လူထုထံ ရောက်မလာသော စည်ပင်ဥပဒေ

မြို့အတွင်း အမှိုက်သိမ်းနေသော စည်ပင်လုပ်ငန်းခွင်တစ်ခု။

မွန်ပြည်နယ် စည်ပင်သာရေး ဥပဒေကို ပြည်နယ်လွှတ်တော်က ပြဌာန်းခဲ့သည်မှာ နှစ်နှစ်ပြည့်လုနီးပါးရှိခဲ့လေပြီ။သို့သော် ယင်းဥပဒေကား ယနေ့တိုင် အသက်မဝင်သေး။

တတိယ အကြိမ်မြောက် ပြင်ဆင်ခဲ့ပြီး အတည်ပြုခဲ့သော စည်ပင်သာယာရေး ဥပဒေ တွင် အခန်းပေါင်း (၂၁) ခန်း၊ ပုဒ်မပေါင်း ၁၀၅ ခုအထိ ပါဝင်သည်ကို တွေ့ရသည်။ ပြင်ဆင်မွမ်းမံ ဖြည့်စွက်ထားသည့် ယင်း ဥပဒေအရ စည်ပင်သာယာရေး ကော်မတီကို ပြည်သူလူထု၏ ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ရမည် ဖြစ်သည်။

သို့တစေ ပြည်နယ်အစိုးရအနေဖြင့် ယင်းကို ဖော်ဆောင်နိုင်ခဲ့ခြင်း ယနေ့တိုင် မရှိသေးချေ။ ပြဌာန်းပြီးသား ဥပဒေ က လူထု အနီးသို့ ရောက်မလာတတ်သေး။

ဥပေဒအရ ဆိုရလျှင်…

မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌ အဖြစ် မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးက တာဝန်ယူရမည်ဖြစ်ကာ အတွင်းရေးမှူး တာဝန်ကို မွန်ပြည်နယ် စည်ပင်သာ ယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ထမ်းဆောင်ရမည်ဖြစ်သည်။

ကျန် အဖွဲ့ဝင် ၁၀ ဦးမှာ မြို့နယ် စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌများ ဖြစ်သည်။ မြို့နယ် ကော်မတီကိုမူ အဖွဲ့ဝင် ရှစ်ဦးဖြင့် ဖွဲ့စည်းထားသည်။ ယခု ပြင်ဆင်ထားသော ဥပဒေအရ မြို့နယ် ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် လေး ဦးကို ပြည်သူများက ရွေးချယ်ရမည်ဖြစ်သည်။ ထိုသို့ ရွေးချယ်ရာတွင် အိမ်ထောင်စုများ၏ ဆန္ဒမဲဖြင့် ရွေးကောက် တင်မြှောက်ရမည်ဖြစ်သည်။

ကျန်ရှိသည့် အဖွဲ့ဝင် နှစ် ဦးမှာ ပြည်နယ် အစိုးရအဖွဲ့မှ ပေးပို့လာသော ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး တစ်ဦး ပါဝင်သည်။ မြို့နယ် စည်ပင်သာယာ ကော်မတီ၏ အမှုဆောင်အရာရှိမှာ ဥပဒေအရ အတွင်းရေးမှူး ဖြစ်သည်။

သို့သော် ဆိုခဲ့သလိုပင်၊ ဥပဒေပြဋ္ဌာန်းပြီး ၂ နှစ်တာကာလဆီ ချဉ်းသည့်တိုင် ကော်မတီကိုမူ ပြည်သူအများ ရွေးကောက်ခွင့် မရသေးပေ။

 လွှတ်တော်တွင် မေးခွန်းထုတ်

ပြည်နယ် စည်ပင်ဥပဒေကို ၂၀၁၇ နှစ်လယ်ပိုင်းတွင် ပြည်နယ်လွှတ်တော်က အတည် ပြုပြဋ္ဌာန်းခဲ့သော်လည်း အဆိုပါ ဥပဒေအရ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကို ယနေ့ အထိ ကျင်းပခြင်းမရှိသေးသည့်ကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက မေ ၇ ရက်က ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မေးခွန်း မေးမြန်းခဲ့သည်။

