အတတ်သင်စေ ပေးဝေနှီးရင်း

“သမီးအတွက် ကျောင်းဝတ်စုံ ချုပ်ဖို့ အထည်စက ၁၈၀၀၀ ၊ ချုပ်ခကတစ်စုံ ၅၀၀၀ နှုန်းနဲ့ နှစ်စုံ ၁၀၀၀၀၊ကျောပိုးအိတ်က ၃၀၀၀၀ ၊ ခေါက်ထီးက၁၀၀၀၀၊ ဖိနပ်က … နောက်” လက်ချိုးရေတွက်ပြရင်း ယနေ့ ကုန်ကျစရိတ်စာရင်းကို သူမ ဆက်တွက်မပြတော့ချေ။ “ကုန်စရာလေးတွေ နောက်ထပ်ရှိသေးတယ်” ဟုသာ ခပ်တိုးတိုး ဆိုလိုက်၏။

အသက်လေးဆယ်နီးပါးအရွယ် မသင်းယုမွန်သည် ယခုနှစ် ဆယ်တန်းတက်မည့် သမီးငယ်ကို ကျူရှင်အပ်ပြီးအပြန် ဝယ်ယူလာသော စာရင်းဇယားကို ခင်ပွန်းသည် ကိုနေလင်းဦးထံ တွက်ချက်ပြနေခြင်းပင်။

“ကျောင်းက ဟိုဘက် သုံးလေးလမ်းကျော်တင်မို့ ကျောင်းသွားဖို့ ဖယ်ရီစရိတ် မကုန်ရတာ တော်သေးတယ်”ဟု သူက ကြံဖန် ကျေးဇူးတင်လိုက်သေးသည်။

သမီးဖြစ်သူ ၉ တန်းအောင်စာရင်း ထွက်သည့်နေ့မှ စ၍ လာမည့်နှစ်ဆယ်တန်းတက်မည့် သမီးငယ်အတွက်ကုန်ကျစရိတ်ကို  မတွက်ချက်မိသည့်နေ့ မရှိဟု သူမက ပြောသည်။

“အဓိက စိတ်ပူတာက ကျူရှင်လခပေါ့၊ ဈေး အသက်သာဆုံး ဒီနားလေးက ကျူရှင်မှာ ထားတာတင် လစဉ်ကြေး ၈၀,၀၀၀ ရှိတယ်” ဟုညည်းတွားသည်။

တစ်လချင်းပေးသွင်းရမည့် ကျူရှင်လစဉ်ကြေးအတွက် သူတို့ ခေါင်းချင်းဆိုင် တိုင်ပင်နေကြချိန်ဝယ် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းတွင် ကျောင်းသားကျောင်းသူ တစ်ဦးအတွက် နှစ်စဉ်ကြေး ပေးသွင်းရန်မှာ မူလတန်းဆိုလျှင် ကျပ် ၆ သိန်း၊အလယ်တန်းဆိုပါက ကျပ် ၈ သိန်း၊အထက်တန်းဆိုလျှင်မူ ကျပ် ၁၅ သိန်းဝန်းကျင်နှုန်းထားအသီးသီးရှိနေသည်။

တခြားမြို့ပြနှင့် နှိုင်းယှဉ်သော်မော်လမြိုင်၏ လက်ရှိနှုန်းမှာ သက်သာသည်ဟုပင်ဆိုရမည့် အနေအထား ဖြစ်သော်လည်း တစ်လုံးတစ်ခဲတည်း ငွေချေပေးသွင်းရန် အဆင်မပြေသေးသော ကျောင်းသား မိဘတို့အတွက်အရစ်ကျစနစ်ဖြင့် လက်ခံလိုက်ရသည်လည်းရှိကြောင်း အမည်မဖော်လိုသည့်ယုံကြည်ရသော သတင်းရင်းမြစ်တစ်ရပ်က ဆိုထားသည်။

ကျောင်းလည်း ဖွင့်တော့မည်။ ဘေးအိမ်တစ်အိမ်မှ မူလတန်း ကလေးငယ်တစ်ဦး၏ စာအံသံက ဒီမှာဘက်ဆီလွင့်ပျံ့လာ၏။

“ပန်းကလေးများ ပွင့်တော့မည်
ဖူးတံ ဝင့်လို့ ချီ။
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း…”ဟူ၏။

