ဆင်တုပ်ကွေးထက် ကြောက်ရမယ့် ရောဂါ

“အရင်က ကြားဖူးနားဝရှိတာကြက်ငှက်တုပ်ကွေးတို့၊ ဝက်တုပ်ကွေးတို့လောက်ပဲ၊ ခုကျတော့ ဆင်တုပ်ကွေးလို့ ကြားလိုက်ရတော့ မျက်ခုံးလှုပ်သွားတယ်”

ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာခံ အသက် လေးဆယ်အရွယ် ကိုခင်မောင်ဦး(အမည်လွှဲ)က ယင်းသို့ပြောပြသည်။ သူက သမီး မူလတန်းကျောင်းသူ၊ရာသီတုပ်ကွေးရောဂါကြောင့် ဆေးရုံသို့ လာရောက်ခြင်းပင်။

သမီးဖြစ်သူအတွက် အစိုးရိမ်ပိုနေသော်လည်း ဆင်တုပ်ကွေးဟု ယူဆနိုင်လောက်ဖွယ် ရောဂါလက္ခဏာများမတွေ့ရဟု ကျန်းမာရေးဌာနမှတစ်ဆင့်သိရသဖြင့် သူ့အဖို့ ရင်အေးရကြောင်း၊ သို့တစေ သူအပါအဝင် နီးစပ်ရာ ဆွေမျိုးအသိုင်းအဝိုင်းက ဆင်တုပ်ကွေးဆိုသည့် ရောဂါကို စိတ်ဝင်စားမိကြောင်း ကိုခင်မောင်ဦးက ဖွင့်ဟ၏။

သူတို့အတွက် ကြားလေ့ကြားထမရှိသော၊ စိမ်းသက်သော နာမည်ဆန်းဖြစ်နေသောကြောင့်ဟုသူကဆိုသည်။

မိုးဦးလေဦးမို့ တုပ်ကွေးမြူးသည့်ရာသီပေ။

“အရင်လ (မေ ၂၀၁၉) က ရာသီတုပ်ကွေးလူနာ ၃၂ ယောက် ရှိခဲ့ပြီး ခုလဆန်းကနေ လက်ရှိအချိန်ထိ ၆၄ယောက်ရှိတယ်”

ကျိုက်မရောဆေးရုံမှ Staff Nurse (အထက်တန်း သူနာပြု) ဒေါ်ဝါဝါဝင်းက လာရောက် ကုသမှုခံယူသူ လူနာအရေအတွက်ကို ဇွန် ၁၉ရက် ညနေပိုင်းတွင် ဟင်္သာသို့ ပြောပြသည်။

သို့ဆိုလျှင် ယခင်လ တစ်လလုံးစာအရေအတွက်၏ နှစ်ဆကို ယခုလ ရက် ၂၀ မတိုင်မီ ရောက်ရှိလာခြင်းဟု ကောက်ချက်ချရမည့် အနေအထားပေ။ယခုတလော တုပ်ကွေးမိသူ ဦးရေစိပ်နေသည်။

ယင်းအခြေအနေတွင် ဆင်တုပ်ကွေးဆိုသည့် ဝေါဟာရက ရပ်ထဲရွာထဲနှင့် လူမှုကွန်ရက်တွင် လူပြောသူပြော များပြားလာသေးသည်။

မကြာသေးမီ သီတင်းပတ်ကလည်းကျိုက်မရောမြို့နယ်ရှိ ကျေးရွာအချို့ဝယ် လူဦးရေ ၅၀ ခန့် ဆင်တုပ်ကွေးရောဂါ ကူးစက် ခံစားနေရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် တုပ်ကွေးရောဂါခံစားနေရသူများ၏ သွေးရည်ကြည်ကိုရန်ကုန်ရှိ National Lab (အမျိုးသားဓာတ်ခွဲခန်း) သို့   ပို့ဆောင်ကာစမ်းသပ်စစ်ဆေးထားကြောင်း သိရသည်။