လွှတ်တော်တွင် ၎င်းမေးမြန်းခဲ့သော မေးခွန်းအပေါ် ပြည်နယ်အစိုး ရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင် ပြည်နယ်နှင့် မြို့နယ်အဆင့် စည်ပင်ကော်မတီဝင်များ ရွေးချယ်ရေးကို မွန်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ခေတ္တ ဆိုင်းငံ့ထားကြောင်း ဖြေကြားခဲ့သည်။

‘‘၂၀၁၈ ဩဂုတ် ၂၄ ရက် မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွေကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်နေရတဲ့အတွက် စည်ပင်သာယာရေးကော်မတီများ ရွေးချယ်ဖွဲ့စည်းခြင်းကို ခေတ္တဆိုင်းငံ့ထားတယ်’’ဟု ပြည်နယ် ဝန်ကြီးက ဆိုသည်။

ယခု အစိုးရသက်တမ်းအတွင်း စည်ပင်သာယာရေးကော် မတီ ရွေးချယ်တင်မြှောက်ရန် အစီအစဉ်ရှိသော်လည်း ငွေကြေး လိုအပ်မှုရှိသဖြင့် ယခုကဲ့သို့ ဆိုင်းငံ့ထားကြောင်း ဝန်ကြီးက ဖြေ၏။

စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲကို ယခုအစိုးရသက်တမ်းအတွင်း ပြုလုပ်သွားမည်ဟုလည်းပြောသည်။
အစိုးရအဖွဲ့ ၏ အစည်းအဝေး အရ ဆိုင်းငံ့ထားသည်ဆိုရာတွင် ကာလ မည်ရွေ့မည်မျှ ပိုင်းခြား သတ်မှတ် ထားခြင်း ရှိ မရှိ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဝန်ကြီးကို လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ မရှိကြောင်း တုန့်ပြန်ဖြေကြားသည်။ ယင်းနောက် ဥပဒေကို လေးစားလိုက်နာရန်လိုကြောင်းလည်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက သတိပေးတိုက်တွန်းလိုက်သည်။

ယင်းသို့ ဖြေကြားချက်အပေါ် အမြင်ကို ဒေါက်တာအောင်နိုင်ဦးထံ ဟင်္သာက မေးမြန်းခဲ့ရာ “ဥပဒေက ပြဋ္ဌာန်းထားပြီးရင် ဘယ်လိုအကြောင်းကြောင်းကြောင့် ဥပဒေကို အကောင်အထည် မဖော်နိုင်ဘူး ဆိုတာ ခိုင်လုံတဲ့ အကြောင်းရင်း ရှိရမယ်၊ အဲဒီနေရာမှာ (ပြည်နယ်)ဝန်ကြီးက တခြား ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဦးစားပေး ဆောင်ရွက်နေရလို့ ဒီ ဥပဒေကို အကောင်အထည်မဖော်နိုင်ဘူးဆိုတာ ခိုင်မာတဲ့ အကြောင်းပြချက် လို့ ကျွန်တော် မယူဆဘူး၊ ဥပဒေက ပြဋ္ဌာန်းပြီးရင် အကောင်အထည်ဖော်ရမယ်ဆိုတာ ဥပဒေရဲ့ အနှစ်သာရပဲ၊ ဥပဒေရဲ့ ပေးထားချက်ပဲ၊ ဥပဒေက ပေးတဲ့ တာဝန်ပဲ”ဟု ဆို၏။

အဆိုပါ တာဝန်ကို ရယူပြီး အကောင်အထည်ဖော်ရမည့် ဝန်ကြီးဖြစ်စေ၊ အစိုးရ သက်ဆိုင်ရာဌာနဖြစ်စေ မဖြစ်မနေ လုပ်ကို လုပ်ရမည် ဖြစ်ကြောင်း၊ ယင်းအတွက် လိုအပ်သည့် ဘဏ္ဍာငွေကို တင်ပြရေးဆွဲပြီး ဘတ်ဂျက်ထဲတွင် ထည့်သွင်းမည်ဆိုလျှင်လည်း မည်သူမျှ ကန့်ကွက်ရန် အကြောင်းမရှိကြောင်း ၎င်းက သုံးသပ်ပြသည်။