တာထွက်စောတဲ့ ကျောင်းဖွင့်ရာသီဈေးကွက်

မော်လမြိုင် သထုံတံတားလမ်းရှိ ကျော်ကျော်-စာပေ မှ မချောစုကမူကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာဈေးကွက် ရာသီအဖွင့်ကို အခုလိုရှင်းပြလာသည်။

“ကျောင်းသုံး စာအုပ်နဲ့ စာရေးကိရိယာ ဈေးကွက်က ခုနောက်ပိုင်းကာလတွေမှာ စ တာ စောသွားတယ်၊ ခါတိုင်းနဲ့ မတူတော့ဘူး။ ကျောင်းစာမေးပွဲ ဖြေပြီးတာနဲ့ ၊ ဖေဖော်ဝါရီလကုန်တာနဲ့ ဈေးကွက်က ပြန်စပြီ။ခါတိုင်းဆိုရင် သင်္ကြန်ပြီးမှ စတယ်။ခုက ဈေးကွက် စတဲ့ အချိန်က စောသွား
တယ်” ကျောင်းဖွင့်ရာသီ ဈေးကွက်မှာယခုအခါ ယခင်နှစ်များနှင့် မတူတော့ပဲနှစ်ပိုင်းကွဲသွားကြောင်း၊ ယခင် ပုဂ္ဂလိကကျောင်းများမရှိသေးမီကအစိုးရကျောင်းများမှာ ဇွန်လဆန်းတွင်မှ ဖွင့်သဖြင့်ဈေးကွက်အဖွင့် နောက်ကျသည်ဟုဆိုနိုင်ကြောင်း၊ ယခုမူ ကျောင်းဖွင့်ချိန်စောသော ပုဂ္ဂလိကကျောင်း (ကိုယ်ပိုင်အထက်တန်းကျောင်း) များ ပေါ်ထွန်းလာရာ ကျောင်းသုံး စာအုပ်နှင့်စာရေးကိရိယာဈေးကွက် ရာသီအဖွင့်စောလျင်လာကြောင်း သူက ပြောပြ၏။

“အခုက ပုဂ္ဂလိကကျောင်းကလည်း အစောကြီး ဖွင့်တဲ့အတွက်၊ ဆိုပါစို့ ဒီနှစ် ကျောင်းပိတ်တယ်၊ အခု၉တန်ဖြေပြီးတယ်ဆို၁ဝတန်းအတွက်အဆောင် သွားတော့မယ်၊ ကျူရှင်သွားတော့မယ်၊အဆောင်တွေ၊ ဘော်ဒါဆောင်တွေ၊ကိုယ်ပိုင်ကျောင်းတွေကချက်ချင်းဖွင့်တယ်လေ၊ သူတို့က လူရဖို့အတွက်ဆိုတော့ … ” ဟု မချောစုကပြော၏။

မော်လမြိုင်၊ ဒေါင်းမင်းရပ်ရှိ မြလင်းရောင်-စာပေမှ မဝင်းသီရိကလည်း “သင်္ကြန်မတိုင်ခင်လောက်ကတည်းက အကုန်လုံး ကြိုတင် စုဆောင်းထားရတာ။ဗလာစာအုပ်တွေဆိုလည်းဝယ်ထားတယ်။  လှောင်ထားတယ်၊ ပုံနှိပ်စာအုပ်တွေကျတော့ ဒီနှစ် စနစ်ပြောင်းတဲ့အခါကျတော့ သိပ်အများကြီးတော့ မယူထားဘူး၊ တချို့ အတန်းတွေ (စနစ်) ပြောင်းတာကိုး ” ဟုဟင်္သာကို ပြောပြသည်။

ယခင်နှင့် ယခု ဈေးကွက်ချင်း နှိုင်းစာသော် ကွာဟချက် မည်သို့ရှိသည်ကို ဟင်္သာက စေ့ငုမေးမြန်းရာတွင် “ လူဦးရေက အမြဲတမ်းလျော့သွားတာ မရှိဘူးလေ၊ ကလေး ဦးရေကအမြဲတမ်း တိုးတိုးနေလာတဲ့အတွက် ဈေးကွက်ကျသွားတယ်ဆိုတာ လုံးဝမရှိဘူး” ဟု မချောစုက ဆို၏။

