မြေသိမ်းမှုအပြီး မြေလှန်မှုကို အံတုနေကြသူများ

Photo - Myanmar Now

By စိုင်းဇော်/Myanmar Now

11/06/2019

ရွာသူကြီး လုံးခမ်းစံသည် ရွာသားများရှေ့တွင် ခေါင်းကို သေနတ်နှင့်ချိန်ခံထားရသည်။

ဘုန်းကြီးကျောင်းတွင် စုဝေးနေရသည့် ဒေသခံ အများအပြားလည်း အခြေအနေကို ရင်တထိတ်ထိတ် လှမ်းကြည့်နေကြသည်။

အချိန်မှာ တပ်မတော်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် ဖြစ်ပြီး ဒေသခံတို့မှာ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ် ဆွမ်မွန်းရွာမှ ဖြစ်ကြသည်။

ရွာသူကြီးကို ဖိအားပေးသည့် အကြောင်းရင်းမှာ ဒေသခံများ ၎င်းတို့၏ လယ်ယာမြေကို တစ်ဧက လျော်ကြေး ကျပ် ၂၄,၀၀၀ နှုန်း ယူပြီး စွန့်လွှတ်ကြရေးအတွက် ဖြစ်သည်။

“အရမ်း လန့်သွားတယ်။ ခေါင်းနေရာအနှံ့ကို သေနတ်နဲ့ ထောက်ထောက်ပြီး ချိန်တယ်။ လက်မှတ် အတင်းထိုးခိုင်းတော့ ကြောက်ကြောက်နဲ့ ထိုးခဲ့ရတာ’’ ဟု သူကြီးဟောင်း လုံးခမ်းစံက ပြန်ပြောပြသည်။

ဖိအားပေးခံခဲ့ရသည့် ရွာသားများအနက် တစ်ဦးမှာ စိုင်းအွန်ဖ ဖြစ်သည်။

“အဲ့ဒီတုန်းက ဘုန်းကြီးကျောင်းပတ်လည်မှာ စစ်သားတွေ လုံခြုံရေးဆိုပြီး ဝိုင်းထားတယ်။ ရွာသူကြီး လုံးခမ်းစံကိုလည်း သေနတ်နဲ့ချိန်ပြီး လက်မှတ်ထိုးခိုင်းတော့ အကုန်လုံး တစ်ခါတည်း လက်မှတ်ထိုးခဲ့ရတယ်’’ ဟု စိုင်းအွန်ဖက ပြောသည်။

သိမ်းယူခဲ့သည့် မြေမှာ ဧကငါးထောင်ကျော် ရှိရာ ဒေသခံတို့၏ စိုက်ပျိုးရေးလုပ်ငန်းနှင့် လူမှုဘဝအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။

၁၈ နှစ်အကြာတွင် ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ သိမ်းပိုက်မြေကို ပြန်လည် စွန့်လွှတ်ပြီး နောက်ပိုင်းတွင်လည်း ထိုနယ်မြေတွင် ဒေသခံတို့အတွက် ပြဿနာအသစ်တစ်ခု ပေါ်ပေါက်လာပြန်သည်။

ယင်းပြဿနာမှာ ထိုနယ်မြေတွင် ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းတချို့ မကြာသေးခင် နှစ်များအတွင်း အစပြုလာကြခြင်းပင်။

စိုက်ပျိုးမြေ အဓမ္မသိမ်းယူမှုနှင့် ရင်ဆိုင်ခဲ့ရသော ဒေသခံတို့သည် ၎င်းတို့၏ နယ်မြေအတွင်း စီးပွားရေး ကုမ္ပဏီများ ဝင်ရောက်ကာ ကျောက်မီးသွေး တူးဖော် ထုတ်လုပ်ကြမည်ကို စိုးရိမ်နေကြပြီး ပတ်ဝန်းကျင် ထိခိုက် ပျက်စီးစေနိုင်သည့် ထိုလုပ်ငန်းများကို ခွင့်မပြုနိုင်ဟု ဆိုကာ ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြသည်။

ကျောက်မီးသွေးနယ်မြေ

– – –

ဒေသခံတို့သည် မိုးနင်၊ မိုင်းကောင်ကျေးရွာအုပ်စုတို့မှ ကျေးရွာများမှ လယ်ယာမြေ၊ စားကျက်မြေ၊ နတ်စင်ရေကန်၊ သစ်တော၊ ရေထိန်းတောမြေ၊ ဘုန်းတော်ကြီးကျောင်း၊ သချႋုင်းမြေ၊ စာသင်ကျောင်း၊ ကျေးလက် ကျန်းမာရေးဌာနခွဲဆေးခန်းမြေတို့ကို ကာလကြာရှည်စွာ လက်လွှတ်ထားခဲ့ရသည်။

