မျက်စိကျန်းမာရေး

နည်းပညာခေတ်တွင် ကျွန်တော်တို့အားလုံးသည် မျက်စိအခြေပြုကာ အီလက်ထရောနစ်ပစ္စည်းတွေကို ပေါပေါလောလော အသုံးပြုလာကြတယ်။ ဒါတွေဟာ ကျွန်တော်တို့မျက်စိကိုထိခိုက်စေတဲ့အကြောင်းတစ်ခုဖြစ်ပါတယ်။

ဒါတွေကြောင့် မျက်စိကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်တွေကိုတင်ပြလိုက်ရပါတယ်။

တစ်နှစ်တစ်ခါ မျက်လုံးကို စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ တကယ်လို့ တခြားဘာရောဂါမှ မရှိဘူး၊ မျက်လုံးက ကြည့်ရတာလည်း ကောင်းတယ်ဆိုရင်တောင်မှ တစ်နှစ်ကို တစ်ခါတော့ စစ်ကြည့်သင့်ပါတယ်။ ဆီးချိုရောဂါရှိတဲ့သူဆို မျက်လုံးကို ပိုလို့တောင်စစ်ကြည့်သင့်ပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကလည်း ခန္ဓာကိုယ်အတွက် အရေးပါလှပါတယ်။ တိတိပပ လေ့လာသုံးသပ်ထားတာမျိုး မရှိပေမယ့် ဒီအသီးအရွက်တွေထဲမှာပါတဲ့ လူတိန်း -Lutein နဲ့ ဇီအာဇန်သိန်း- Zeaxanthin လို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက မျက်လုံးပျက်စီးမှုကို လျှော့ချပေးတယ်လို့ ပြောကြပါတယ်။  ဒီဓာတ် နှစ်မျိုးက အဝါရောင်နဲ့ လိမ္မော်ရောင်ရှိတဲ့အသီးအရွက်တွေထဲမှာ တွေ့ရပါတယ်။ ဥပမာပြောင်းဖူး၊ မုန်လာဥ၊ လိမ္မော်သီး၊ သံပယိုသီး၊မုန့်ညှင်း စတာတွေ ဖြစ်ပါတယ်။ ဗီတာမင် အေ၊စီ၊ အီး နဲ့ ဇင့်ဓာတ်တွေက မျက်လုံးကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လူအများ သိကြပြီးသားပါ။ ဒါ့ကြောင့် သူတို့ကို ဗီတာမင်ဆေးပြား၊ ဆေးလုံးတွေအနေနဲ့လည်း မှီဝဲနို်င်ပါတယ်။

ဟိုးအရင် နှစ် ၅၀ လောက်တုန်းကတော့ ကျန်းမာရေးအတွက်လိုအပ်တဲ့ အသီးအရွက်တွေစားနေရင်ရပြီ။ ဒီလိုဆေးတွေ စားနေစရာမလိုဘူးလို့ ယူဆခဲ့ကြပေမယ့် ယနေ့ခေတ် မြေသြဇာက ဟိုးအရင်နှစ်တွေက လောက်သန့်ရှင်းမှု မရှိတော့ပါဘူး။ ဒါကြောင့် စိုက်ပျိုးထွက်ရှိလာတဲ့ အသီးအနှံတွေမှာ အာဟာရဓာတ် ပါသင့်သလောက် မပါဝင်တော့တဲ့အတွက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဒီဗီတာမင်ဓာတ်တွေကို တခြားက ရယူဖို့လိုအပ်လာပါတယ်။ သို့ပေမဲ့ ဒီလိုအားဆေးတွေ သောက်ဖို့ရွေးချယ်တဲ့အခါ အာဟာရဓာတ်မျှမျှတတ ပါဝင်တဲ့ဆေးတွေကိုသာ သောက်သုံးပါ။

တကယ်လို့ သင်က အသက်အရွယ်လည်း ရနေပြီ၊ ဆေးလိပ်လည်းသောက်တတ်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်ဖို့ လိုအပ်နေပါပြီ။ ဆေးလိပ်သောက်တာကြောင့် မျက်လုံးကို ဘယ်လိုထိခိုက်မှုတွေ ဖြစ်စေသလဲဆိုတာ အကျယ်တဝင့်ရှင်းပြနေစရာတောင် မလိုလောက်တော့ပါဘူး။