ဝယ်လိုအားမှာ  ယုတ်လျော့ ရပ်တန့်ခြင်း မရှိသည့် ဈေးကွက်ပေ။ ဈေးနှုန်းမှာမူ ကွာဟချက် ရှိလေသည်။

“မနှစ်ကနဲ့ ဒီနှစ်ဆိုရင် ဒေါ်လာဈေးတက်သွားတဲ့အပေါ် မူတည်ပြီးစက္ကူတွေ ဈေးတက်တယ်လေ။ မနှစ်ကဆိုရင် ဗလာစာအုပ် အချော ၁ ဒါဇင်ကို ၂၀၀၀ နဲ့ အထက်မှာပဲ ရှိတယ်၊ ၃၀၀၀ မရှိဘူး။ ဒီနှစ်က ဗလာစာအုပ်အချောတွေ တစ်ဒါဇင်ကို ၃၀၀၀ ကျော်သွားတယ်။ အချောတွေပဲ ကလေးတွေသုံးတဲ့အတွက်ကြောင့်မို့ အရင်းအနှီးကတော့ ပိုသွားတယ်။ တစ်ဆလောက်တိုးသွားတယ်။ ဗလာ တစ်ဒါဇင်ကို၃၀၀ ၊  ၄၀၀ တက်မယ်။ ဒီလောက်ပဲ”ဟုမချောစုက ပြောသည်။

စနစ်ဟောင်း စနစ်သစ်ခွဲလိုက်တဲ့အခါ

အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်းများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်မှ စတင်၍ ပြုပြင်ပြောင်းလဲလျက်ရှိကြောင်း အစိုးရက အသိပေးကြေညာထားသည်။

KG+12 ပညာရေးစနစ်သစ်ကို ဖော်ဆောင်လျက်ရှိသည်ဟု ဆို၏။ သို့ဖြစ်ရာ ၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်တွင်  သူငယ်တန်း (KG) သင်ရိုးသစ်ကို စတင် ဖော်ဆောင်ကြောင်း၊ နောက်နှစ်တွင် ပထမတန်း (Grade 1)၊ယင်းနောက်တစ်နှစ်တွင် ဒုတိယတန်း(Grade 2) သင်ရိုးသစ်များကို ဆက်လက် ဖော်ဆောင်ကြောင်း သိရသည်။

ယခု ၂၀၁၈-၁၉ ပညာသင်နှစ်တွင် တတိယတန်း (Grade 3)နှင့် ဆဋ္ဌမတန်း (Grade 6 ) သင်ရိုးသစ်များရေးဆွဲပြုစုပြီးပြီ၊လိုအပ်သည်များကို ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်နေပြီဟု အစိုးရက ဆိုထား၏။

မည်သို့ပင်ဆိုစေ လတ်တလော ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ ဈေးကွက်တွင် အထူးခြားကြီး မဟုတ်သော်လည်း သာမန်ထက် ပိုသည့်ပြောင်းလဲမှုတစ်မျိုး ရှိလာသည်မှာ စာအုပ်အရောင်းအဝယ် လျော့ကျလာပြီး သင်ထောက်ကူပစ္စည်းများ အရောင်းအဝယ် သွက်လာကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။

မော်လမြိုင်၊ ကျော်ကျော် စာပေမှမချောစုက“စနစ်သစ်ပုံနှိပ်ကကျောင်းကထုတ်မပေးခင် ကလေးတွေက သင်ချင်နေတဲ့အတွက်ကြောင့်မို့ ကျွန်မတို့ဆီ (ဈေးကွက်ထဲ)မှာ ရောင်းနေရပြီ၊စနစ်ဟောင်း၊ စနစ်သစ်  နှစ်ခု ခွဲလိုက်တဲ့အခါ ဘာတွေ ကွာသွားလဲဆိုတော့ အရင်တုန်းကဆိုရင်ပညာရေးစနစ်ကအထူးထုတ် အားကိုးပြီး ကျက်ရတဲ့ပညာရေးစနစ်၊ အခု ပညာရေးစနစ်က လက်တွေ့လုပ်ရတဲ့ ပညာရေးစနစ်၊ အရောင်း အဝယ်ကတော့ စာအုပ်တွေမှာကျလာပြီးတော့ တခြားသင်ထောက်ကူ၊ ဉာဏ်စမ်း၊ ကလေးသုံး ပစ္စည်းလေးတွေက ပိုပြီး အရောင်းအဝယ်သွက်လာတယ်”ဟု ပြောပြ၏။