ထိုအထဲတွင် ရပ်ရွာ ၅၀ ကျော်ရှိ စိုက်ပျိုးမြေတို့အတွက် ရေအရင်းအမြစ် ဖြစ်နေသည့် နမ့်ဟင်ချောင်းလည်း ပါဝင်သည်။ ဒေသခံများအတွက် သောက်သုံးရေသာမက လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း၊ ဆီကြိတ်၊ ဆန်ထောင်း စသည့် ရေအားအသုံးပြုသည့် လုပ်ငန်းများအတွက် အားကိုးရသည့် ထိုချောင်းသည် ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းတို့ကြောင့် ထိခိုက်နိုင်သည်ဟု ရပ်ရွာဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးအောင်ထွန်းက ဆိုသည်။

“ကျောက်မီးသွေးသာ တကယ်တူးကြည့်၊ အဲ့ဒီချောင်းက ကောပြီး ပျောက်သွားမှာ။ ဒါဆို ကျေးသီးမြို့နယ်ထဲက ဒီချောင်းကို အမှီပြုနေတဲ့ စိုက်ပျိုးရေးတွေ အကုန်ပျက်ကုန်မှာ’’ ဟု ဦးအောင်ထွန်းက ပြောသည်။

ကျောက်မီးသွေးအလွှာပေါ်သည်အထိ အပေါ်ယံမြေလွှာကြော တူးဖော်မှုမှ ထွက်ရှိလာသည့် မြေစာ ပမာဏ အများအပြားကို စွန့်ပစ်သဖြင့် ကျေးသီး-မိုင်းနောင် ကားလမ်းမဘေးရှိ ကျွဲနွားစားကျက်ရေကန် ဖြစ်သည့် နောင်ခါးကန် ပျက်စီးခဲ့ရသည်ဟု ဒေသခံတို့က ပြောသည်။

ကနဦးတူးဖော်မှုကို ဒေသခံတို့ အပြင်းအထန် ကန့်ကွက်မှုကြောင့် ယာယီ ဟန့်တားထားနိုင်သော်လည်း လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီများက ယနေ့တိုင် လက်လျှော့ခြင်း မရှိသေးပေ။

ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်း ဧရိယာသည် ၅,၄၅၉ ဧက ကျယ်ဝန်းပြီး ကျေးသီးမြို့၏ အရှေ့ဘက် ၇ မိုင်အကွာ မိုင့်ဟုန်းလိမ်၊ ဆွမ်းမွန်း၊ နောင်ဟီးရွာများနှင့် မိုင်ကောင်ကျေးရွာအုပ်စု ဝန်းကျင်တို့ ပါဝင်သည်။

ထွက်လာမည့် ကျောက်မီးသွေးကို ကျေးသီးနှင့် မိုင် ၁၅ဝ ခန့် ကွာဝေးသည့် ပြည်နယ်မြို့တော် တောင်ကြီး အနီး ပင်းပက်ဒေသ အမှတ် (၂) သံမဏိစက်ရုံသို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများ နားလည်ထားကြသည်။

ကျောက်မီးသွေးသည် တူးဖော်သည့် နေရာတွင်သာမက အသုံးပြုသည့် နေရာတွင်လည်း သဘာဝ ပတ်ဝန်းကျင် ပျက်စီးလေ့ရှိသည်ဟု ဒေသခံတချို့က ထောက်ပြသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးတင်မောင်ဦးကမူ လျှပ်စစ်ဓာတ်အား ရရှိရေး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အကြား ချိန်ထိုးသွားရန် လိုကြောင်း မှတ်ချက်ချသည်။

“ကျွန်တော်တို့ တိုင်းပြည်က မတိုးတက်သေးဘူး။ သက်သာဖို့ ဆိုတာက ကျောက်မီးသွေးတို့ ဘာတို့ကမှ သက်သာတာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။

စီမံကိန်းကို ကန့်ကွက်ခြင်း

– – –

ဒေသခံများ လက်မခံသည်အတွက် ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း ပြန်လည် အစမပြုနိုင်သေးပေ။ သို့သော်လည်း စီမံကိန်း အပြီးသတ် ရပ်ဆိုင်းခြင်း မဟုတ်သေးသည့်အတွက် ဒေသခံတို့ ပူပန်နေကြဆဲ ဖြစ်သည်။

