အရှိန်ကောင်းနေဆဲ မွန်ပြည်နယ် ပညာရေး

ယခုနှစ် ၂၀၁၉ ဧပြီ ၁ ရက်တွင် နိုင်ငံတစ်ဝန်း ရှိသော လူဦးရေမှာ ၅၄ ဒသမ ၁၀ သန်း ဖြစ်ကြောင်းသိရသည်။ ၂၀၁၄ သန်းခေါင်စာရင်းလူဦးရေကို အခြေခံ၍ ခန့်မှန်းတွက်ချက်ထားသည့် အရေအတွက်ပင်။

ပြီးခဲ့သည့် ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ အထက်တန်း ၊ အလယ်တန်း ၊ မူလတန်း ကျောင်းသား/ကျောင်းသူအရေအတွက် ၉ သန်းကျော်ရှိကြောင်း အစိုးရ ကထုတ်ပြန်ထားသည်။ ယင်းအချက်ကြောင့် နိုင်ငံလူဦးရေ၏ ၆ ပုံ ၁ ပုံမှာ အခြေခံပညာအဆင့် ကျောင်းသား၊ကျောင်းသူများ ဖြစ်သည်ဟု ဆိုရန် အကြောင်းရှိသည်။

မွန်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက်စာရင်း နှင့် ပညာ ရေးဝန်ကြီးက ထုတ်ပြန်ထားသော ကျောင်းသား အရေအတွက် စာရင်းများ အရ ပညာရေးကိုဦးစားပေးသည့် ပြည်နယ်တစ်ခုဟု ဆိုနိုင်သည်။ မွန်ပြည်နယ် ရှိ ကျောင်းသူ/ကျောင်းသား ဦးရေ လေးသိန်းကျော်ရှိသည်။ ကိန်းဂဏန်း အတိအကျမှာ ၄၀၉,၅၁၆ ဦးဖြစ်သည်။

ပြည်နယ်တွင် စာတတ်မြောက်မှုရာခိုင်နှုန်းမှာ ၈၆ ဒသမ ၆ ရာခိုင်နှုန်း ရှိနေသည်ဟုလည်း၂၀၁၄ သန်းခေါင်စာရင်းတွင် ပြဆို၏။

ကျောင်းတက်ရောက်မှုအခြေအနေမှာ အသက် ၅ နှစ်နှင့်အထက် အိမ်ထောင်စုလူဦးရေ စုစုပေါင်း ၁၇၅၈၉၈၄ ဦးတွင် ၃၅၄၈၇၈ ဦးရှိနေကြောင်း ၂၀၁၄သန်းခေါင်စာရင်း တွင် ဖော်ပြခဲ့သည်။

သို့ဖြစ်ရာ ယခု မကြာမီ စတင်ဖွင့်လှစ်တော့မည့် ပညာသင်နှစ်တွင် မွန်ပြည်နယ် လူဦးရေ၏ ၂၀ ရာခိုင်နှုန်း ကျော်သော အရေအတွက်ရှိသည့် ကျောင်းသူကျောင်းသူများမှာ စာသင်ကျောင်းအသီသီးသို့ ကိုယ်စီကိုယ်ငှ တက်ရောက်ကြတော့မည်ဖြစ်လေသည်။

ပြည်နယ်တွင် ကျောင်းသားကျောင်းသူ အရေအတွက်နှင့် ဆရာ ဆရာမ ဦးရေ အချိုးမှာလည်းဆိုးဆိုးရွားရွား ကွာဟနေခြင်းမရှိကြောင်းလည်း ပြည်နယ်ပညာရေးမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင် ကပြောကြားသည်။

ပြည်နယ်ပညာရေး အစဉ်အလာ

၂၀၁၈ – ၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများလည်း မကြာမီ ထုတ်ပြန်ကြေညာ တော့မည်ဖြစ်သည်။

မွန်ပြည်နယ်သည် ပညာရေး အစဉ်အလာ ကောင်းမွန်ခိုင်ခံ့ခဲ့သည်ကို ကိန်းဂဏန်းများက သက်သေပြ ညွှန်းဆိုနေကြသည်သာ။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ၂၀၁၈ ခုနှစ် ဇွန် ၂ ရက်တွင် တစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်း နှစ်တွင် မွန်ပြည်နယ်မှာ ၂၅၉၁၈ ဦး ဖြေဆိုသည့်အနက် ၉၆၉၉ ဦးအောင်မြင်ပြီး အောင်ချက် ၃၇ ဒသမ ၄၂ ရာခိုင်နှုန်း ရရှိထား၏။ ထိုစဉ်က မန္တလေးတိုင်းဒေသကြီးတွင် အောင်ချက် ၃၈ ဒသမ ၁၇ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် အောင်ချက် ၃၇ ဒသမ ၅၅ ရာခိုင်နှုန်း ရရှိခဲ့သည်။