မချောစု ပြောသလို သင်ထောက်ကူပစ္စည်းတို့မှာအရောင်အသွေးစုံ၊ အသွင်သဏ္ဍာန်စုံ၊ အဆင်ဒီဇိုင်းစုံဖြင့် ကလေးမဆိုထားနှင့်၊ လူကြီးပင် မျက်စိကျစဖွယ်ပင်။ ဆန်းသစ်လှသည်နှင့်အမျှ အမျိုးအစားလည်း မရေတွက်နိုင်အောင် စုံလင်လှသည်။

 ဂီတနှင့် ပတ်သက်၍ စည်းနှင့်ဝါး၊ ပလွေ စသည်တို့ပင် ပါဝင်လိုက်သေးသည်။ ပန်းပွင့်ပုံ၊ ငှက်ရုပ်ပုံ စသဖြင့် စိတ်ကူးအလျောက် ခေါက်ချိုးဉာဏ်ကစားဖွယ် လေ့ကျင့်ဖွယ်ရာများလည်း ရှိသည်။ ကွန်ပါဘူးဆိုလျှင်ပင် မြင်တွေ့ ကိုင်တွယ်နေကျ မဟုတ်တော့ဘဲ အချို့မှာ Power Bank ပါ
သည်၊ ဂဏန်းတွက်စက် ပါဝင်သည်၊ခလုတ်စုံ ပါဝင်နေသည်။

ကျောင်းသုံး ကုန်ပစ္စည်းအများစုမှာ ထုံးစံအတိုင်း တရုတ်ပြည်မှ တင်သွင်းလာသည်များ ဖြစ်လေသည်။ဘီလူးကျွန်းထွက် ကျောက်သင်ပုန်းကိုပင် အမြင်တစ်မျိုး ဆန်းကြယ်အောင်စက်ကိရိယာ၊ နည်းပညာ အကူအညီဖြင့်ပြုပြင်ပြီး မက်မောဖွယ်ဖြစ်အောင် ပြင်ဆင်ခြယ်သ ထုံမွှမ်းကာ ဈေးကွက်တွင်း တစ်ကျော့ပြန် တင်သွင်းလာသည်ကို မချောစုက ထုတ်ပြ၏။

“ဒါကျတော့ တရုတ်ပြည်က ထုတ်တာတွေ၊ မြန်မာပြည် ဈေးကွက်မရှိဘူး၊ တရုတ်ပြည်က လာတာ၊ တရုတ်က ကလေး ဘယ်လို ကြိုက်မလဲ၊ကလေးဆီက ပိုက်ဆံကို ဘယ်လိုယူရမလဲ၊ ဦးနှောက် အရမ်းကောင်းတယ်”ဟု မချောစုက မှတ်ချက်ပြုလိုက်၏။

“နောက်တစ်ခုက ဘာလဲဆိုတော့ကျွန်မတို့ ငယ်ငယ်က ကွန်ပါဘူးတစ်ဘူးကို ဝယ်ထားပေးရင် ဟိုး ၈ တန်းထိဒီထောက်ချွန်လေးတွေက ပျောက်သွားရင် ဝယ်။ ဒီခေတ်က မဟုတ်ဘူး၊တရုတ်က ဆန်းအောင် လုပ်တယ်၊ မခိုင်အောင် လုပ်တယ်။ ကွန်ပါဘူးကကလေးတွေက တစ်လကို ၃ ဘူးလောက်ကုန်တယ်။ အဲဒီတော့ မိဘတွေက ကလေးတွေကို ပြောတယ်၊ ကွန်ပါဘူးက  နင်တို့ ခဏ တစ်လုံး၊ ခဏတစ်လုံးနဲ့”ဟု မချောစုက သူ့အတွေ့အကြုံကို ပြောပြ၏။

ကွန်ပါဘူးသာမက အလားတူ သင်ထောက်ကူပစ္စည်းမျိုးစုံကို သူ့အနေဖြင့် ဈေးသည်ပီပီ အရေအတွက်များပြားစွာ ရောင်းထွက်လိုသည်မှာမှန်သော်လည်း တာရှည်ခံ အရည်အသွေးမြင့်သည်ကိုသာ ရွေးချယ်ဖို့မိဘများထံ ညွှန်းဆိုတိုက်တွန်းတတ်ကြောင်း သူက ဆို၏။

