နှစ်ဦးနှစ်ဖက် အဆုံးအရှုံးများခဲ့သော လမိုင်းလေလံမဲ

ဒေါသထွက်နေသော လူအုပ်ကြီး က မော်တော်ကား တစ်စီးကို အလုအယက်ဖျက်ဆီးနေသည်။ နေအိမ်တချို့ပေါ်တက်ပြီး ပစ္စည်း ယူရန်(သို့မဟုတ်)ဖျက်ဆီးရန် အတင်းဝင်ရောက်ကြလေသည်။ ထိုသူတို့ ၏ ဒေါသကို မည်သည့်အရာက စလိုက်လေသနည်း။

ဒေါသထွက်နေသော လူအုပ်စုကိုအား ထိုသိုပြုမှုရန် စတင်လိုက်သည့် အကြောင်း အရာက Online လေလံစုမဲ ဟုဆိုသည်။

ရေးမြို့နယ်၊ လမိုင်းမြို့တွင် မေလ ၂၂ ရက်နေ့က Online လေလံစုမဲ မသမာမှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး ငွေစုဒိုင်နေအိမ်နှင့် သက်ဆိုင်သော ဆွေမျိုးနေအိမ်များပါ အိမ် (၈) လုံးခန့် ဖျက်ဆီးဖောက် ထွင်းခံခဲ့ရသည်။

“မေလ ၂၂ ရက်မှာ ငွေစုဒိုင်လုပ်တဲ့ မခိုင်ရည်မွန်တို့နေတဲ့ အိမ်ဝိုင်းထဲမှာ နေအိမ် (၃) လုံး၊ အဲဒီမှာ ဘေးအိမ်က (၂) လုံး ကြောက်လို့ ထွက်ပြေးတာကို အဲဒီအိမ်ကိုပါ အဖျက်ခံလိုက်ရတယ်။ တစ်ချို့တွေက ပစ္စည်းပါဝင်ကောက်ကြတယ်”ဟု လမိုင်းမြို့ခံများက ပြောသည်။

ယင်းအပြင် လမိုင်းမြို့အဝင်တွင် ရှိသည့် မခိုင်ရည်မွန်တို့၏ ဆွေမျိုးများ၏ နေအိမ် (၃) လုံးအဖျက်ခံရပြီး ဝင်ရောက်ဖျက်ဆီးသူများသည် စုငွေထည့်ထားသည့်သူထက် ပိုမိုများပြားသည်ကို တွေ့ရှိရကြောင်း လမိုင်းမြို့ခံ မသဇင်မိုးက ဆိုသည်။

Online ငွေစုလေလံမဲ ကိစ္စနှင့် ပတ်သက်၍ ငွေစုဒိုင်လုပ်သူများမှ အတိုးနှုန်းများစွာပေးသည့်အပေါ် မူတည်ပြီး ဒေသခံများက စပြီး လုပ်ဆောင်နေကြသည်မှာ လနှင့်ချီကြာနေပြီးဖြစ်ကာ ငွေရသည့်လူများ ရှိသကဲ့သို့ ငွေစုထည့်သူများလည်း ရှိနေပြီး အချို့သော ဒေသခံများက ရှိစုမဲ့စုလေးများရောင်းချကာ စုမဲထည့်ကြသူများလည်း ရှိနေကြောင်း လမိုင်းမြို့ခံတစ်ဦးဖြစ်သူ ဦးမြသောင်းက ရှင်းပြသည်။