ကော်မတီ ရှိဖို့ ဘာကြောင့် လိုအပ်

အဆိုပါမေးခွန်း မေးမြန်းရခြင်းမှာ “အဓိကက ပထမတစ်ချက်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို အသက်ဝင်ရေးအတွက် ဒါကို ဦးစားပေးတယ်” ဟု ဒေါက်တာအောင်နိုင်ဦး က ဟင်္သာကို ပြောသည်။

ယင်းသို့ အတည်ပြုနိုင်ရေးအတွက် ၂၀၁၆ နှစ်လယ်ပိုင်းကတည်းက ပြန်လည် ဆန်းစစ်မှုများ၊ ပညာရှင်များ၊ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများ၏ သဘောထားဆန္ဒများကို အကြိမ်ကြိမ် လေ့လာဆွေးနွေး၊ တိုင်ပင်ညှိနှိုင်းပြီးမှ ဥပဒေပြင်ဆင်ရေး၊ ပြဋ္ဌာန်းရေးကို အချိန် ၁ နှစ်ခန့်ယူ ဆောင်ရွက်ခဲ့ရကြောင်း ဆက်လက်ပြောသည်။

ဥပဒေ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်အရရော အနှစ်သာရအရပါ ပြည်သူ လူထု အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်သည့် Community Governance တစ်ရပ် ဖြစ်ထွန်းလာရေးကို လိုလား မျှော်မှန်းကြောင်း လွှတ်တော် ဒု ဥက္ကဋ္ဌက ဆို၏။

စည်ပင်သာယာရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ အများအပြား ရှိသည်တွင် ပြည်သူလူထုကိုယ်တိုင် ပါဝင်စေလိုသည်ဟု ဆို၏။

 ကော်မတီ ရှိလာလျှင်…

ဒေသအလိုက် လိုအပ်ချက်၊ ဒေသအလိုက် ကောက်ခံရရှိသည့် အခွန်အခ ရငွေအပေါ် ပြန်လည် စီမံအုပ်ချုပ်နိုင်ရေးကို ဥပဒေတွင် အထူးတလည် ပြဋ္ဌာန်းထားကြောင်း၊ မြို့နယ်အဆင့်မှ တင်ပြလာသည့် ကဏ္ဍစုံ လူထုဝန်ဆောင်မှု အစီအစဉ်များကို ပြည်နယ်အဆင့် ကော်မတီက ပြန်လည် မူဘောင်ချမှတ်ကာ အစီအစဉ် ရေးဆွဲခြင်း၊ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် အရ အသုံး၊ လုပ်ငန်းဆောင်တာနှင့် ညှိနှိုင်းခြင်း၊ အခြား ပြည်နယ်အဆင့် ပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် စည်ပင်သာယာရေးလုပ်ငန်းဆိုင်ရာ ကိစ္စ ဆောင်ရွက်နိုင်ရေး အားသာချက်များ ရှိလာနိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက သုံးသပ်သည်။

“ကော်မတီ မရှိရင် လူထု ပါဝင်ပူးပေါင်းမှု မရှိနိုင်တော့ဘူး” ဟု သူက မှတ်ချက်ပြုသည်။

ကော်မတီ မရှိပါက ရငွေ သုံးငွေ စီမံခန့်ခွဲမှုအပေါ် လေ့လာစောင့်ကြည့် တည့်မတ်ထိန်းကျောင်းနိုင်ရေး အားပျော့သွားနိုင်ကြောင်း သူက ထောက်ပြပြောဆိုသည်။ ခွဲဝေသုံးစွဲလိုက်သည့် ဘဏ္ဍာငွေတွင် လေလွင့်ဆုံးရှုံးမှုများ ရှိလာနိုင်ကြောင်းလည်း ဖြည့်စွက်ပြော၏။

တစ်ဦးတစ်ယောက်တည်း၏ ဦးဆောင် ဆုံးဖြတ်ချက်ထက် ဒီမိုကရေစီနည်းလမ်းတကျ အများပါဝင် ပူးပေါင်းသည့် ဆောင်ရွက်ချက်တို့ကို လိုလားကြောင်း ပြောသည်။ ယင်းသည်ပင်လျှင် ဒီမိုကရေစီ၏ အနှစ်သာရဟုလည်း သူက ထပ်လောင်းဖွင့်ဆိုပြ၏။

