အရှေ့ပင်လယ်ဆီက ငရဲခန်းတွင်းသို့ ပို့ဆောင်ပေးနေသည့် ဝံပုလွေဆိုးများ

ယခင်က အနောက်ပင်လယ်တွင် အလုပ်လုပ်ကိုင်ခဲ့ကြသော ဧရာဝတီတိုင်းကျားဖောင်လုပ်ငန်းများသည် ကမ်းခြေနှင့်နီး၍ အမြတ်အစွန်း ပိုမိုရရှိသည့် အရှေ့ပင်လယ် မွန်ပြည်နယ်ရေပိုင်နက်ဆီသို့ မသိမသာ တဖြည်းဖြည်း ပြောင်းရွှေ့အခြေချလာခဲ့သည်မှာ  ဆယ်စုနှစ်တစ်ခုပင် မကတော့ပြီ။

ကျားဖောင်လုပ်ငန်းများနှင့်အတူ ရွှေ့ပြောင်းလုပ်သားများသည်လည်း မွန်ပြည်နယ်  ရေးမြို့အနောက်ဘက် ၅ မိုင်ခန့်အကွာ အဘော်ကျေးရွာ အုပ်စု ပတ္တမြားတန်းရပ် တစ်နည်းအားဖြင့်ဒေသအခေါ် “အဘော်ကျားတန်း”တွင် စုပေါင်းနေထိုင်ကြခဲ့ရာမှ ယခုအခါ တရားဝင်စာရင်းအရ အိမ်ခြေ ၇၀၀ ကျော်ရှိသည်ဟု ဆိုသော်လည်းထိုအနီး ပတ်ဝန်းကျင်တဝိုက်တွင်    စာရင်းမဝင်ဘဲ လာရောက်အခြေချနေသူများ များစွာရှိနေသည်ကိုလည်း တွေ့ရမှာဖြစ်သည်။

ယခုလိုကာလမျိုးသည် ပင်လယ်ငါးပုစွွန်သားပေါက်သည့်ကာလ ဖြစ်သည့်အတွက် ဇွန်လ ၁ ရက်မှစတင်၍သြဂုတ်လကုန်အထိ ကမ်းဝေးငါးဖမ်းလှေအားလုံး ပင်လယ်ပြင်သို့ ငါးဖမ်းမထွက်ရန် ငါးလုပ်ငန်းဦးစီးဌာနက အမိန့်ထုတ်ပြန်ထားသည်။ထို့ကြောင့်ကျားဖောင်အားလုံး ယခုအချိန်သည် လုပ်ငန်းများ ခေတ္တနားထားသည့် အချိန်ရေလုပ်သားများအတွက်လည်းအနားယူချိန် ဖြစ်သည်။

ဒီလိုအချိန်တွင် အရှေ့ပင်လယ်ပြင်အတွင်း ငါးဖမ်းထွက်မည့်ကျားဖောင်များအတွက်ရေလုပ်သားများ လိုအပ်သည့်ကာလဖြစ်သောကြောင့် ပွဲစားများကရေလုပ်သားစုဆောင်းခြင်းနှင့် ပြီးခဲ့သည့်ရာသီက  ရေလုပ်သားများထိန်းချုပ်ခြင်းတို့ကို တွင်တွင်ကျယ်ကျယ် လုပ်သည့် ကာလဖြစ်သလို ဒေသအသီးသီးကသူများကို အလုပ်အကိုင် အခွင့်အလမ်းအကြောင်းပြုကာ ပွဲစားများက နည်းမျိုးစုံဖြင့် ခေါ်ယူသိမ်းသွင်းလာသည့် သူများကို ကျားဖောင်လုပ်ငန်းရှင်များထံသို့ချိတ်ဆက် ပို့ဆောင်ကြသည့်အချိန်လည်း ဖြစ်သည်။

ထိုသို့ရောက်လာသူအများစုမှာ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းခွင်အတွင်း လုပ်အားခေါင်းပုံဖြတ်ခံရမှု၊ အဓမ္မစေခိုင်းမှုများနှင့် ညှဉ်းပန်းနှိပ်စက်ခံရမှုများဖြင့်ကြုံတွေ့နိုင်ပြီးဥပဒေ၏ အကာအကွယ် ကင်းမဲ့သည်ကိုသိရှိမှု အလွန်အားနည်းသူများဖြစ်၍အလုပ်အကိုင်နှင့် ဝင်ငွေ ရရှိရန် ပင်
လယ်ထဲက ငရဲခန်းဆီသို့ရောက်ရှိလာသူများ ဖြစ်သည်။