မွန်ပြည်နယ်သည် ယခင်က ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင်သာ တနင်္သာရီတိုင်းဒေသကြီးနောက် ကျကာ အောင်ချက် ဒုတိယ အကောင်းဆုံး ရရှိခဲ့ပြီးနောက် ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်တွင် ၄၂ ဒသမ ၅ဝ ရာခိုင်နှုန်း၊ ၂ဝဝ၉-၂ဝ၁ဝ တွင် ၄၂ ဒသမ ဝ၈ ရာခိုင်နှုန်း၊ ၂ဝ၁ဝ-၂ဝ၁၁ တွင် ၄၃ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၁၁-၂၀၁၂ တွင် ၅၂ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ တွင် ၄၇ ဒသမ ၃၈ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ တွင် ၄၆ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက် အကောင်းဆုံးအဖြစ် ၆ နှစ်ဆက်တိုက် ရပ်တည်ခဲ့သည်။

ယခင်နှစ်များတွင်လည်း အောင်ချက်အကောင်းဆုံးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သည်။

“အားသာချက် အဓိကကတော့ ပြည်နယ်မှာ ကျောင်းသူ ကျောင်းသားရော၊ ဆရာ ဆရာမရော၊ မိဘရောက ပညာရေးကို လိုလားတဲ့ သဘောသဘာဝ ရှိတယ်” ဟု ပြည်နယ်ပညာရေးမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်က ဆိုသည်။

ပညာရေးအစဉ်အလာကို ဒေသတည်ငြိမ်အေးချမ်းမှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု၊ ယင်းနှင့် ဆက်စပ်လျက် စီးပွားရေးအထိုက်အလျောက် ပြေလည်မှုတို့ကလည်း ပံ့ပိုးနေကြောင်း ၎င်းက သုံးသပ်သည်။ ယင်းအပြင် ပြည်နယ်အစိုးရ ရှေ့အဆက်ဆက်တွင်လည်း ပညာရေးကဏ္ဍကို ဦးစားပေး ဆောင်ရွက်ခြင်း၊ ပူးပေါင်း ပါဝင်ခြင်းတို့ ရှိခဲ့ကြောင်း ပြော၏။ ယင်းအပြင် “ဒေသခံ လုပ်သားပြည်သူ လူထုရဲ့ ဒီ(ပညာရေးကဏ္ဍ)အပေါ်မှာ စိတ်ဝင်စားမှု အားကောင်းတဲ့အပိုင်းကလည်း ကျွန်မတို့အတွက် အများကြီး အထောက်အပံ့ဖြစ်စေပါတယ်”ဟု ဒေါက်တာ ချိုချိုမြတ်အောင်က ဆို၏။

အလားတူ ပြည်နယ်အတွင်း ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများအနက် ထိပ်တန်းစာရင်းဝင် ပါရမီ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသက်ဝေကလည်း ပြည်နယ် ပညာရေး အစဉ်အလာ ကောင်းအပေါ် “မိဘတွေရော၊ ဆရာ ဆရာမ ရော၊ ကျောင်းသားတွေရော သုံးဘက်ညီလို့  လို့ ယူဆတာပဲ”ဟု မှတ်ချက်ပြုသည်။

သုံးနားညီတြိဂံကဲ့သို့ မျှတနေသော ယခု သွင်ပြင်ဟန်ပန်ကို ဆက်ထိန်းထားနိုင်လျှင် ယခင်ရှိပြီး အစဉ်အလာကို တစ်ဆက်တည်း ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ဆယ်စုနှစ် ကာလချီ ကာ သင်ကြားရေး အတွေ့အကြုံသမ္ဘာရင့် ကျောင်းဆရာကြီး တစ်ဦးက ဆို၏။

“အလွတ်ကျက် ပညာရေး(Parrot Learning )ပုံစံထက် တကယ့်ကို နားလည်တတ်ကျွမ်းတဲ့ အခြေအနေရှိလာအောင် ကျောင်းသားတွေလည်း ကြိုးစား၊ မိဘတွေကလည်း ပါဝင်ကူညီ ၊ ဆရာများကလည်း ပံ့ပိုးဆိုရင်တော့ အဆင်ပြေသွားကြမှာပါ”ဟု ဘီလူးကျွန်း၊ ချောင်းဆုံမြို့ရှိ Star Education Centre တည်ထောင်သူ ဦးအေးကြူက ပြောသည်။ သူက ၁၉၉၉ ဝန်းကျင်မှ စကာ ကိုယ်ပိုင်သင်တန်းကျောင်း ဖွင့်လှစ်လျက် အခြေခံပညာ အထက်တန်းအဆင့် ဘာသာစုံ ပုံမှန် တန်းခွဲများ သင်ကြားပို့ချနေသူပင်။

မည်သို့ဆိုစေ… တြိဂံအနား အားလုံးမှာ ရှေ့လာမည့် ပညာသင်နှစ်သို့ ရှေးရှု မျက်နှာမူနေကြလေသည်။

မိဘကိုယ်တိုင် လေ့လာရတော့မည်

အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်းများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ – ၁၇ ပညာသင်နှစ်မှ စတင်၍ ပြုပြင်ပြောင်းလဲလျက်ရှိကြောင်း အစိုးရက အသိပေးကြေညာထားသည်။

