သုံးဘီးယာဉ်များ ခေတ်ဆန်းလာဦးမလား

ဖြူလွှလွှအရောင်ရှိသော ယာဉ်ငယ်တစ်စီးမှာ မြေနီကုန်း အဝေးပြေးဝင်းအတွင်းမှ အပြေးကလေး ထွက်လာသည်။ ယာဉ်ငယ်ပေါ်တွင် မောင်းနှင်သူတစ်ဦးနှင့်နောက်ကခုံတန်းတွင်ခရီးသည်တစ်ဦး လိုက်ပါသည်။

အဆိုပါ ယာဉ်ငယ်ကဲ့သို့သော ယာဉ်များကို ယခုနောက်ပိုင်း မော်လမြိုင်မြို့လမ်းမထက်တွင်ခပ်စိပ်စိပ်တွေ့လာရသည်။ ထိုယာဉ်ငယ်များသည်က တစ်ခေတ်တစ်ခါက မော်လမြိုင်မြို့တွင် ဥဒဟိုသွားလာခဲ့ သော သုံးဘီးကားများကဲ့သို့ ယာဉ်များပင်။

သို့သော် ယခင်က သုံးဘီးကားရောင်ဟုခေါ်သည့် အဝါရောင်လွင်လွင်(လိမ္မော်ရောင်) ခြယ်သထားသောသုံးဘီးကားများ မဟုတ်တော့။ ယခုယာဉ်ငယ်များ၏ အရောင်အသွေးကားစုံလှသည်။ အဖြူရောင်၊ အပြာရောင်၊နီညိုရောင် စသဖြင့် အရောင်စုံမြင်တွေ့နိုင်သည်။

၂၀၁၂ ၊ ၂၀၁၃ နောက်ပိုင်းသုံးဘီးယာဉ်ဟောင်းများကို ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး အစီအစဉ်များဖြင့် ဖျက်သိမ်းပြီး နောက်အသစ်တဖန် ဈေးကွက်ထဲရောက်လာသောသုံးဘီးယာဉ်များမှာ ယခင်ကားများ ထက် အနည်းငယ် သေးငယ်သည်။

စင်စစ် သုံးဘီးယာဉ်နှင့် မစိမ်းသည့်အပြင် လက်ပွန်းတတီး ရှိခဲ့သည့်မော်လမြိုင်မြို့ လမ်းပန်းဆက်သွယ်ရေးတာဝန်ကို သုံးဘီးငယ်များ တလှည့်ပြန်ယူနိုင်တော့မည်လော။

တချိန်က သုံးဘီးယာဉ်များ တာဝန်

မှောင်ခိုခေတ်ဟု ခေါ်ဆိုသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တံခါးပိတ်စီးပွားရေးစနစ် ကျင့်သုံးသောခေတ် မှောင်ခိုကုန်သွယ်မှု၏ အကြီးဆုံးဈေးကွက်တစ်ခု ဖြစ်သော မော်လမြိုင်တွင်သုံးဘီးကားများသည်အများပြည်သူ ခရီးသွားလာရေးတာဝန်ကို သာမက ကုန်စည်တင်ဆောင်မှု
တာဝန်ပါ ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်။

“တစ်ခေတ်တုန်းက သုံးဘီးတွေက လိမ္မော်ရောင် တစ်မျိုးတည်း၊ နောက်တော့ လိမ္မော်ရောင်ဆိုရင် သုံးဘီးကားရောင်လို့ ပြောင်းခေါ်ရတဲ့အထိ ဖြစ်ခဲ့တယ်။ ဟန်းဘီးလေးတွေ။ စတီယာရင်က အဝိုင်း မဟုတ်ဘူး၊ အဖြောင့်၊ ဘယ်ကွေ့ ညာကွေ့၊ ဒါပဲ။ ရန်ကုန် တစ်မြို့တည်းမှာ သုံးခဲ့တာ။ ၈၈၈၈ အရေးအခင်းမဖြစ်ခင်ထိ ဆိုပါတော့။၁၉၈၄ ကနေ ၁၉၈၆ အတွင်းလောက်ကတည်းက နယ်ဆင်းလာတယ်။မော်လမြိုင်မှာ ရောက်တယ်ပေါ့” ဟုမော်လမြိုင်မြို့ခံ စာရေးဆရာ (ဦး) ဇင်အောင်ကျော်ထင်က သူဖြတ်သန်းထိတွေ့ခဲ့သမျှအပေါ် ယင်းသို့ ခြုံငုံပြောပြသည်။