သံဖြူဇရပ်မြို့နယ် စည်ပင်သာယာ ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးထွန်းမြင့် ကျော်ကလည်း “ကော်မတီ ဖွဲ့စည်းနိုင်ပြီဆိုရင် အပြန်အလှန်ထိန်းကြောင်း မှု ပိုင်းမှာ ပို အားကောင်း လာမယ်”ဟု သူ့အယူအဆကို ဟင်္သာသို့ ပြောပြသည်။

ကော်မတီ မရှိပါက လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် အားနည်းချက် များစွာ ရှိနိုင်ကြောင်း၊ ပြည်သူလူထုနှင့် ထိတွေ့မှုအပိုင်းတွင်လည်း အားနည်းသွားကြောင်း သုံးသပ်ပြောဆိုသည်။ ကော်မတီရှိလျှင် အကျိုးသက်ရောက်မှု ပိုမို အားကောင်းလာနိုင်ကြောင်း သူက ဆို၏။

ဦးထွန်းမြင့်ကျော် ၏ နောက်ထပ် အကြံပြုချက်တစ်ခုမှု အသစ်ပြဌာန်းလိုက်သည့် စည်ပင်ဥပဒေ ကို ဗြိတိသျှ ကိုလိုလက်ထက် ရှိခဲ့ဖူးသည့် မြူနီစီပယ်ဥပဒေနည်းတူ ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ရေးဆွဲ မှသာ လူထု အတွက် ပိုမိုအကျိုးသက်ရောက်မှု ရှိကြောင်း ဆိုသည်။

လက်ရှိအစိုးရ စည်ပင်ရွေးကောက်ပွဲလုပ်နိုင်မလား

မည်သို့ပင်ဆိုစေကာမှု ဥပဒေအရ စည်ပင်သာယာရေးကော်မတီ သက်တမ်းမှာ အစိုးရ အဖွဲ့သက်တမ်း နှင့်အညီဟု ပြဋ္ဌာန်းထားသည်။

လက်ရှိအစိုးရသက်တမ်းမှာ ၂ နှစ်ခန့်သာကျန်ရှိတော့သည်။ အဆိုပါကာလတွင် ကော်မတီ ဖွဲ့စည်းကြောင့် အကျိုးရလဒ် ထူးနိုင်ပါမည်လော။

မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကတော့ “အချိန် မနှောင်းဘူး၊ လုပ်သင့်တယ်” ဟုဆို၏။
ဖွဲ့စည်းနိုင်လျှင် နောက် ဘဏ္ဍာနှစ် ၂ နှစ်ကို မီမည်ဖြစ်ပြီး ပြည်သူ ပါဝင်သော စည်ပင်လုပ်ငန်း များ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

ဒေါက်တာ အောင်နိုင်ဦး ဆိုခဲ့သလို ယခု ဥပဒေ မပြဋ္ဌာန်းမီ ၂၀၁၆ က ဥပဒေပါ အချက်အလက်များ ဆွေးနွေးရာ ၊ လွှတ်တော်သို့ ယင်းနှစ်ကုန်ပိုင်း ဒီဇင်ဘာတွင် စုဖွဲ့ သွားရောက် တင်ပြရာတွင် အရပ်ဖက် အဖွဲ့အစည်း ကိုယ်စားပြု ပါဝင်ခဲ့ဖူးသူ တစ်ဦးဖြစ်သည့် မော်လမြိုင်မြို့ခံတစ်ဦးဖြစ်သည့် ဦးဇင်အောင်ကျော်ထင်က “စည်ပင်သာယာရေး လုပ်ငန်းဆိုတာက မွေးစ မှ သေသည်အထိ လူမှုဘဝမှာ အကြုံးဝင်တယ်”ဟု အစ ချီရင်း မော်လမြိုင်သည် ယခင် ကိုလိုနီ အစိုးရ လက်ထက်ကပင် မော်လမြိုင် မြူနီစီပယ်အက် ကို ၁၈၇၄ ကတည်းက ရေးဆွဲပြဋ္ဌာန်းဖူးကြောင်း ၊ ရန်ကုန် မြူနီစီပယ်အက်မှာ ၁၉၃၅ တွင်မှ ပေါ်ထွက်လာသည်ဖြစ်ရာ များစွာ နောက်ကျကြောင်း ပြောပြ၏။

