ဥယျာဉ်ခြံများ ၏ အနာဂတ်

မော်လမြိုင်မြို့၏ နာမည်ကျော် ဒူးရင်း၊ ကြက်မောက်၊ကျွဲကော စသည့် သီးနှံများစိုက်ပျိုးရာ ဥယျာဉ်ခြံများ သည်ကား ဖူဆယ်ဘောလုံးကွင်းနှင့် အပန်းဖြေစရာ နေရာများအဖြစ် ပြောင်းလဲနေသည်။

ယခင်တခေတ်ကလည်း ဥယျဉ်ခြံများ နေရာတွင် ရာဘာစိုက်ခင်းများ မင်းမူခဲ့သောကြောင့် မွန်ပြည်နယ် ဥယျာဉ် ခြံမြေလုပ်ငန်း၏ အနာဂတ်သည်ကား ဝေဝေဝါးဝါးဖြစ်လာခဲ့ရသည်။

မော်လမြိုင်မြို့ ဂွေးကုန်းရပ်ကွက်တွင်နေထိုင်ပြီး ငယ်စဉ်ကတည်းက ဘိုးဘွားများ အမွေအနှစ်ဖြစ်သော ခြံလုပ်ငန်းတစ်ခုတည်းကိုသာ အသက် ၅၇ နှစ်အရွယ်လုပ်ကိုင်လျက်ရှိသည့် ဦးဆွန်လှိုင်ကမှု မော်လမြိုင် ဥယျာဉ်ခြံလုပ်ငန်းက အလုပ်မဖြစ်တော့ဟု ပြောသည်။

“ဥယျာဉ်ခြံက အရင်ကလိုမဟုတ်တော့ဘူး။ နည်းသွားပြီ။ တချို့ကျတော့လည်း ခြံကို အကွက်ရိုက်ပြီးရောင်းလိုက်တာတို့ ဘာတို့ရှိတယ်လေ” ဟု ဥယာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူများ ကြုံတွေ့နေရသည့် အခက်အခဲကို ပြောပြသည်။

မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးကလည်း ဥယျာဉ်ခြံ လုပ်ငန်းအတွက် မြေအခက်အခဲကားပို၍ ကြီးထွားလာသည်ဟု တပ်လှန့်လိုက်သည်။

“ လက်ရှိစိုက်ပျိုးနေတဲ့သူတချို့ကလည်း တစ်နိုင်တစ်ပိုင်ပဲ စိုက်ပျိုးနေကြတာဖြစ်တယ်” ဟု ဦးထွန်းဌေးကဆိုသည်။

သို့သော် မွန်ပြည်နယ်တွင် ကျွဲကော၊ ဒူးရင်း ၊ ကြက်မောက် သီးများကို စီးပွားဖြစ်စိုက်ပျိုးနေသူများ ရှိသေးသည်။

မွန်ပြည်နယ်တွင် မြေစာရင်းဌာနစာရင်းများအရ ကျွဲကောစိုက်ပျိုးသည့် မြေဧက ၂,၃၄၈ ရှိပြီ တစ်ဧကလျှင် ကျွဲကောအလုံးရေ ၅ဝ,၆၀၀ လုံး ကျော် ထွက်ရှိကြောင်း ကျွဲကောစိုက်ပျိုးနေသည့် ခြံရှင်များထံမှ သိရသည်။

မွန်ပြည်နယ်ရှိ သစ်သီးဝလံစိုက်ပျိုးမြေနည်းပါးလာပြီဟုဆိုသော်လည်း လက်ရှိအချိန်တွင် မြေလွတ်မြေရိုင်း၊ မြေလတ် ၆၀,၀၀၀ ခန့်ကျန်ရှိနေပြီး မြေလွတ် မြေလတ် ဧက ၅၀,၀၀၀ ခန့်မှာ ကျိုက်မရောမြို့နယ်တွင် ကျန်ရှိနေသေးကြောင်း ဝန်ကြီးက ပြောသည်။

မည်သို့ပင်ဆိုစေ မွန်ပြည်နယ်ထွက် ဥယျာဉ်ခြံမြေ သီးနှံများသည်ကား ဈေးကွက်တွင်နာမည်ကောင်း ရနေသေးသည်။

ယခုနှစ်ဈေးကွက်တွင်မှု ဒေသထွက် ဒူးရင်းသီး တစ်လုံးလျှင် ၂,၅၀၀ ကျပ်မှ ၅,၀၀၀ ကျပ်အထိ ဈေးကောင်းရရှိနေပြီး ထွက်ရှိသည့် အသီးများလည်း အရောင်းသွက်နေသည်။