ဒုတိယကမ္ဘာစစ် (၁၉၄၂- ၁၉၄၅)စစ်ကျန်ဘတ်စ်ကားများ၊ ဂျပန်ထံမှ စစ်လျော်ကြေးရရှိခဲ့သည့်သုံးဘီးယာဉ်လိမ္မော်ရောင်များ၊ နောက် လေးဘီးဟု အရပ်ထဲ အလွယ်ခေါ်ကြသည့်Mazada B360/B600 အပြာရောင်ယာဉ်များ စသဖြင့် မော်လမြိုင်၏လှုပ်ရှားသွားလာဟန် လူမှုဘဝထဲမှာ
အဆက်ဆက် အသုံးတွင်ကျယ် အရေးပါခဲ့ကြောင်း သူကဆက်လက်ပြောသည်။

“ မြို့တော် ရန်ကုန်ရဲ့ သုံးဘီး၊ လေးဘီးသမိုင်းက စျာန်လျှောချိန်၊ ဖယ်မလီယာတွေ၊ ဘောက်စ်ဝက်ဂွန်တွေနယ်ဆင်းရတဲ့အချိန်၊ ၁၉၈၀ ပြည့်နှစ်လွန်နှစ်တွေကပေါ့” ဟု ဦးဇင်အောင်ကျော်ထင်က ပြောပြသည်။

၂၀၁၂ – ၂၀၁၃ ခုနှစ်များတွင် ယာဉ်အို၊ ယာဉ်ဟောင်း လဲလှယ်ရေး အစီစဉ်တွင် ကာလကြာရှည်စွာ မော်လမြိုင် ခရီးသွားလာရေး တာဝန်ယူခဲ့သော လိမ္မော်ရောင် သုံးဘီကားများ ၏ တာဝန်ကား နိတ္ထိတံ သွားခဲ့ရသည်။

“အခုတော့ အရင် ဂျပန် စစ်လျော်ကြေး သုံးဘီးတွေ ပျောက်သွားပြီးနောက်ပြန်ပေါ်လာတဲ့ အိန္ဒိယ သုံးဘီးတွေ၊ သူတို့ရဲ့ ပစ္စုပ္ပန် အနာဂတ်၊ မော်လမြိုင်မြေနဲ့ သဟဇာတ ဖြစ်မဖြစ် စောင့်ကြည့်လေ့လာစရာပဲ”ဟု သူက လမ်းမထက်တွင် ဖြတ်သန်းမောင်းနှင်သွားသော သုံးဘီးယာဉ်တစ်စီးဆီ လှမ်းကြည့်ရင်းမှတ်ချက်ပြု၏။

တစ်ကျော့ပြန် သုံးဘီးများ

ယခုသုံးဘီးများသည် ယခင်က ထုတ်လုပ်ခဲ့သော သုံးဘီးများထက် ပို၍ သေးငယ်ပြီး၊ အရောင်အသွေး အမျိုးမျိုးထုတ်လုပ်ထားသည်။

ယခင်က သုံးဘီးတစ်ခေတ်တွင် သုံးဘီးကို ဆယ်စုနှစ်ချီ မောင်းနှင်ခဲ့ဖူးပြီး လက်ရှိအချိန်တွင် ရပ်ဝေးရပ်နီးစင်းလုံးငှားယာဉ် ပြောင်းလဲမောင်းနှင်နေသူ မော်လမြိုင်သား ကိုနန်းထိုက်က“အခုပေါ်လာတဲ့ သုံးဘီးတွေက ပိုတောင်ငြိမ့်ညောင်းညက်ညောလာသေးတယ်၊အရင် ကျွန်တော်တို့ မောင်းခဲ့တာတွေကသွားလာတဲ့အခါ ခုန်ခုန်နေတယ်”ဟု ပြော၏။ သူက ၁၉၉၉၊ ၂၀၀၀ခန့်က စတင် လိမ္မော်ရောင် သုံးဘီးများကို မောင်းနှင်ရင်း မိသားစုဝန်ကို ဆယ်နှစ်ကျော်ကြာချီပိုးထမ်းရွက်လာသူပင်။

“၂၀၁၄ ၊ ၂၀၁၅ လောက်ထိ အဲဒီ သုံးဘီးယာဉ်လေးတွေ အသုံးတွင်ခဲ့တယ်”ဟု ကိုနန်းထိုက်က ပြန်ပြောပြ၏။

