ဖော်ပါက ခရီးသွားပြည်သူများအတွက် လုံလုံခြုံခြုံနှင့် အန္တရာယ်ကင်းကင်းဖြင့် သွားနိုင်တော့မည်ဟု ရိခေါဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာက ပြောသည်။

“တကယ်လုပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့လေ၊ ဘာလို့လဲဆိုတော့ အခုလမ်းတွေကလည်း သိတဲ့အတိုင်းပဲလေ၊ ဟိုးအရင်တုန်းက ကားလမ်းတွေကို ပြန်ချဲ့တဲ့လမ်းတွေဆိုတော့ တအား အတက်အဆင်းလည်းကြမ်းတဲ့၊ အန္တရာယ်လည်းတအားများတယ်၊ နောက်ပြီးတော့ မိုင်အားဖြင့် တီးတီန်နှင့် ရိဒ်ဟာမိုင် (၃၀) ကျော်ပဲရှိပေမယ့် လမ်းကကြမ်းတဲ့အခါကျတော့ ကျောက်ခင်းလည်းပဲဘယ်လောက်မှကြာကြာမခံဘူး၊ ဒီမှာ ရေတိုက်စားမှုက တအားကြမ်းတယ်၊ သူတို့လုပ်တဲ့ပုံစံတိုင်း လမ်းကိုပြောင်းမယ်ဆိုရင်တော့ အစပေါင်းများစွာ ခရီးကတော့ ရှည်သွားမယ်၊ ရှည်ပေမယ့်လည်း လူတွေအတွက်ကတော့ အန္တရာယ်ကင်းသွားမယ်” ဟု ဦးချန့်လျန်နာကပြောသည်။

သို့သော်လည်း လုပ်ငန်းဆောင်ရွက်အကောင်ထည်ဖော်ဆောင်ရာတွင် အိမ်၊ လယ်ယာ၊ ဥယျာဉ်ခြံမြေများ ဖြတ်သန်းသွားလာရမည်ဖြစ်သည့်အတွက် ဒေသခံများ နစ်နာမှုမရှိအောင် သင့်တင့်မျှတသည့် လျော်ကြေးများ ပေးစေလိုသည်ဟု ရိခေါဒါရ်အုပ်ချူပ်ရေးမှူးကဆက်ပြောသည်။

ရိခေါဒါရ်မြို့နှင့် တီးတိန်မြို့သည် ၃၃ မိုင်ကျော်ကွာဝေးပြီး ကလေး-တီးတိန်-ရိဒ် ကားလမ်းသည် အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအြဖစ် အဓိကအသုံးပြုနေသည့် လမ်းကြောင်းဖြစ်သည်။

ကလေးနှင့် တီးတိန်အကြား ကားလမ်းသည် အတော်အသင့်အဆင်ပြေသော်လည်း တီးတိန်နှင့် ရိဒ် အကြားကားလမ်းသည် အထူးသဖြင့် မိုးတွင်းကာလတွင် ကားလမ်းဆိုးရွားသည့်ဒဏ်ကို နှစ်စဉ်နှစ်တိုင်း ရင်ဆိုင်ကြုံတွေ့နေကြရသည်။

By လားနွန် ၊ ခိုနူမ်းသုန်သတင်း

Leave a Reply