ဆေးလိပ်ကြောင့် မျက်လုံးတွင်း သွေးကြောတွေကို ကျဉ်းလာစေပြီး သွေးလည်ပတ်မှု ကျဆင်းသွားစေပါတယ်။ ဒါ့အပြင် ဆေးလိပ်ထဲမှာပါဝင်တဲ့ နီကိုတင်း နဲ့ တာ(Tar) ဆိုတဲ့ အဆိပ်အတောက်တွေကို မျက်လုံးက စုပ်ယူမိသွားတဲ့အခါ မျက်လုံးအမြင်အာရုံ ဆုံးရှုံးတာတွေ၊ အတွင်းတိမ်စွဲတာတွေ ဖြစ်လာပါတော့တယ်။ ဒါကြောင့်ဆေးလိပ်သောက်တတ်တဲ့သူဆိုဆေးလိပ်ဖြတ်ဖို့ အကြံပေးချင်ပါတယ်။

အလင်းရောင်အားနည်းတဲ့နေရာမှာ ဖုန်းသုံးတာက မျက်လုံးကို လုံးဝပျက်စီးသွားတာမျိုး မဖြစ်စေပေမယ့် မျက်လုံးညောင်းတာမျိုးတော့ ဖြစ်နိုင်ပါတယ်။ မျက်လုံးညောင်းတဲ့အခါ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာတွေပါ ဆက်ဖြစ်လာပါတယ်။ ဒါ့ကြောင့် ကိုယ်စာဖတ်မယ့် နေရာ၊ အလုပ်တစ်ခုခု (အထူးသဖြင့် အာရုံစူးစိုက်မှု ပိုလိုအပ်တဲ့နေရာတွေမှာ) အလင်းရောင်လုံလုံလောက်လောက် ရရှိဖို့ အရေးကြီးပါတယ်။မျက်လုံးညောင်းတာကို သက်သာစေတဲ့ နောက်တစ်နည်းကတော့ ဖုန်းကြည့်နေတာကို ခဏလောက် နားပြီး ဘေးဘီကို ကြည့်ရှုပေးတဲ့ နည်းပါ။ ၁၀ မိနစ်လောက်ကြာအောင် ဘေးနားကိုလှည့်ပတ်ကြည့်ရှုတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်အနီးအနားမှာ သစ်ပင်လို စိမ်းစိမ်းစိုစို အရာတွေရှိရင် ဒါတွေကို ကြည့်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးပါ။ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နေမယ်ဆိုရင်လည်း မျက်လုံးကအားအင်ကုန်သလို ညောင်းညာကိုက်ခဲနေတတ်ပါတယ်။ ဒါကို အကောင်းဆုံးပြန်လည်ကုစားတဲ့နည်းကတော့ အိပ်ရေးဝ၀အိပ်စက်ခြင်းပဲ ဖြစ်ပါတယ်။

အတော်များများသော မျက်စိပြဿနာတွေက မျက်စိအထူးကုဆရာဝန်တွေဆီစောစောစီးစီးရောက်သွားရင် ပျောက်ကင်းအောင် ကုသပေးလို့ရပါတယ်။ ဒါကြောင့် အချိန်က အရေးကြီးပါတယ်။ ဖုန်းသုံးတာများလို့ အမြင်အာရုံ ဝေဝါးလာတာ၊ ပုံရိပ် ၂ ထပ်မြင်တာ၊ မျက်လုံးအိမ်နာကျင်တာ၊ မျက်လုံးက အလင်းပြန်တာ၊ အဖြူရောင်တွေဖုံးနေတာ စတဲ့လက္ခဏာတွေ ပြလာခဲ့ရင် မျက်လုံးအထူးကု ဆရာဝန်ဆီသာ အမြန်သွားပြပါ။

“ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏’’ ဆိုတဲ့ စကားအတိုင်းကိုယ့်အမြင်အာရုံနဲ့ပတ်သက်ပြီး မျက်လုံးကို မှန်မှန်စစ်ဆေးတာ၊ မသင်္ကာစရာလက္ခဏာတွေ ပေါ်လာတာနဲ့ အချိန်မဆိုင်းဘဲ နီးစပ်ရာ မျက်လုံးဆရာဝန်ဆီ သွားရောက်ပြသပါရန်မေတ္တာရပ်ခံပါရစေ။

ဒေါက်ဦး(မွန်)

Leave a Reply