ယခင်နှင့်မတူ အရောင်အသွေးစုံဖြင့် လမ်းမထက် သွားလာရွေ့လျားနေသော နောက်ပေါ် သုံးဘီးယာဉ်ငယ်လေးများကို လှမ်းငေးရင်း “သုံးဘီးတစ်ခေတ် ဆန်းလာနိုင်တယ်”ဟု သူကကောက်ချက်ချ စကားဆိုသည်။ အခွင့်သာလျှင် သူပင် နောက်တစ်ကျော့ပြန်
သုံးဘီးယာဉ်ပြန်လည်မောင်းနှင်လိုသေးကြောင်း ရယ်ကာမောကာ ပြောပြသည်။

မော်လမြိုင်တွင် လက်ရှိအချိန်၌ အများပြည်သူ မြို့တွင်းသွားလာရေး ဝန်ဆောင်မှုအတွက် အမှတ် ၁ ၊ ၄ ၊ ၅ ၊ ၆ ၊ ၇ ၊၈ ယာဉ်လိုင်း ခြောက်လိုင်းနှင့် သီးသန့်နှစ်လိုင်း ပြေးဆွဲနေကြောင်း မြို့နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ(ယထက) ဥက္ကဋ္ဌ ဦးစိုးဝင်းထံမှ သိရသည်။

အသွားအလာ စိပ်သော မော်လမြိုင်တွင်  ထိုသို့သော လွန်းပြန် ပြေးဆွဲသွားလာနေသည့် ယာဉ်များအပြင် ဆိုင်ကယ်ကယ်ရီ အသင်းများလည်း လူစည်ကားရာတိုင်းတွင် ဂိတ်ထိုး စောင့်ဆိုင်းနေ၏။

မကြာသေးမီ ရက်ပိုင်း မေ ၂၈ ရက်ကပင် လူမှုကွန်ရက်တွင် Oway Rideစာမျက်နှာက ကြော်ငြာတစ်ခု တွေ့ရှိခဲ့ကြရသည်။

အဆိုပါ လူမှုကွန်ရက် စာမျက်နှာတွင်“သိပ်မကြာခင်အချိန်လေးအတွင်းမော်လမြိုင်မြို့ကို မီနီအိုးဝေ ရောက်တော့မယ်နော်။ ဒါဆို မော်လမြိုင်ရောက်တဲ့အခါ  အရင်လို သွားရေးလာရေးခက်ခဲမှာ ပူစရာ   မလိုတော့ဘူးနော်။     ဘယ်သွားသွားဖုန်းအက်ပလီကေးရှင်းကဖြစ်ဖြစ်(သို့)
ဖုန်းခေါ်ပြီးတော့ဖြစ်ဖြစ် အိမ်ထဲကအိမ်ပြင်မထွက်ဘဲမီနီအိုးဝေခေါ်လို့ရတော့မှာပါ”ဟု ဖော်ပြထားသည်။

နေ့စဉ် လူမှုဘဝထဲတွင် သွားလာမှု ဟန်ပန်တစ်ရပ် ထွက်ပေါ်လာနိုင်သည်ဟု သုံးသပ်ဖွယ် အနေအထားပင်။

စိတ်ဝင်စားခံရသည့် သုံးဘီးသစ်များ

မြို့ခံလူ ယာဉ်မောင်း ကိုနန်းထိုက်က စင်းလုံးငှား လုပ်ကိုင်ပြေးဆွဲနေသည့် အန်စာတုံးဟု အရပ်ထဲအလွယ်ခေါ်ကြသည့် ကားလေးကို မေးဆတ်ပြရင်း“ ကျွန်တော်တောင်မှ အခုဒီကားနဲ့စာရင် သုံးဘီးတောင် ပိုပြီးတော့ ဆွဲချင်လာပြီ” ဟု ပြောသည်။‘အိုးမကွာ အိမ်မကွာလေး’ ဟု လည်း
သူက ညွှန်းဆို၏။

ပုဂံ၊ မန္တလေး၊ ရန်ကုန်ဘက်ဆီကသူ့လုပ်ဖော်ကိုင်ဖက် အသိအကျွမ်းများအလုပ်ဖြစ်၊ တွက်ခြေကိုက် ပြေလည်ကြကြောင်း သူက ပြန်ပြောပြ၏။ အရစ်ကျ ပေးချေနိုင်သည့် စနစ်ဖြင့် ရောင်းချမှုများလည်းအချို့မြို့များတွင် ရှိလာ၍အလုပ်အကိုင်အခွင့်အလမ်း တစ်နည်းတစ်ဖုံ ပွင့်နိုင်ကြောင်း သူက မှတ်ချက်ပြု၏။