သို့တစေ သူ့ဆိုလိုရင်း၊ ရည်ရွယ်ချက်ကတော့ ကျောင်းသားမိဘတိုင်းအပေါ် သက်ရောက် အထ မြောက်လိမ့်မည် မဟုတ်ချေ။ ကျောင်းသားမိဘအချို့အဖို့မူ ပစ္စည်းချင်းတူလျှင် သက်တမ်းကြာရှည် ခံ မခံက နောက်ကိစ္စဖြစ်ပြီး ဈေးနှုန်းသက်သာသည် မသက်သာသည်က ယခု လက်ငင်းကိစ္စပင်ဖြစ်ကြောင်း မုဒုံမြို့မှ လာရောက်ဝယ်ယူသူ ကိုမြင့်ဝေက ပြောသည်။

“ ဈေးသက်သာတာကို   အရင်ဦးစားပေး ဝယ်သွားလိုက်တော့မယ်ဗျာ။ မတော်လို့ ပျက်သွား ပျောက်သွားလည်း နောက်တစ်ကျော့ ထပ်ဝယ်ရုံပေါ့၊ ကိုယ့်မလည်း ပါတဲ့ငွေနဲ့ ချိန်ဆ တွက်ချက်ပြီးမှ ဝယ်နေရတာမို့လား”ဟု စာရေးကိရိယာ တပွေ့တပိုက်ကို ဆိုင်ကယ်ရှေ့ ခြင်းထဲ တယုတယနဲ့စီထည့်ရင်း ကိုမြင့်ဝေက ဆို၏။

ပျားပန်းခတ် လူသွားလူလာထူထပ်နေသော လမ်းမထက် ဆိုင်ကယ်ကိုသတိပြုလျက် ကိုမြင့်ဝေ မောင်းထွက်သွားစဉ် လမ်းဘေးဆိုင်တစ်ဆိုင်တွင်ဆယ်တန်းကျောင်းသူ မြေးအတွက်မိုးမကျမီ ထီးတစ်လက် ကြိုတင်လာဝယ်နှင့်သောပန်းဘဲတန်းရပ်ကွက်နေဒေါ်စိန်မွန်ကတော့ “ နှစ်ထပ်ကိုင်းနဲ့ တစ်ထပ်ကိုင်း ဈေးနှုန်းနှစ်ဆကွာတာမှတ်လို့၊ တာရှည်ခံတာပဲ ရွေးလိုက်တော့မယ်” ဟု ဆိုလိုက်သည်။

ထီးတစ်လက်ကို ဖွင့်ချည်ပိတ်ချည် စမ်းသပ်ကြည့်ရင်း ရွေးချယ်ရင်း ဒေါ်စိန်မွန်က ယခုလိုလည်း ဆို၏။

“ထီးကလည်း တစ်မိုးကို ကလေးကစည်းကမ်းရှိရင် နှစ်လက်ပေါ့။ စည်းကမ်းမရှိရင်တော့ သုံးလက်ပဲ။ မကြာပါဘူး၊ ထပ်ပြီးလာဝယ်ရဦးမှာ” ဟုကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒိုင်းဝန်ကွင်းရပ်နေ မတုံတုံက သူမ၏ရင်သွေးမှာလိုက်သည့် ပစ္စည်းအမျိုး အစား၊ အရောင်အသွေး၊အဆင်ဒီဇိုင်း
ကို ဆိုင်အရောင်းဝန်ထမ်းအား တိတိကျကျ ဂဃနဏ တစ်ချက်ချင်း ပြောပြရင်း ရွေးချယ်ဝယ်ယူနေသည်။

“ကလေးက ခု ကျူရှင်တက်နေတော့ မအားဘူး၊ သူမှာတဲ့အတိုင်းမသဝေမတိမ်းဝယ်သွားပေးမှဖြစ်မယ်”ဟုလည်း ကျေနပ်ရွှင်ပျစွာ မှတ်ချက်ပြုလိုက်သည်။