မည်သို့ဆိုစေ ပြည်သူ ရွေးချယ်သော ကော်မတီဝင်များ ပါဝင်သည့် ယင်းလုပ်ငန်းစဉ်ကို လိုလားကြောင်း သူက ဆက်လက်ပြောဆိုသည်။

အလားတူ ထိုစဉ် (၂၀၁၆ ခုနှစ်)က ပါဝင်ဆွေးနွေးခဲ့သူ မော်လမြိုင်မြို့ခံ ခွဲစိတ်ဆရာဝန် ဒေါက်တာ အောင်မိုးထွန်းက “ဥပဒေကို ပေါ်ပေါက်အောင်လို့ ကျွန်တော်တို့က ပြည်သူလူထုအနေနဲ့ အတတ်နိုင်ဆုံး ဝိုင်းဝန်းပြီး ပံ့ပိုးပြီးတဲ့အခါမှာ ဥပဒေကြီးက ပေါ်ပေါက်လာတယ်၊ ပေါ်ပေါက်လာရင် ဥပဒေကို အကောင် အထည်ဖော်ဖို့ ဆိုတာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ၊ အာဏာရှိနေတဲ့ လက်ရှိ အစိုးရအဖွဲ့ဝင်တွေ အနေနဲ့ တာဝန်ရှိတယ်”ဟု မှတ်ချက်ပြု၏။

အကောင်အထည်ဖော်ရန်မှာလည်း နည်းဥပဒေ ရှိမှသာလျှင် ဖော်ဆောင်နိုင်မည်ဖြစ်ရာ တာဝန်ရှိသူတို့က နည်းဥပဒေကိုပါ ရေးဆွဲနိုင်မှ ယခု ဥပဒေမှာ အသက်ဝင် မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ကော်မတီ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို သက်ဆိုင်ရာဝန်ကြီးက ဥပဒေပြဋ္ဌာန်းအပြီး ၂၀၁၇ ဒီဇင်ဘာကတည်းက လွှတ်တော်သို့ တင်ပြ အတည်ပြုထားကြောင်း၊ ထိုအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးမှာ စည်ပင်ဥပဒေကို အတည်မပြုနိုင်သေး ဘဲ၂၀၁၈ ခန့်တွင်မှ ပြန်လည် ရေးဆွဲ အတည်ပြုနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ရန်ကုန်မှာ ကော်မတီ ရွေးချယ် ဖွဲ့စည်းနိုင်သည်အထိ ဆောင်ရွက်ပြီးခဲ့ပြီဖြစ်ကြောင်း နှိုင်းချိန်ပြ၏။

“ကျွန်တော်တို့(မွန်ပြည်နယ်)က သူတို့ (ရန်ကုန်)ထက် အရင် စောပြီးတော့ ဥပဒေ ပြဋ္ဌာန်းထားနိုင်ပါလျက်နဲ့ အခုက နောက်ကျ ပြီးတော့မှ၊ အခုချိန်ထိ မရွေးချယ်နိုင်တာ၊ အခုချိန်ကျမှ ထပ်ပြီးတော့ Complaintတက်တာ၊ ဆိုလိုတာက အချိန်ကတော့ ဘယ်လောက်မှလည်း မကြာတော့ဘူး၊ လုပ်ပါဦးမလား ဘာလားဆိုတော့ ဒီဟာတွေက အကြောင်းပြရမယ့် ကိစ္စလို့ ကျွန်တော်တော့ မယူဆဘူး၊ ဥပဒေက လုပ်ရမှာပဲ”ဟု ပြောသည်။

နောက်လာမည့် ဘဏ္ဍာနှစ် ၂ ဆက်ကျန်သေးကြောင်း သူက ပြော၏။ ယင်းနောက်တစ်ဆက်တည်းတွင် ဒေါက်တာအောင်နိုင်ဦးက“ဥပဒေဆိုတာ အလကားနေရင်းနဲ့ စာအုပ်ထဲမှာ ရေးပြီးတော့ မှတ်တမ်းထားဖို့ မဟုတ်ဘူး၊ စ ရေးကတည်း ကိုက အကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်ဖို့ပဲ”ဟု ဆိုလေသည်။ ။

မြတ်သွင်ဦး

Leave a Reply