စီမံကိန်း ရပ်ဆိုင်းရန် ကန့်ကွက်စာများပေးပို့ခြင်း၊ လွှတ်တော်အမတ်များကို အကူအညီတောင်းခြင်း၊ ဒေသခံ အများအပြား ဆန္ဒ ထုတ်ဖော်ခြင်းများ ရှိခဲ့သော်လည်း အကြောင်းမထူးသေးပေ။

တပ်သိမ်းမြေ ၅,၄၅၉ ဧကသည် ၂၀၁၇ သြဂုတ်လတွင် ပြည်ထဲရေးဌာနသို့ ရောက်ရှိသွားပြီး ဒီဇင်ဘာတွင် ပြည်ထဲရေးက အစိုးရကို ပြန်လည် အပ်နှံသည်။ ဤသို့ဖြင့် သိမ်းဆည်းခံခဲ့ရသော လယ်ယာမြေ၊ တောင်ယာမြေ၊ ကျေးရွာပိုင်မြေ၊ သစ်တောမြေ၊ စားကျက်မြေများသည် နိုင်ငံပိုင်မြေ (State Land) အဖြစ်သို့ ရောက်ရှိခဲ့သည်။

နိုင်ငံပိုင်မြေအဖြစ်သို့ ပြောင်းလဲသွားသည့်မြေတွင် ဒေသခံတို့ စိုးရိမ်စရာများ ပေါ်ပေါက်ခဲ့သည်။

၂၀၁၈ အောက်တိုဘာ ၁၁ တွင် မိုင်းနင် နှင့် မိုင်းကောင် ကျေးရွာသားများသည် ကျေးသီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံမှ အသိပေးစာ တစ်စောင် လက်ခံရရှိခဲ့ကြသည်။

မြေ ၅,၄၅၉ ဧကကို စက်မှုဝန်ကြီးဌာနအောက် ကျောက်မီးသွေး တူးဖော်ရေးအတွက် ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ လွှဲပြောင်းပေးမည် ဖြစ်သောကြောင့် ကန့်ကွက်လိုက ၁၅ ရက် အချိန်ရကြောင်း စာတွင် ဖော်ပြထားသည်ဟု ပြည်နယ်လွှတ်တော် ကျေးသီးမဲဆန္ဒနယ် အမှတ် (၁) မှ ဦးစိုင်းစံမိုင်းက ပြောသည်။

‘‘အကြောင်းကြားစာရတဲ့အချိန် ဒေသခံတွေနဲ့ အစည်းအဝေးတွေလုပ် လူထုတွေ့ဆုံပွဲတွေ လုပ်ပြီး ကန့်ကွက်ကြောင်းတွေ လက်မှတ်ထိုး … ပို့ခဲ့ရတာ’’ ဟု လွှတ်တော်အမတ်က ဆိုသည်။

ကြန့်ကြာ၊ ပျောက်ပျက်မှု မရှိစေရေး၊ ထိရောက်ရေးတို့အတွက် ထိုသို့ စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။

‘‘မနက်ကိုးနာရီထိုးပြီဆိုတာနဲ့ မြို့နယ်၊ ခရိုင်၊ ပြည်နယ် မြေစစ်ရုံး သုံးခုလုံးကို ပို့တာ။ ဒါမှ ကန့်ကွက်လွှာ မရောက်လာဘူးတို့၊ အချိန်မမှီဘူးတို့ မဖြစ်မှာ။ အဲ့ဒီတော့ သူတို့လည်း လုပ်ရကိုင်ရ ခက်သွားတာပေါ့’’ ဟု လွှတ်တော်အမတ်က ရှင်းပြသည်။

စက်တင်ဘာ ၂၁ တွင် ပေးပို့သည့် ကန့်ကွက်လွှာတွင် ဒေသခံ လူဦးရေ ခြောက်ရာကျော် လက်မှတ်ရေးထိုးခဲ့သည်။

ထိုသို့မလုပ်ဆောင်ပါက လုပ်ငန်းရှင်တို့ အသာစီးရသွားမည်ဟု ကျောက်မီးသွေးတူးဖော်မှု စီမံကိန်းကို ဦးဆောင် ကန့်ကွက်သည့် ဒေသခံတစ်ဦး ဖြစ်သူ စိုင်းအောင်ထွန်းက ဆိုသည်။