သို့သော်လည်း စိုက်ပျိုးသူ နည်းလာပြီး ထိုင်းနိုင်ငံထွက် သီးနှံများကို မယှဉ်နိုင်သေး။ ထိုင်းနိုင်ငံထွက် သီးနှံများ က မှု ဒေသထွက်သစ်သီးများထက်ပိုပြီး ဈေးကောင်းရသည်။

ထိုင်းနိုင်ငံထွက် ဒူးရင်းသီးဈေးကွက်မှာ တစ်ကီလိုလျှင် ၄,၀၀၀ ကျပ်နှုန်းရှိနေပြီး လက်ရှိအချိန်တွင် ယိုးဒယား ဒူးရင်းသီး တစ်လုံးလျှင် ၁၀,၀၀၀ ကျပ်ခန့် ပေးဝယ်နေရသည်။

မွန်ပြည်နယ်ထွက် ကြက်မောက်သီး တစ်ကီလိုလျှင် ၂,၅၀၀ ကျပ်နှင့် ၃,၀၀၀ ကျပ်ကြားတွင် ရှိနေပြီး ကျွဲကောတစ်လုံးလျှင် ၃,၀၀၀ မှ ၆,၀၀၀ ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း သိရသည်။

“ကျွန်တော်ဆီမှာ ရာသီကုန်သွားရင် ဒူးရင်းသီးတွေ ပျောက်သွားတယ်။ အဲဒီအချိန်မှာ ထိုင်းဘက်က ဝင်လာတဲ့ အသီးတွေက ဆယ့်နှစ်ရာသီ ထွက်ရှိနေတယ်။ အဲဒါကြောင့် အဲဒီ (ထိုင်းနိုင်ငံထွက်) အသီးအနှံတွေကိုပဲ အများဆုံး စားသုံးနေကြရတာပေါ့”ဟု ဦးဆွန်လှိုင်က ဈေးကွက်အခြေအနေကို နှိုင်းယှဉ်ပြောပြသည်။

မော်လမြိုင်မြို့ ဖက်ခင်းလမ်း မြင့်မြင့်မွန် သစ်သီးစုံ ရောင်းဝယ်ရေး ဆိုင်က ဦးမင်းကျော်ကျော်ဦးကမှု သူကိုယ်တိုင်လည်း ဥယျာဉ်ခြံ လုပ်ငန်းကိုလုပ်ကိုင်နေပြီး ဒေသထွက် ဥယျာဉ်ခြံ သီးနှံဈေးကွက်၏ အခက်အခဲ ကို အခုလိုရှင်းပြသည်။

“ ဒီက ခြံထွက်ပစ္စည်းက သုံးမျိုးလေးမျိုးပါတာပေါ့။ နာနတ်၊ ကျွဲကော၊ ဒူးရင်း ရှိမယ်။ ကျန်တာက ထိုင်းနိုင်ငံကလာတာများတာပေါ့။ ဝယ်တဲ့သူ မေးတဲ့အပေါ်မှာမူတည်ပြီးတော့ ကိုယ်ကယူတာပေါ့။ ဟိုမှာ ထိုင်းသီးနှံပစ္စည်းက ဒီမှာကျတော့ နည်းနည်းများတယ်။ ခန့်မှန်းခြေခံ အနည်းဆုံး ၈ မျိုးလောက်ရှိတယ်။” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ဥယျာဉ်ခြံလုပ်ငန်း အကျဘက်ရောက်လာပြီး ထိုင်းနိုင်ငံထွက် သီးနှံများကို မယှဉ်နိုင်ရခြင်းမှာ စိုက်ပျိုးသူနည်းပါလားခြင်း၊ ဥယျာဉ်ခြံမြေ နည်းလာခြင်းအပြင် အစိုးရ၏ ပံ့ပိုးမှု အားနည်းခြင်းမှာလည်း အချက်တစ်ချက်ဖြစ်သည်ဟု ဦးဆွန်လှိုင်က ထောက်ပြသည်။

“ဒီလိုအခက်အခဲတွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရဌာနဆိုင်ရာတွေက ဘာမှကူညီထောက်ပံ့ပေးတာ မရှိဘူး။”ဟု သူဆိုသည်။

ဥယျာဉ်ခြံလုပ်ငန်းကို ကိုယ်တိုင်လုပ်ကိုင်နေပြီး သစ်သီးဝလံ ဆိုင်ကိုပါ ဖွင့်လှစ်ထားသော ဦးမင်းကျော်ကျော်ဦး ကလည်း “ အစိုးရအနေနဲ့ အဲ့လိုမျိုးပံ့ပိုးမှုရှိရင်တော့ တော်တော်လေးတိုး တက်ပြီးကောင်းလာမှာပေါ့။ လုပ်တဲ့သူပိုများ လာမှာပေါ့။ ချေးငွေဖြစ်ဖြစ် ဘာဖြစ်ဖြစ် အတိုးနှုန်းသက်သက်သာသာနဲ့ ချေးငွေထုတ်ပေးရင်ပေါ့နော်” ဟု အကြံပြုပြောဆိုသည်။

