ဇင်းကျိုက်ရေတံခွန်တွင် အသက် ၁၄နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦး ဓားထောက် အဓမ္မပြုကျင့်ခံရ

မော်လမြိုင်၊ ဇူလိုင် ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ ကျောက်သင်္ဘော ရေတံခွန်တွင် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကို တစ်ရပ်ကွက်တည်းနေသူအမျိုးသားတစ်ဦးက ဓားဖြင့်ထောက်ပြီး နှစ်ကြိမ်တိုင်တိုင်အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်းပေါင်မြို့နယ် မြို့မရဲစခန်းထံမှသိရှိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့က တစ်ရပ်ကွက်တည်းနေ နေလင်းဆိုသူက အသက် ၁၄ နှစ်အရွယ်အမျိုးသမီး မ …… ကို ဓားဖြင့်ထောက်ကာ ခြိမ်းခြောက်ပြီးကျောက်သင်္ဘောရေတံခွန်အနီး အများသုံးသန့်စင်ခန်းဘေးတွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်းအဆိုပါရဲစခန်း၏ အမှုမှတ်တမ်းများအရ သိရှိရသည်။

အဆိုပါအမှုကို   မူလက လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုကာအိန္ဒြေပျက်ပြားစေမှုတို့ဖြင့်ဖွင့်လှစ်ခဲ့သော်လည်း ဇူလိုင်လ၁၈ ရက်နေ့တွင် သားမယားပြုကျင့်မှုဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ကနဦး  အမှုဖွင့် စစ်ဆေးချက်များတွင်အမျိုးသမီးငယ်ကရေတံခွန် ဆိုင်တစ်ဆိုင်ရှေ့ကစားပွဲခုံပေါ်တွင်  ဂိမ်းကစားနေစဉ် တစ်ရပ်ကွက်တည်းနေ နေလင်းဆိုသူက ရောက်ရှိလာပြီး ဘယ်ဘက်ပါးနှင့် ရင်သားကို  လက်ဖြင့် ဆုပ်ကိုင်ခဲ့ခြင်းကြောင့် အမှုဖွင့်ခဲ့သော်လည်း နောက်ပိုင်းတွင် အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရသူသည် အဆိုပါအမျိုးသမီးငယ်ကို ယင်းကိစ္စများပြန်လည်တိုင်ကြားပါက သတ်ပစ်မည်ဟုခြိမ်းခြောက်ခဲ့ကြောင်း ပေါင်မြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။

ယင်းကဲ့သို့သော ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော်     အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့ထံ ဆက်သွယ်မေးမြန်းရာ “မူးယစ်ဆေးသုံးတဲ့ သူတွေလည်းဖြစ်နိုင်တယ်။ ပုံမှန် စိတ်အခြေအနေမရှိတဲ့သူတွေမှာလဲ ဒီလိုဖြစ်စဉ်တွေ ဖြစ်နိုင်တယ်။ ဖြစ်စဉ်ဖြစ်နိုင်တဲ့အကြောင်းအရင်းများစွာရှိတယ်၊ ပုံမှန်မဟုတ်တဲ့စိတ်ပိုင်းဆိုင်ရာချို့တဲ့တဲ့သူတွေကြောင့်လည်း ဖြစ်တယ်” ဟုမှတ်ချက်ပြုသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပေါင်မြို့နယ် မြို့မရဲစခန်းကပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူ နေလင်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၅၄ ကာအိန္ဒြေပျက်ပြားအောင် ပြုလုပ်မှုဖြင့် ကနဦး အမှုဖွင့် အရေးယူထား သော်လည်း ဇူလိုင်လ ၁၈ ရက်နေ့တွင်မူ အဓမ္မပြုကျင့်မှု ပုဒ်မ၃၇၆ ဖြင့် ပြောင်းလဲအမှု ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ပေါင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရန်လင်းအောင်

Leave a Reply