ဒေါက်တာ ချိုချိုမြတ်အောင်က “ဘယ်လိုပဲဖြစ်ဖြစ် အခုလက်ရှိက ကျွန်မတို့က နိုင်ငံတကာနဲ့ ရင်ဘောင်တန်း နိုင်တဲ့ ပညာရေးဖြစ်ဖို့လိုလာတာလေ၊ ကိုယ့်တစ်ယောက်တည်း ကိုယ် ဝါးလုံးခေါင်းထဲမှာ လ သာနေလို့လည်း ဖြစ်တဲ့ ကိစ္စ မဟုတ်ဘူး။ အချိန်တန်လို့ ရှိရင် ကိုယ်က အရှေ့တောင်အာရှအဆင့် ဆိုတာကို ကျွန်မတို့က ဘာပဲဖြစ်ဖြစ် ပထမဦးဆုံး ချဉ်းကပ်ရမယ်၊ ASEAN Level ဆိုတာကို ချဉ်းကပ်ရမယ်။ ပြီးရင် တစ်ကမ္ဘာလုံးနဲ့ ချိန်ဆ တဲ့ ပညာရေး (Globel Citizenship )ရေချိန်ရဲ့ အခြေအနေကို ချိန်ဆ ရမယ်။ ဒါမှ သာလျှင် ကိုယ့်ဆီက မကျန်ခဲ့မှာပေါ့၊ ကိုယ့်နိုင်ငံက မကျန်ခဲ့မှာပေါ့” ဟု အကျယ်တဝင့် ရှင်းပြသည်။

KG+12 ပညာရေးစနစ်သစ်ကို ဖော်ဆောင်လျက်ရှိသည်။ သို့ဖြစ်ရာ ၂၀၁၆ – ၁၇ ပညာသင်နှစ်တွင် သူငယ်တန်း (KG)သင်ရိုးသစ်ကို စတင်ဖော်ဆောင်ကြောင်း၊ နောက်နှစ်တွင် ပထမတန်း(Grade 1)၊ ယင်းနောက်တစ်နှစ်တွင် ဒုတိယတန်း(Grade 2) သင်ရိုးသစ်များကို ဆက်လက် ဖော်ဆောင်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ယခု ၂၀၁၈-၁၉ ပညာသင်နှစ်တွင် တတိယတန်း(Grade 3 )နှင့် ဆဋ္ဌမတန်း(Grade 6 ) သင်ရိုးသစ်များ ရေးဆွဲပြုစုပြီးပြီ၊ လိုအပ်သည်များကို ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်နေပြီဟု အစိုးရက ဆိုထား၏။

“အဲဒီကို သွားဖို့အတွက်ကျတော့ ဆရာတစ်ယောက်တည်း၊ သင်ရိုးညွှန်းတမ်း တစ်ခုတည်း ပြောင်းရုံနဲ့ မဖြစ်ဘူး။ သင်ရိုးညွှန်းတမ်းတွေ ပြောင်းတယ်၊ သင်ရိုးညွှန်းတမ်းတွေ အဆင့်မြှင့်တင်တာနဲ့ တစ်ပြိုင်နက်တည်းမှာ အခု ဆရာအရည်အသွေး မြှင့်တင်တဲ့အပိုင်းတွေ ကျွန်မတို့ ဆောင်ရွက်ရတယ်။ ဒီအခါမှာ သင်ကြား သင်ယူမှု နည်းစနစ်တွေ ပြောင်းလဲလာတဲ့အပေါ်မှာလည်း ကလေးမိဘတွေ၊ ရပ်ရွာပြည်သူလူထုကလည်း ဒါကို နားလည် လက်ခံ ပြီးတဲ့အခါမှာ သူ့ Level အလိုက် သွားတဲ့ဟာကို စိတ်ရှည်ရှည်နဲ့ ပူးပေါင်းဖို့ လိုအပ်တယ်”ဟုလည်း တိုက်တွန်းစကား ဆိုလေသည်။

ဆက်လက်၍ သူမက စောကြော သုံးသပ်ပြလိုက်သည်မှာ“ဒီနေ့ပဲ ကျောင်း စတက်တယ်၊ က ကြီးကနေ အ အထိ ရေးတတ်ရမယ်ဆိုတဲ့ မိဘရဲ့ ကလေးအပေါ်မှာ ဖြစ်စေချင်လွန်းတဲ့ စေတနာလောဘက တအား ကြီးလွန်းအားကြီးရင်လည်း တကယ် နိုင်ငံတော်က သွားချင်တဲ့ ပညာရေးရဲ့ စံနှုန်းကို တော်ရုံနဲ့ ရောက်မှာ မဟုတ်ဘူး၊ နောက်ပြန်ဆွဲနေသလိုဖြစ်မယ်” ဟူ၍။ ။

မြတ်သွင်ဦး

 

Leave a Reply