ဆင်တုပ်ကွေး ဟုတ်/မဟုတ်မှာဓာတ်ခွဲခန်း သွေးစစ်ချက် အဖြေရရှိမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း အထက်ပါဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စည်သူရဲနောင် (ပြည်နယ် ရ.ပ. က.န အဖွဲ့ ၊ ပိုးမွှားများမှ တစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ် နှိမ်နင်းရေးအဖွဲ့ )က ဟင်္သာကို ဇွန် ၂၀ ရက်တွင် ပြောသည်။ ဓာတ်ခွဲခန်းအဖြေကို ရှေ့သီတင်းပတ် ဇွန် ၂၆ ရက်တွင် သိရှိရမည်ဖြစ်ကြောင်း ၎င်းက ဆို၏။

ရောဂါအခြေအနေနှင့် ပတ်သက်၍ ဇွန် ၁၉ ရက်က ကျိုက်မရောမြို့နယ် ကျေးရွာအချို့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

“ဒီရောဂါက သွေးလွန်တုပ်ကွေးလောက် ကြောက်စရာ မကောင်းဘူး၊သွေးလွန်တုပ်ကွေးက အသက် အန္တရာယ်ရှိတယ်၊ ဆင်တုပ်ကွေးကျ အသက်အန္တရာယ် မရှိဘူး” ဟု ဒေါက်တာ စည်သူရဲနောင်က ပြောသည်။

ဆေးရုံများတွင် လူနာတက်ရောက်မှုအခြေအနေမှာလည်း သွေးလွန်တုပ်ကွေးရောဂါလက္ခဏာဖြင့်သာတက်ရောက်သူများကြောင်းသိရသည်။

“တစ်ခု ခံရတာက ဒီရောဂါ(ဆင်တုပ်ကွေး) က ကိုယ်လက်တွေ အဆစ်တွေ တအားကိုက်တယ်၊ တချို့ဆို တစ်ပတ်ကျော်တဲ့အထိ မကောင်းဘူးပေါ့၊ တချို့ကျတော့လည်း သူ့ကိုယ်ခံအားအပေါ် မူတည်ပြီးတော့ ပြန်ကောင်းသွားတာတွေလည်းရှိတယ်”

အဖျားပျောက်ပြီးချိန်တိုင် အဆစ်အမြစ် ကိုက်ခဲဝေဒနာ ရက်အတန်ကြာကျန်နေသူအချို့လည်း ရှိတတ်ကြောင်း၎င်းက ဖြည့်စွက်ပြောသည်။ ဆင်တုပ်ကွေးဟု အများသူငါ ခေါ်ဝေါ်နေကြသည့် တုပ်ကွေးဗိုင်းရပ်စ်မှာ ကူးစက်မှုမြန်ဆန်ပြီး ခြင်မှတစ်ဆင့် ကူးစက်ပျံ့နှံ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးကဲ့သို့ပင် ပြန့်ပွားသည်။ ကူးစက်မှုနှုန်း မြန်ဆန်သဖြင့် ပျံ့နှံ့နိုင်ခြေ မြင့်သည်။ အသက်အန္တရာယ်မရှိဟုဆိုငြား ရောဂါဝေဒနာဒဏ်ကိုမူ အတော်အတန် ခံစားရဖွယ်ရှိလေသည်။

ဆင်တုပ်ကွေး

“ခုတစ်လော လူနာအများစုဖြစ်နေကြတဲ့ တုပ်ကွေးလက္ခဏာတွေထဲမှာ အဆစ်အမြစ်ကိုက်တာတွေက အများဆုံးဖြစ်ပါတယ်။ ဒါဟာ အခုလက်ရှိ ရာသီပေါ်တုပ်ကွေး တစ်မျိုးပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ် ပါတယ်။ ဒါကို ဆင်တုပ်ကွေး Chikungunya လို့ခေါ်ပါတယ်။ ကာကွယ်ဆေးမရှိပါဘူး၊ ခုထိုးနေကြတဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးကလည်း ဆင်တုပ်ကွေးကို မကာကွယ်နိုင်ပါဘူး” ဟု မော်လမြိုင်မြို့ပေါ် ပြင်ပဆေးခန်းတစ်ခုတွင် ပုံမှန် ကုသသူဒေါက်တာမောင်မောင်ဦးက ဆို၏။