မွန်ပြည်နယ် အစိုးရကမှု ယင်းပြသနာများအတွက် မှုဝါဒချမှတ်ထားပြီးသည်ဟု ပြောဆိုသော်လည်း အဆိုပါ မှုဝါဒသည် ဥယျာဉ်ခြံပိုင်ရှင်များ အကျိုးခံစားနိုင်မည့် အခြေအနေကို မရောက်သေးပေ။

“စိုက်ပျိုးရေးဘက်က ဘာမှမထောက်ပံ့ဘူး။ စိုက်ဖို့မြေကြီးလည်း မဖန်တီးပေးနိုင်ဘူး” ဟု ဟင်းသီးဟင်း ရွက်နှင့် သစ်သီးဝလံပန်းမန် စိုက်ပျိုးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးအေးသန်းက ပြောဆိုသည်။

ဥယျာဉ်ခြံ ပိုင်ရှင်များ ကို နောက်ထပ်စိန်ခေါ်နေသော ကိစ္စရပ်သည်ကား ရာသီဥတုပြောင်းလဲ လာခြင်း နှင့် ရေရှား ပါးလာခြင်း ဖြစ်သည်။

ရေရှားပါလာခြင်းကြောင့် လည်း စိုက်ပျိုးသူများ စိတ်ပျက် ၍ ဥယျာဉ်ခြံ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခြင်း မရှိသည်ကလည်း အဓိက အကြောင်း အချက်တစ်ခု အဖြစ်ပါဝင်နေသည်။

“ဒီနှစ်လိုမျိုးဆိုရေရှားလို့ရေမရှိဘူး။ ရေမရှိတော့အပင်သေကုန်တာပေါ့။ အဓိကကတော့ ရာသီဥတုကြောင့်ပဲ” ဟု ခြံလုပ်ငန်းလုပ်ကိုင်သူ ဦးဆွန်လှိုင်ကပြောသည်။

မည်သို့ဆိုစေ တချိန်က စီးပွားဖြစ်ခဲ့သော မွန်ပြည်နယ် ဥယျာဉ်ခြံ လုပ်ငန်း သည်ကား အချိန်ကြာညောင်းလာ သည့် နှင့် အမျှ အကျဘက်သို့ရောက်ခဲ့သည်။

ဥယျာဉ်ခြံမြေတို့ ၏နေရာတွင် လူနေအိမ်များ ၊ ရပ်ကွက်များ ၊ အပန်းဖြေစရာ နေရာများ ဖြင့် တဖြည်းဖြည်း ပြောင်းလဲ လာခဲ့သည်။

ရာသီဥတုပြောင်းလဲလာမှု ၊ရေရှားပါးလာမှု ၊ ယနေ့ခေတ်လူများ ဥယျာဉ်ခြံ လုပ်ငန်း ကိုလုပ်ကိုင်ရန် စိတ်ဝင်စားမှု နည်းပါလာခြင်း၊ နည်းပညာ ပိုင်းအားနည်းခြင်း ၊ ခေတ်အဆက်ဆက် အစိုးရထောက်ပံ့မှု မရှိခြင်းကြောင့် ဥယျာဉ်ခြံများ ၏ အနာဂတ်သည်ကား ဝေဝါးလာသည်။

ဥယျာခြံများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသူကတော့ ဂွေကုန်း ရပ်ကွက်နေ ခြံပိုင်ရှင် ဦးဆွန်လှိုင်ဖြစ်သည်။

“ ဥယျာဉ်ခြံနဲ့ပတ်သက်ပြီးတော့ စီးပွားဖြစ်တွေက တော်တော်ရှားသွားပြီ ။ ဘိုးဘွား ပိုင်ရှိတဲ့ခြံတွေကိုပဲ ရေလောင်း၊ မြေသြဇာထည့်၊ အသစ်တွေပြန်စိုက်၊ သားတွေသမီးတွေပညာတတ်အောင်သင်၊ ပြီးတော့ သူတို့ကအပြင်ထွက်လုပ်ပေါ့ ။ ဒီခြံကထွက်တာနဲ့ စားလို့မှမလောက်တော့ပဲ” ဟု သူကဆိုလေသည်။

ခေတ်မင်း

Leave a Reply