သူမှ မဟုတ်၊ ဆိုင်ကယ်ကယ်ရီ ပြေးဆွဲနေသူအများစုလည်းသုံးဘီးယာဉ်များဆီလှမ်းမျှော်ကြည့်တတ်ကြကြောင်း သူသူငါငါ မြင်တွေ့နိုင်ကြမည် ဖြစ်သည်။

“အရစ်ကျနဲ့ ရရင် ခု ပြောင်းလုပ်ချင်ပါရဲ့” ဟု မရမ်းကုန်းရပ်ကွက်တွင်ဆိုင်ကယ်ကယ်ရီပြေးဆွဲသူ တစ်ဦးကလည်းပြော၏။ စီးနင်းလိုသူ၊ မေးမြန်းလေ့လာသူတို့လည်း ရှိနေသည်။

“သက်သောင့်သက်သာ ရှိတယ်၊မိုးဒဏ် နေဒဏ် နည်းနည်းတော့ သက်သာတယ်၊ သက်ကြီးရွယ်အို ကလေးသူငယ်နဲ့ နာမကျန်းသူတွေအတွက် သုံးဘီးက ဆိုင်ကယ်ထက် ပိုအဆင်ပြေတယ်”ဟု မော်လမြိုင် မြို့ခံလူမြိုင်သာယာရပ်ကွက်နေ မင်းအောင်မြင့်က သူ့အမြင်ကို ပြော၏။

သို့တစေစည်းစနစ်တကျ သတ်မှတ်ဆောင်ရွက်မှုရှိစေလိုကြောင်း ဖြည့်စွက်ပြောသည်။

ရေချမ်းစင်များရှိနေ လှူထားသည့်တိုင် ရေသန့်ဘူး ဈေးကွက်တွင်ကျယ် တာစားလာခြင်းမျိုး တကယ်အသုံးဝင်ပါကအသုံးတွင်လာနိုင်သည့်အနေအထားပင်။ အိမ်တိုင်းလိုလိုတွင် အနည်းဆုံး ဆိုင်ကယ်တစ်စီးတော့ ရှိနေသည့်တိုင် သွားလာရေးအတွက်မူ အားထားစရာ တစ်ခုမဟုတ် တစ်ခုတော့မျှော်ကြသည်။

ထိုသို့ စိတ်ဝင်စားသူ ရှိလာချိန်တွင် သတ်မှတ် စည်းမျဉ်းစည်းကမ်းတို့ကို ပြင်ဆင် ဖြည့်စွက်သင့်၊ ညှိနှိုင်းဆောင်ရွက်သင့်သည်တို့ ရှိလာမည်ဖြစ်ကြောင်း မော်လမြိုင်မြို့ခံ ဦးဇင်အောင်ကျော်ထင်က သုံးသပ်သည်။

“ဝယ်လိုအား များလာပုံနဲ့ လမ်းပေါ်နေရာယူမှုတွေများလာတာ၊သုံးဘီးအစည်းအရုံးနဲ့သုံးဘီးဂိတ်ရှိရပါမယ်။ အခွင့်အရေးနဲ့စည်းကမ်း၊ ဒါတွေသတ်မှတ်ရပါမယ်။ အခွန်အတုတ်တွေကိစ္စ၊ စနစ်တကျဖြစ်ရပါမယ်”ဟု သူက အကြံပြု၏။

တစ်ကျော့ပြန်သုံးဘီးများ၏အနာဂတ်

ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍတွင် ခပ်စိပ်စိပ် တွေ့မြင်လာရသည့် သုံးဘီးယာဉ်များနှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရတွင်လည်း အစီစဉ်တချို့ ရှိနေသည်။

“ကျွန်တော်တို့ မွန်ပြည်နယ်မှာလည်း ပြည်နယ်အဆင့်မှာဆိုရင် ကုန်းလမ်းပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့ဒေသဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဆိုတာရှိတယ်၊အရင်တုန်းက ကုန်တင်တဲ့ သုံးဘီး အပါအဝင်၊ လက်ရှိ စတင်မိတ်ဆက်လာတဲ့ လူစီးတဲ့ သုံးဘီးတွေလည်း အပါအဝင်၊ ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲမှုအဖွဲ့တွေနဲ့ မနေ့ကပဲကျွန်တော့်ရုံးခန်းမှာ ခေါ်ယူတွေ့ဆုံပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ကို ကိုယ့်ဘက်က စီမံကြီးကြပ်ရမယ့်အပိုင်းတွေဘယ်လို ဘယ်လို ရှိတယ်ဆိုတာဆက်လက်တင်ပြဖို့ အစည်းအဝေးလုပ်ထားတာ ရှိတယ်” ဟု မွန်ပြည်နယ်
ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ဟင်္သာကို ဇွန် ၇ ရက်တွင် ပြောကြားသည်။