ဆင်တုပ်ကွေး Chikungunya နာမည်မှာ ရောဂါ စတင်တွေ့ရှိရာ တန်ဇန်းနီးယားနိုင်ငံ လူမျိုးစု ဘာသာစကားမှ စတင်မြစ်ဖျားခံခဲ့ပြီး တွန့်လိမ်ကောက်ကွေးခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်၊ ရောဂါ ခံစားရသူများ နာကျင်ကိုက်ခဲနေခြင်းကို ဆိုလိုသည်ဟု သူက ပြောသည်။

ရောဂါပိုးသယ်ဆောင်ထားသောခြင် အကိုက်ခံရပြီး ၃ ရက် မှ ၅ ရက်အတွင်း လက္ခဏာ စတင်ခံစားရမည်ဖြစ်ကာ ခြင် အမျိုးအစားမှာ Aedes aegypti & Aedes albopictus ဖြစ်၏။ ယင်းမှာ သွေးလွန်တုပ်ကွေးဖြစ်စေသော ခြင် အမျိုးအစားနှင့်အတူတူပင်။

အဓိကလက္ခဏာကား ဖျားပြီးအဆစ်အမြစ် လွန်စွာ ကိုက်ခဲခြင်းဖြစ်ပြီး လူနာအများစု (၈၇%-၉၀%) မှာကိုက်ခဲကြ၏။ ယင်းအပြင် ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ အရေပြားအကွက်ပေါ်ခြင်းများလည်း ဖြစ်တတ်သည်။

ရောဂါဖြစ်ပြီး သူများအနေဖြင့် ခုခံစွမ်းအားရရှိပြီး နောက်ထပ် ထပ်မံမဖြစ်နိုင်တော့ဟု ဒေါက်တာ မောင်မောင်ဦးကဆို၏။ သွေးလွန်တုပ်ကွေးနဲ့မတူဘဲ ၎င်းတွင် မျိုးကွဲ မရှိ၍ဟုအတည်ပြုလေသည်။

ပထမဆုံးသော ကူးစက်ခြင်းကို ၁၉၅၀ မှာ အာဖရိကတွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၆၀ တွင် ဘန်ကောက်၊၁၉၆၃ မှ ၁၉၇၃ တွင် အိန္ဒိယတို့တွင် ဖြစ်ပွားခဲ့ဖူးကြောင်း၊ ၂၀၀၄ မှာ ကင်ညာနိုင်ငံမှတစ်ဆင့် နိုင်ငံအတော်များများသို့ ကူးစက်ပျံ့နှံ့ခဲ့ကြောင်း၊မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ်ကတည်း
က ရောဂါဖြစ်ပွားမှုရှိခဲ့ကြောင်း သိရသည်။ ၂၀၁၃ တွင် အမေရိကန်နိုင်ငံတွင်လည်း ရောဂါဖြစ်ပွားမှုရှိခဲ့သည်။

မြိုင်သာယာရပ်ကွက်၊ စစ်မောင်လမ်းနေ မမျိုးဥမ္မာက “တစ်ယောက်ဖြစ်လိုက်တာနဲ့ တစ်အိမ်လုံး ကူးတော့တာပဲ၊ ပတ်ဝန်းကျင်မှာလည်း အတော်များများ ကူးကြတယ်” ဟု သူ့ကိုယ်တွေ့ကို ဖောက်သည်ချသည်။

“နဂိုရောဂါ အခံရှိသူဆိုတော့ ကိုယ်ခံအားနည်းနေချိန်မို့ နောက်ဆက်တွဲ ဝေဒနာပါ ဆက်ခံလိုက်ရသေးတယ်” ဟုလည်း သူမက ဆက်ပြော၏။