“ဒီလိုအချိန်မှာ အခုလိုပြဿနာ ပေါ်ပေါက်သွားတဲ့အခါကျတော့ နစ်နာတဲ့လူတွေဘက်က ပြန်ရလိုမှုနဲ့ သူတို့ စုမဲထည့်ဝင်ထားတဲ့ ဒိုင်အိမ်တွေကိုလာပြီးတော့ ရလိုမှုအတွက် ဆောင်ရွက်ကြတယ်။ အဲ့ဒီလို အချိန်မျိုးမှာ ရလိုမှုအတွက် လိုက်နေကြတဲ့လူတွေက ဘယ်လိုနည်းနဲ့ပြန်ရကြမလဲ။ တချို့ တဝက်ရမှာလား။ အပြည့်ပြန်ရကြမလား။ အရင်းရမလား။ ဒီလိုမျိုးညှိနှိုင်းနေတဲ့အချိန်မှာ ဖျက်လိုဖျက်ဆီးမှုနဲ့ အကြမ်းဖက်မှုတွေ ဆောင်ရွက်လာတဲ့အခါကြတော့ ပြန်လျော်မယ့်ဒိုင်တွေအတွက်ကျတော့ သူတို့ မှာရှိနေတဲ့ ပိုက်ဆံတွေ၊ ရွှေတွေ၊ ငွေတွေ၊ အိမ်တွေယာတွေ၊ ကားတွေ ဆိုင်ကယ်တွေဖျက်ဆီးရလိုက်ရတော့ လျော်ရမယ့်ငွေတွေက လိုသလိုဖြစ်လာတော့မှာမဟုတ်ဘူး” ဟု ဦးမြသောင်းက ထပ်မံပြောဆိုသည်။

ယင်းပြင် နောက်ထပ်ငွေစုဒိုင်တစ်ဦးဖြစ်သူ မိငြိမ်းချမ်းက လျော်ပေးမည်ဟု ကတိပေးထားသည့်အတွက် မေလ ၂၂ ရက်နေ့က ဖျက်ဆီးမှုဖြစ်စဉ်များဖြစ်ပေါ်လာပါက အဆိုပါဒိုင်လည်း လျော်ပေးမည်မဟုတ်ဘဲ အဖမ်းခံမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အဲ့ဒီလိုထပ်ဖြစ်ရင် ငွေထည့်ထားတဲ့လူတွေက တအားဆုံးရှုံးသွားကုန်မယ်။ အဲ့ဒီလိုဆုံးရှူံးမှုတွေမဖြစ်ရ အောင်ဆိုပြီးတော့ ကျွန်တော်တို့ကအခု ကာကွယ်မှု လုပ်ငန်းတွေနဲ့ပြည်သူတွေကို မေတ္တာရပ်ခံပြီးတော့ အကြမ်းဖက်မဲ့ ဒုစရိုက်သမားတွေကိုလည်း ဖယ်ထုတ်လို့ရအောင် ဆောင်ရွက်နေပါတယ်” ဟု လုံခြုံရေးဆောင်ရွက်နေသူ လမိုင်းမြို့ခံတစ်ဦးက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ကျန်ရှိနေသည့် အပိုင်းက တာဝန်ရှိသူများနှင့် ငွေပြန်လျော်ပေးမည့် ငွေစုဒိုင် ညှိနှိုင်းပြီး မည်သည့်ပုံစံလျော်ပေးမည်ကို ဆွေးနွေးထားပြီးဖြစ်သည့်အတွက် လက်ရှိအခြေအနေအရ ငွေစုဒိုင် မိငြိမ်းချမ်းက စာရင်းများကို ပြုစုနေကြောင်း လမိုင်းမြို့ခံများက ဆိုကြသည်။

Online လေလံစုမဲ၏ လုပ်ငန်းသဘောမှာ ကနဦး ငွေကျပ် (၅) သိန်းထည့်ဝင်ပြီး တစ်ပတ်ပြည့်ပါက အတိုးနှင့် အရင်းပါ ငွေကျပ် (၇) သိန်းရကြောင်း၊ တချို့မှာ ငွေကျပ် (၃) သိန်းခန့်ထည့်ပြီး တချို့မှာလည်း ငွေကျပ်သိန်း ရာနှင့်ချီပြီး ထည့်ဝင်ထားကြပြီး အထူးစုမဲ၊ အရေးပေါ်စုမဲစသည်ဖြင့် စုမဲ ပုံစံအမျိုးမျိုးရှိကြောင်း ငွေစုထည့်ဝင်ထားသူများက ရှင်းပြသည်။