‘‘သူတို့က အရမ်း လုပ်ချင်နေတာ။ အမျိုးမျိုး လာစည်းရုံးတယ်။ တချို့ဆို သူတို့ဆွယ်တဲ့ဘက် ပါသွားလို့ မနည်းပြန်စည်းရုံးလိုက်ရတာတောင် ရှိတယ်။ ဒေသခံတွေ ဘာမှ မထိခိုက်ဘူး၊ မဆုံးရှုံးဘူး ဆိုတဲ့ မဖြစ်နိုင်တဲ့ စကားတွေနဲ့ စည်းရုံးတာ။ ဘယ်လောက်ထိ စည်းရုံးသလဲ ဆိုရင် နမ့်ဟင်ချောင်းကိုတောင် ကမ်းပါးတွေကို ကျောက်စီပေးမယ်၊ မကောစေရဘူး ဆိုပြီး အာမခံတာ’’ ဟု ဦးစိုင်းအောင်ထွန်းက ပြောသည်။

ကန့်ကွက်လွှာပေးပို့ပြီးသည့်နောက်ပိုင်း ကျောက်မီးသွေးစီမံကိန်းနှင့် ပတ်သက်ပြီး ထူးခြားမှုများ မရှိသေးသော်လည်း ဒေသခံများ၏ ပူပန်မှုသည် လျှော့နည်းမသွားသေးပေ။

မြေဧက ၅,၄၅၉ ပေါ်တွင် နေထိုင်သူများ အားကိုးနေရသည့် တရုတ်ဈေးကွက် မတည်ငြိမ်မှုကြောင့် စိုက်ပျိုးသည့် သီးနှံများ ဈေးမရပေ။ ဤအခြေအနေတွင် မြေပိုင်ဆိုင်မှု သိမ်းဆည်းခံရပါက ၎င်းတို့ ဘဝပျက်သွားနိုင်သည်ဟု ဒေသခံတစ်ဦးဖြစ်သူ စိုင်းဝမ်စိုင်းက ဆိုသည်။

‘‘အခုလည်း ပြောင်းဈေးတွေ မကောင်းလို့ လူတွေ ထိုင်း (နိုင်ငံ) သွားပြီး အလုပ်လုပ်ကုန်ပြီ။ နောက်ဆို ရွာမှာ လူတောင်ကျန်တော့မယ် မထင်ဘူး’’ ဟု စိုင်းဝမ်စိုင်းက ပြောသည်။

ယခု အငြင်းပွားမြေနှင့် သက်ဆိုင်ခြင်းမရှိသည့် ကျေးသီးမြို့နယ်အတွင်း မြေဧက ရာဂဏန်း ရှိသော တပ်ပိုင်မြေအကြောင်းကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ၂၀၁၈ မတ် ၁၃ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အမှတ် ၁၃၁ ခြေလျှင်တပ်ရင်း နယ်မြေအတွင်း စိုက်ခင်းမြေ ၁၆၅ ဧကသည် ဒေသခံတို့ ပိုင်ဆိုင်မှု အထောက်အထား မရှိခြင်း၊ တပ်အဆောက်အအုံတို့နှင့် နီးကပ်လွန်းခြင်းတို့ကြောင့် ပြန်လည် စွန့်လွှတ်မည် မဟုတ်ကြောင်း ဒုဝန်ကြီးက ပြောသည်။

သို့သော်လည်း သဘာဝရေထွက် ရှိသည့် နမ့်ကုံးရေကန်နှင့် ရေဝေရေလဲနေရာ ၃၁ ဧကကို မြို့နယ်တွင်း ရဟန်းသံဃာနှင့် ရပ်မိရပ်ဖများ၏ သဘောဆန္ဒအတိုင်း အများပြည်သူပိုင်အဖြစ် “နယ်မြေစည်း ရုံးရေးအရ ပြန်လည်စွန့်လွှတ်ပေးသွားမည်” ဟု ဒုဝန်ကြီးက ဆိုသည်။

ဥပေဒနားလည္မႈ

– – –

သိမ်းဆည်း ထားသည့်မြေတွင် စီမံကိန်း မဆောင်ရွက်ပါက တောင်သူများထံ ပြန်လည်ပေးအပ်နိုင်ရန် သမ္မတဦးဝင်းမြင့်အစိုးရ လက်ထက်တွင် စီစဉ်ပေးခဲ့သည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင် ပြောင်းလဲခဲ့သည်။

၂၀၁၈ စက်တင်ဘာ ၁၁ ရက်နေ့က ပြင်ဆင်ခဲ့သည့် ထိုဥပဒေကို လွှတ်တော်က အတည်ပြုခဲ့ပြီး အဆိုပါ အတည်ပြုသည့် နေ့မှ ခြောက်လအတွင်း လျှောက်ထားနိုင်သည့် အခွင့်အရေးကို ဒေသခံများသည် အရေးစိုက်နိုင်ခြင်း မရှိခဲ့ပေ။