မွေးကင်းစ ကလေးငယ်များ၊အသက် ၆၅ နှစ် အထက်လူကြီးများ၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါအခံရှိသူများတွင် ပိုမိုခံစားရလေ့ရှိပြီး ဗိုင်းရပ်စ်ပိုးမှာရောဂါကူးစက်ခံရသူ၏ ကိုယ်တွင်းဝယ် ၅ ရက်မှ ၇ ရက်အတွင်း ခိုအောင်းနေနိုင်သဖြင့် ထိုအချိန်အတွင်း ကိုက်သော ခြင်ကတစ်ဆင့် အခြားသူထံ တစ်ဆင့်ထပ်မံ ပြန့်ပွားသောကြောင့် အဓိက လက်သည်မှာ ခြင်ဖြစ်ကြောင်း ဆရာဝန် အသိုင်းအဝိုင်းက တစ်ညီတစ်ညွတ်တည်း ပြောဆိုကြသည်။ အသက်ကို မထိခိုက်နိုင်သည့်အပြင် ကိုယ်ဝန်ပျက်ကျနိုင်ခြေပင် လွန်စွာ နည်းပါးသည်။

လူတစ်ဦးမှ တစ်ဦးသို့ တိုက်ရိုက်မကူးစက်နိုင်ဘဲ ခြင်ကိုက်ခံရခြင်းမှတစ်ဆင့်သာ ကူးစက်ခြင်းဖြစ်၏။ မိခင်နို့မှတစ်ဆင့် ရင်သွေးထံ ပြန့်ပွားခြင်းမျိုးပင် မရှိနိုင်ချေ။

အငြိမ်းစား ငှက်ဖျားဆရာဝန်ကြီးဒေါက်တာ ဉာဏ်ဆင့်က “နားကြားလွဲပြီးတော့ လူတွေက ခေါ်တာ မှားသွားပုံရတယ်၊ တကယ့် တကယ်ကတော့ ခြင်တုပ်ကွေးလို့ ပြောရင် ပိုကောင်းမယ်၊ ဘာလို့လဲဆိုတော့ ဆင်တုပ်ကွေးဆိုတော့ ဘာမှ အဓိပ္ပာယ်မရှိဘူး၊ ဆင်နဲ့ တူတာလည်း ဘာမှ မရှိဘူး၊ တကယ့် တကယ်တော့ ခြင်တုပ်ကွေး ပေါ့”ဟု ဖွင့်ဆိုပြသည်။

သွေးလွန်တုပ်ကွေး

ဆင်တုပ်ကွေးထက် အလေးမူသတိပြုရမည်မှာ သွေးလွန်တုပ်ကွေးပင်။

“ဆင်တုပ်ကွေးက အဓိကကတော့အသက် မသေဘူးဆိုတော့ သိပ် ကြောက်စရာ မကောင်းဘူး၊ သွေးလွန်တုပ်ကွေးက ပိုကြောက်ဖို့ကောင်းတယ်”ဟု ဒေါက်တာ ဉာဏ်ဆင့်က မှတ်ချက်ပြုသည်။

ယခု ၂၀၁၉ ၏ ကုန်လွန်ခဲ့သည့် ငါးလကျော်အတွင်း မွန်ပြည်နယ် ဆယ်မြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါကူးစက်ဖြစ်ပွားသူ ဦးရေမှာ၃၆၀ ကျော် ရှိခဲ့သည်။ ယင်းအနက် သေဆုံးသူ ကလေးငယ် နှစ်ဦးရှိခဲ့ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ယခု ၂၀၁၉ နှစ်ဦးအစ ဇန်နဝါရီ ၁ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့ထိ စာရင်းအရ ယင်းသို့ရှိနေသည်။ ယမန်နှစ်ကာလတူတွင် ထိုမျှ မရှိခဲ့ဘဲ ယခုအခါ သိသိသာသာ မြင့်တက်လာခဲ့ကြောင်းသိရသည်။ ယခင်နှစ် အဆိုပါကာလတွင် လူနာ ဦးရေ ငါးရာကျော်အနက် သေဆုံးသူ တစ်ဦးရှိခဲ့၏။

ယခုနှစ်တွင် မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်တို့တွင် ရောဂါအဖြစ်များသည့် အနေအထားရှိပြီး အရွယ်အားဖြင့် အသက် ၅ နှစ်မှ ၉ နှစ်ကြား ကလေးငယ်များဖြစ်ကြောင်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောသည်။ ယမန်နှစ်က ပြည်နယ်တစ်ခုလုံးတွင်သွေးလွန်တုပ်ကွေးရောဂါသည် ၁၅၉၅ ဦးရှိခဲ့ပြီး သေဆုံးသူ ၄ ဦးရှိခဲ့လေ၏။