မေတ္တာချင်းထပ်တူ

မိမိတို့ ရင်သွေးကိုယ်စီကိုယ်စီအတွက် မည်သို့သော ပစ္စည်းအမျိုးအစားဝယ်ပေးသည်ဖြစ်စေ၊မိဘမေတ္တာချင်းထပ်တူပင်ဖြစ်ကြောင်း ဒိုင်းဝန်ကွင်း၊ လမ်းသစ်နေ မအိအိလွင်က အလေးအနက် ဆိုသည်။ သူမမှာ ရင်သွေးသုံးဦး ရှိပြီး ပထမကလေးမှာ တက္ကသိုလ် ပထမနှစ် တက်ရောက်
တော့မည်ဖြစ်သည်။အလတ်မှာအလယ်တန်း၊ အငယ်မှာ  မူလတန်း တက်ရောက်ကြရမည်ဖြစ်ပြီး သူမ ဝယ်ယူပွေ့ပိုက်သောကျောင်းသုံးပစ္စည်းအမျိုးအမည်နှင့် အရေအတွက်တို့မှာ များပြားလှပြီး မနိုင်မနင်း ဖြစ်နေလေသည်။

ပညာသင်စရိတ်နှင့်ပတ်သက်၍ သူမထံ မေးမြန်းကြည့်တော့ မိသားစု ဝင်ငွေ၏ သုံးချိုးတစ်ချိုးခန့်ကို သားသမီးပညာရေးအတွက် အသုံးပြုနေရသည်ဟုဆိုနိုင်ကြောင်း ပြည်ပသင်္ဘောသားကတော် တစ်ဦးဖြစ်သည့် သူမကတွက်ချက်ခန့်မှန်းပြသည်။

“တချို့မိသားစုတွေဆို ဝင်ငွေရဲ့ သုံးပုံ နှစ်ပုံ၊ လေးပုံ သုံးပုံအထိ ကုန်ကျ သုံးစွဲနေရတာတွေ ကြားပါတယ်”ဟုသူမက ပြော၏။

“တချို့ မိဘတွေလည်း သူတို့ ဝင်ငွေပမာဏအပေါ် ချင့်ချိန်ပြီး ပစ္စည်းကို ဈေးသက်သာတာလေးတွေ တမင်ရွေးချယ်ဝယ်ယူနေကြရတာ ကျွန်မ စာနာ နားလည်ပါတယ်၊ ကျွန်မတို့ဘာသာ အထိုက်အလျောက် အဆင်ပြေလို့ ပစ္စည်းအရည်အသွေး ကောင်းတာကိုရွေးချယ်ဝယ်ယူပေးနိုင်ပေမယ့် ကိုယ့်လောက် မပြည့်စုံတဲ့၊ ချွေတာ သုံးစွဲနေရတဲ့ မိဘတွေ တွေ့ရင် ကျောင်းသားမိဘချင်းပြောပြမိတယ်။ပစ္စည်းအရည်အသွေး ကွာဟပေမယ့် ကိုယ့်ရင်သွေးအပေါ်ထားတဲ့ မေတ္တာချင်းကတော့ ထပ်တူထပ်မျှပါပဲလို့ … ” ဟု သူမက
ဆိုလေသည်။

ပညာရွှေအိုး၊ ရွှေအိုးပညာ

ပြီးခဲ့သည့်  ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ်တွင် ထက်၊ လယ်၊ မူကျောင်းသား ကျောင်းသူ ဦးရေမှာ ၉ သန်းကျော်ရှိနေကြောင်း အစိုးရထုတ်ပြန်ကြေညာထားသည်။ လူဦးရေ သန်း၅၀ ကျော်ရှိသော တိုင်းပြည်၏ ခြောက်ပုံတစ်ပုံမှာ ကျောင်းသူ ကျောင်းသားများပင်။

မွန်ပြည်နယ်တွင် ယမန်နှစ်ကအခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူ ၄၀၉,၅၁၆ ဦး ရှိခဲ့ကြောင်းပြည်နယ် ပညာရေးမှူး/ညွှန်ကြားရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်ထံမှ၂၀၁၉ ခု၊ မေလ ဒုတိယပတ်တွင် သိရသည်။

မည်သို့ပင်ဖြစ်စေ … မကြာမီ ဇွန်လ၏ မိုးရေစက်များ ဖြိုင်ဖြိုင်ရွာသွန်းတော့မည်ဖြစ်သည်။ပန်းကလေးများပွင့်တော့မည်လည်း ဖြစ်လေသည်။

မြတ်သွင်ဦး

Leave a Reply