လတ်တလောတွင် မော်လမြိုင်မြို့တွင် စင်းလုံးငှား ယာဉ်ငယ်များ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီထံလစဉ်ကြေးပေးဆောင်ပြေးဆွဲနေသည့်သုံးဘီးဆိုင်ကယ် ၁၄၄ စီး ရှိနေသည်။

ထို့အပြင် အဖွဲ့ဝင်အဖြစ် လစဉ်ကြေးပေးဆောင် ပြေးဆွဲနေသည့် အခြားယာဉ်များဖြစ်သော ဟိုက်ဂျက် ၃၂ စီး၊ပရိုဘောက် ၁ စီး၊ ပေါင်း ၁၇၇ စီး ရှိသည်။

ယခင်က ထိုကော်မတီ အဖွဲ့ဝင်ထားသော ကားအမျိုးအစားအားလုံး စီးရေ ၈၀၀ ခန့်ရှိခဲ့သည်ဟု မြို့နယ် စင်းလုံးငှား ယာဉ်ငယ်များ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံးအဖွဲ့မှူး ဦးဝင်းချိုထံမှ သိရသည်။

ထိုကဲ့သို့သော အခြေအနေတွင် ဈေးကွက်ဝေစု ခွဲယူရသည်မှာ ယာဉ်အမျိုးအစား အားလုံးအတွက် လွယ်ကူသည့် အခြေအနေတစ်ရပ်တော့ မဟုတ်ပေ။

လက်ရှိအနေအထားတွင် ခရီးသွားဝန်ဆောင်မှုကဏ္ဍနှင့် ပတ်သက်၍ မြို့နယ် ယထက ဥက္ကဋ္ဌ ဦးစိုးဝင်းက ယခုလို ဖွင့်ဟ၏။

“မော်လမြိုင်မြို့နယ်အနေနဲ့ ပြောရမယ်ဆိုရင် တရားမဝင်၊ လုပ်ငန်းလိုင်စင်မရှိဘဲနဲ့ အခကြေးငွေယူဆောင်တဲ့ ကားတွေက တစ်နေ့ထက် တစ်နေ့ ပိုပိုများပြားလာတဲ့ အတွက်ကြောင့် တကယ့် တကယ် လုပ်ငန်းလိုင်စင်ရှိတဲ့ကားတွေ လူမရရှိတဲ့အပေါ်မှာ စားဝတ်နေရေးက ပိုပြီးတော့ ခက်ခဲလာတယ်”ဟု ဦးစိုးဝင်းက ဆို၏။

မည်သို့ဆိုစေ အရောင်အသွေးစုံလင်လှသော သုံးဘီးကား အသီးသီးကာ မော်လမြိုင်မြို့၏ လမ်းမများထက်နေရာယူလျက်။ မကြာခင် အင်တာနက်ဖွင့်ထားရုံဖြင့် နေအိမ်ရှေ့က ကားလှမ်းငှား၍ ရနိုင်သော ဖုန်းအက်ပလီကေးရှင်းဖြင့် ဝန်ဆောင်ပေးသော မီနီအိုးဝေလည်း ရောက်လာတော့မည်။

မော်လမြိုင်မြို့နယ် ယထက ဥက္ကဋ္ဌဦးစိုးဝင်းကမူ ယင်းသုံးဘီးများနှင့်ပတ်သက်သောလိုအပ်ချက်များကိုမူ အခုလိုပြောပြသည်။

“အခုအချိန်ထိက ဘယ်အသင်း၊ဘယ်အဖွဲ့အစည်းမှာ ဝင်ရမယ်ဆိုတာလည်း စည်းမျဉ်းစည်းကမ်းက မချမှတ်ရသေးဘူး၊ ချမှတ်တဲ့အပေါ်မှာ မူတည်ပြီးတော့ ဘယ်လို အခြေအနေလဲ၊ ဘယ်လိုဖြစ်ပေါ်လာမလဲ ဆိုတာကိုတော့ကျွန်တော်တို့က ဆက်လက်ပြီးတော့စောင့်မျှော်နေတယ်” ဟု သူက ဆိုလေသည်။

မြတ်သွင်ဦး

Leave a Reply