အထူးစုမဲမှာလည်း (၃) ရက်စုမဲ၊ (၅) ရက်စုမဲရှိကြောင်း၊ အရေးပေါ်စုမဲအဖြစ် ယနေ့ငွေထည့်ပြီး နောက် နေ့ငွေပြန်ထုတ်လို့ရကြောင်း၊ ဥပမာ သိန်း (၁၀၀) ထည့်ထားပါက နောက်နှစ်ရက်တွင် ငွေကျပ်သိန်း (၁၂၀) ပြန်ရမည်ဖြစ်ကြောင်း ငွေစုထည့်ဝင်ထားသူများက ရှင်းပြသည်။

အဆိုပါ Online ငွေစုလေလံမဲကို လုပ်ငန်းအမည်နာမ သတ်မှတ်ထားခြင်းမရှိဘဲ Group ဖြင့် ဖွဲ့စည်းပေး ထားကာ လမိုင်းမြို့တွင် IC Group နှင့် NNCC Group ဟူ၍ နှစ်ခုရှိကာ NNCC Group က မိငြိမ်းချမ်း ဦးဆောင်၍ IC Group ကို မခိုင်ရည်မွန်က ဦးဆောင်ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မေလ ၂၃ ရက် ညနေပိုင်းအထိ လမိုင်းရှိ Online လေလံစုမဲဒိုင် ပြုလုပ်သူ မိခိုင်ရည်မွန်ကို လမိုင်းနယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားပြီး၊ ကျန် Online လေလံစုမဲဒိုင်ပြုလုပ်သူ မိငြိမ်းချမ်း၏ နေအိမ်ပတ်ဝန်းကျင်နှင့် လမိုင်းမြို့အတွင်း မလိုလားအပ်သည့် ပြဿနာများ ထပ်မံမဖြစ်ပွားစေရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။

သို့သော်် လမိုင်းမြို့လေးသည်ကာ မအေးချမ်းသေး နစ်နာသူများ က ၎င်းတို့ဆုံးရှုံးခဲ့သော ငွေကြေးပြန်ရရန်််််််််််််််််််််််််််််အလို့ငှာ ရုပ်စုရုပ်စု ဖြစ်နေသေးသည်။ မွန်ပြည်နယ် ရဲတပ်ဖွဲ့ ကလည်း လမိုင်းမြို့ကလေးတွင် လုံခြုံရေး အပြည့်အဝပေးထားရသည်။

“လျော်လည်း လျော်ပေးမှာပဲ။ အပြည့်အဝမဟုတ်သည့်တိုင် အရင်းလား၊ ဘယ်လိုသဘောနဲ့ လျော်ပေးမလဲ တော့မသိသေးဘူး။ အခုအချိန်မှာ ငွေကလျော်ပေးလို့မရသေးပြန်ဘူး။ လျော်ပေးမယ်ဆိုပြီး ငွေထုတ် ကိုမြင်ကြရင် လူတွေကလုကြမှာ။ အဲ့ဒါကြောင့်လျော်ပေးဖို့ကိစ္စအတွက် ရပ်ထားတယ်။ အဲ့ဒါကြောင့် ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ဖြစ်မှာ တစ်ဦးချင်းခေါ်ပြီးတော့ ငွေပြန်လျော်ပေးနိုင်ဖို့အတွက်ကို လုံခြုံရေး အင်အားနဲ့ မနိုင်နင်းမှာစိုးလို့ မြို့ခံလူငယ်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ အားလုံးအတွက် အကျိုးရှိစေဖို့ဆောင်ရွက်ပေးနေပါတယ်” ဟု လမိုင်းမြို့ခံ ဦးဗိုလ်သောင်းက ဆိုလေသည်။

အောင်မြတ်

ဓါတ်ပုံံ – အောင်မြတ်

Leave a Reply