ထိုသို့ အရေးမစိုက်နိုင်ခဲ့သူများထဲတွင် သိမ်းဆည်းခံ မြေဧရိယာအတွင်း တောင်ယာ လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည် စိုင်းအွန်ဖက ပြောသည်။

‘‘အခုအချိန်အထိ ကိုယ့်လယ်တွေ ယာတွေက သိမ်းခံထားရတာ၊ ပြန်ရမှာလား၊ ပြန်သိမ်းဦးမှာလား ဘာတစ်ခုမှ မသိရဘူး။ ဒီတော့ လျှောက်ရမှာလား။ မလျှောက်ရဘူးလား ဆိုတာလည်း မသိဘူး’’ ဟု စိုင်းအွန်ဖက ပြောသည်။

အခွင့်အရေး လက်လွှတ်သွားကြသဖြင့် သိမ်းဆည်းခံ မြေဧရိယာအတွင်း ပါဝင်သူများအတွက် ပိုမိုဆိုးရွားသည့်အခြေအနေဖြစ်ခဲ့ရသည်ဟု လွှတ်တော်အမတ် ဦးစိုင်းစံမိုင်းက ဆိုသည်။

‘‘လွှတ်တော်ကိုယ်စားလှယ်နဲ့ ဌာနဆိုင်ရာတွေ လူမှုအဖွဲ့အစည်းတွေပါတဲ့ မြေစစ်ကော်မတီကနေ ကျေးရွာတွေအထိ ဆင်းပြီး လျှောက်ကြဖို့တိုက်တွန်းတယ်။ အဲ့ဒီဒါကို လာမလျှောက်ကြဘူး။ ဒါပေမယ့် သိမ်းဆည်းခံထားရတဲ့ ဧက ၅,၄၅၉ အတွက်ကတော့ လယ်မြေ၊ ယာမြေ၊ ရွာမြေ၊ သာသနာမြေ၊ ဆည်၊ ကန် တာတမံမြေ၊ လမ်းမြေ အဲဒါတွေတော့ တိုင်းတာပေးနိုင်ခဲ့တယ်’’ ဟု လွှတ်တော်အမတ်က ပြောသည်။

မြေစစ်အဖွဲ့သည် လယ်မြေ ၄၇၈.၁၄ ဧက၊ ယာမြေ ၁၁၂၄.၁၃ ဧက၊ ရွာမြေ ၁၁၈.၂၆ ဧက၊ သာသနာနှင့် အခြားအဆောက်အဦး ၂၁.၀၅ ဧက၊ ဆည်၊ ကန် နှင့် တာတမံမြေ ၁၃၆.၇၅ ဧက၊ လမ်းမြေ ၃၅.၇၅ ဧက၊ မြေလွတ်မြေရိုင်းအဖြစ် ၃၅၄၄.၉၂ ဧကကို တိုင်းတာ မှတ်တမ်းတင်ခဲ့သည်ဟု ကျေးသီး မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။

‘‘ရွှေ့ပြောင်းတောင်ယာတွေ ရှိတယ်။ ရိုးရာဓလေ့နဲ့ ပိုင်ဆိုင်မှုထားတဲ့ မြေတွေရှိတယ်။ တိုင်းထားတဲ့အထဲက မြေလွတ်မြေရိုင်း ဧက သုံးထောင်ကျော်က အဲ့ဒီလိုရိုးရာမြေတွေ။ ဒီတော့ သိမ်းဆည်းမယ်ဆိုတဲ့ မြေဧက ငါးထောင်ကျော်က ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုချည်းပဲ’’ ဟု ဒေသခံများအတွက် ကူညီနေသည့် ရှမ်းပြည်နယ် လွှတ်တော်အမတ် ဦးစိုင်းစံမိုင်းက ဆိုသည်။

ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း အကောင်အထည်မဖော်ရန် တောင်းဆိုနေသူများအတွက်မူ လွှတ်တော်အမတ်က အားတစ်ခု ဖြစ်နေသည်။

‘‘ဒေသခံတွေအတွက်လည်း အကျိုးမရှိ၊ ပြည်သူက တင်ထားတဲ့ အစိုးရအတွက်လည်း အခွန်အခ နည်းနည်းလေးပဲရပြီး ပျက်စီးသွားမယ့် သဘာဝပတ်ဝန်းကျင်အတွက် ဒီစီမံကိန်းကို မဖြစ်လာစေချင်ဘူး’’ ဟု ဦးစိုင်းစံမိုင်းက ပြောလိုက်သည်။ ။

==

Leave a Reply