သွေးလွန်တုပ်ကွေးမှာ ရောဂါသိချိန် နောက်ကျပါက ပြင်းထန်သည့်dengue hemorrhagic feverဖြစ်လာပြီး အဖျားတက်ခြင်း၊ သွေးကြောတွေထိခိုက်ခြင်း၊ နှာခေါင်းနှင့် သွားဖုံး သွေးယိုခြင်း၊ အသည်းကြီးခြင်းနှင့် သွေးလည်ပတ်မှုစနစ် ချို့ယွင်းခြင်းတို့ ခံစားရပြီး နောက်ဆုံးဝယ် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ခြေရှိနေ၏။

ဆင်တုပ်ကွေးမှာ ဆယ်နှစ်ခန့်အကြာတွင်မှ တစ်ကြိမ်ခန့်သာ ဖြစ်ပွားလေ့ရှိပြီး သွေးလွန်တုပ်ကွေးမှာမူ နှစ်စဉ် ဖြစ်ပွားမှုရှိနေသည်။ အသက်အန္တရာယ်ကိုပင် သွေးလွန်တုပ်ကွေးကသာ ထိပါးနိုင်ကြောင်း သိရသည်။

ရောဂါပိုး အဓိက သယ်ဆောင်သူခြင်

ရောဂါနှစ်ရပ်စလုံးတွင် ဘုံအားဖြင့်တူညီနေသည့် တစ်မျိုးတည်းသော အဓိက လက်သည်မှာ ခြင် ဖြစ်လေ၏။

ခြင်နှိမ်နင်းရာတွင်လည်း “ကာကွယ်နှိမ်နင်းရေးကျတော့အကုန် အတူတူပဲ၊ သွေးလွန်တုပ်ကွေး သယ်တဲ့ခြင်က ခုနက ပြောပြောနေတဲ့ ဆင်တုပ်ကွေး သယ်တဲ့ ခြင်နဲ့ အတူတူပဲ၊တစ်ပုံစံတည်းဆိုတော့ အဲဒီ ခြင်ကို နှိမ်နင်းရင် အတူတူပဲဆိုတော့ ဘာမှဆင်တုပ်ကွေးအတွက် ကြောက်ပြီး
တော့၊ ထူးခြားပြီးတော့ လုပ်နေစရာ မလိုဘူး၊ သွေးလွန်တုပ်ကွေးကို သေချာ ဖိဖိစီးစီး နှိမ်နင်းရင်းနဲ့ သူ့အလိုလိုကောင်းသွားမယ်”ဟု ဝါရင့် ဆရာဝန်ကြီး ဒေါက်တာဉာဏ်ဆင့်က ကျွဲကူးရေပါသဘောကို ပြောပြသည်။

ခြင်က ပေးသော ပြဿနာ၊ ခြင်သယ်ဆောင်လာသည့် ရောဂါပိုးတို့မှာလည်း တကယ်စင်စစ် နည်းသည်တော့ မဟုတ်ချေ။ နောက်ဆက်တွဲအန္တရာယ် သက်ရောက်မှု ကြီးမားသည့်ခြင်ပါပေ။ နေရာဒေသနှင့် ခြင်အမျိုးအစားအလိုက် ကူးစက်နိုင်ခြေ ရှိသည့်ရောဂါ အမျိုးမျိုးရှိသော်ငြား အာရှ
ဒေသဝင် မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေးရောဂါ၊ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါစသည်တို့ အဖြစ်များသည်။

ခြင်ကို နှိမ်နှင်းဖို့

ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်စေနိုင်သည့် Culex ခြင်များက မနက်အရုဏ်တက်နှင့်ညနေစောင်းတွင် များတတ်ပြီး ဆင်တုပ်ကွေးရော သွေးလွန်တုပ်ကွေးပါဖြစ်စေနိုင်သည့် Aedes ခြင်များမှာမူ နေ့ဘက်မှာပင်လျှင် အကိုက်များသည်။ ငှက်ဖျားရောဂါ ကူးစက်နိုင်သည့် Anopheles ခြင်များမှာ နေရာဒေသအလိုက် ကျက်စားသည်။ Culex ခြင်များက သင့်လက်တစ်ကမ်းတွင်ပင် ရှင်သန်နေကြလေသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စည်သူရဲနောင်က မိမိတို့ ဌာနအနေဖြင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို ကာကွယ်တားဆီးရန်အတွက်ပညာပေးလုပ်ငန်းများ၊ မြို့နယ်အလိုက် ကျန်းမာရေးဌာနအသီးသီးနှင့် လက်တွဲလျက် ခြင် နှိမ်နင်း ကာကွယ်ရေး အပတ်စဉ်လုပ်ငန်းများနှင့် ပိုးလောက်လန်းသတ် Abate ဆေးခတ်ခြင်းလုပ်ငန်းတို့ကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း ပြောပြသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုအများ၏ ပူးပေါင်းပါဝင်မှုမှာ လွန်စွာ အရေးကြီးကြောင်း ဒေါက်တာ စည်သူရဲနောင်က တိုက်တွန်းခဲ့သလို ထိရောက်သော အကျိုးသက်ရောက်မှုမှာ ပြည်သူပါဝင်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်းဆိုသည်။

ခြင်မှတစ်ဆင့် ကူးစက်သော သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေးအပြင် တုပ်ကွေးရောဂါ၏ အခြားသောမျက်နှာစာတစ်ရပ်တွင်အသက်ရှူလမ်းကြောင်းမှတစ်ဆင့်၊ လေထုထဲမှတစ် ဆင့် ကူးစက်ပြန့်ပွားသော ရာသီတုပ်ကွေး H1N1 မှာလည်း တစ်ဖန်ရှိနေပြန်၏။

ရောဂါကူးစက်သံသယရှိသူ အယောက် ၄၀ ကို ဇွန်လအတွင်းက စစ်ဆေးခဲ့ပြီး ၁၀ ဦး ရောဂါလက္ခဏာ တွေ့ရှိကာ လက်ရှိ အခြေအနေအထိ၄ ဦး သေဆုံးပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးနှင့်အသိပညာမြှင့်တင်ရေး ဌာနခွဲက  အတည်ပြုပြောဆိုထားသည်။

ရန်ကုန်ဆေးရုံကြီးတွင် ရာသီတုပ်ကွေး H1N1 ဖြင့် သေဆုံးသူ လေးဦးရှိနေပြီး သံသယလူနာများကို ထပ်မံစောင့်ကြည့်နေကြောင်း ဇွန်လ၁၉ ရက်တွင် သိရသည်။ သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းနေ အသက် ၇၅၊ ၃၁ နှင့် ၂၉ နှစ်အရွယ် ရောဂါအခံရှိသူများဖြစ်နေသည်။

ရာသီတုပ်ကွေး H1N1 ရောဂါမှာလည်း အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အသက် ၇၀ ကျော် သက်ကြီးရွယ်အိုများနှင့် အသက် ၅ နှစ်အောက်ကလေးငယ်များက ရောဂါဖြစ်ပွားပြီဆိုပါက ပိုမိုပြင်းထန်နိုင်သည်။

အဆိုပါ ရောဂါလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ အဖျား ၁ဝဝနှင့်အထက် ရှိခြင်း၊ နှာစေးခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်သည်။ ရာသီတုပ်ကွေး H1N1 ရောဂါမှာ၂၀၀၉ ခုနှစ်တွင်စတင်ဖြစ်ပွားခဲ့ပြီး ယခင် ၂၀၁၇ ခုနှစ်ကနှစ်လအတွင်း မြန်မာနိုင်ငံ၌ ၃၆ ဦး
သေဆုံးခဲ့ရသည်။

လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု ထိတ်လန့်မှုမရှိစေရန် လိုအပ်သည်များကိုစီစဉ်ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့် ရုပ်မြင်သံကြားနှင့် ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်များမှညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေးထားသည်။

မြတ်သွင်ဦး

Leave a Reply