ကျားဖောင်နားချိန် မိုးရာသီတွင် အရှေ့ပင်လယ်ပြင်ငါးဖမ်းရာသီအတွက် ရေလုပ်သား အပြိုင်အဆိုင်စုဆောင်းကြပြီး လူပွဲစားများသည်လည်း ကျားဖောင်လုပ်ငန်းရှင်များထံတွင် စာချုပ်သစ်ချုပ်ရန် စောင့်ဆိုင်းနေကြချိန် ဖြစ်သည်။

“လိုအပ်တဲ့ ရေလုပ်သား ရရှိဖို့ ရေလုပ်သားနဲ့မျိုးစုံတဲ့လူတွေကိုပွဲစားတွေကနည်းမျိုးစုံနဲ့ စုဆောင်းတာ ထိန်းသိမ်းတာ  အလုပ်အပ်တာ၊ အဲဒီနေရာမှာလူကုန်ကူးမှုဖြစ်နေပြီး    ဒါကိုတကယ်ပဲ မသိကြဘူးလားလို့ မေးချင်တယ်” ဟု ရေးမြို့တွင် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသော Ye Social Society- YSS အဖွဲ့မှ ကိုအောင်နိုင်ဝင်းက ပြောသည်။

ရေလုပ်သား ပွဲစားများသည် ကျားဖောင်ရာသီပိတ်ချိန်တွင် ကုန်းပေါ်ပြန်တက်လာသည့် ရေလုပ်သားတချို့ကိုအတင်းအဓမ္မပြန်ခေါ်စုဆောင်းခြင်းနှင့် နောက်ကျားဖောင်လုပ်ငန်းဝင်ချိန်ရာသီအတွက် အခြားသော ကျားဖောင်လုပ်ငန်းရှင်များအတွက် ရေလုပ်သားအသစ်များ ထပ်ပြီးရှာဖွေစုဆောင်းပေးကြသည့် လုပ်ငန်းကြီးကဒီဒေသမှာတော့ ရာသီချိန်တိုင်း မြင်တွေ့နေကြ၊ ဖြစ်ပျက်နေကြဖြစ်သည်။

“ကျွန်တော်တို့မှာက နောက်တစ်ရာသီစာအတွက် ကျားဖောင်လုပ်သားတွေရဖို့ အခုကတည်းက ကြိုတင်ရှာထားရတယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် လူရှာဖို့ မလွယ်ပါဘူး၊ ပွဲစားလူတွေနဲ့ ရှာရတာ များတယ်” ဟု ကျားဖောင်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ လူကုန်ကူးမှုဆိုသည်မှာပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းရန် အလို့ငှာ၊ အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ပြီး လူများကို သိမ်းသွင်းစုဆောင်းခြင်း၊သယ်ယူပို့ဆောင်ခြင်း၊လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်းသို့မဟုတ် လက်ခံခြင်းသည် လူကုုန်ကူးမှု မြောက်သည်။

ရေးမြို့နယ် အဘော်ကျေးရွာအုပ်စုရှိ ကျားဖောင်လုပ်ငန်းခွင်များရှိရာ ကုန်းပေါ်နှင့် ရေပေါ်ကအဖြစ်အပျက်များကတော့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေစိုးမိုးမှု၊  ထိရောက်မှုအလွန်အားနည်းလွန်သည်ဟု အထက်ပါဖြစ်ရပ်များအရဆိုရမည်ဖြစ်သည်။

“ပွဲစားအိမ်တစ်အိမ်ဆိုရင် လူ၁၅ ယောက်ကနေ ၃၀ အထိလည်းရှိတယ်၊ ကျားဖောင်မထွက်မချင်း အဲဒီမှာပဲ   သောက် ၊   အဲဒီမှာပဲ   စား ၊အဲဒီမှာပဲအိပ်၊ စာရင်းတွေ ဘာတွေ မှတ်ထားမှာပေါ့၊လူတိုင်းအတွက်အရက်ကတော့ပုံမှန်ပါ၊ ကျန်တာကတော့ မပြောတတ်တော့ဘူး” ဟု အဆိုပါ ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

ရေလုပ်သားပွဲစားများက အစင်ကျေးရွာ မြို့ဟောင်းကုန်းဘက်မှာ အများစုရှိနေပြီး အိမ်နောက်ဖေးဘက်တွင် ရေလုပ်သားများအတွက် နေစရာအဆောက်အအုံများကိုလည်းဆောက်လုပ်ပေးကြသည့်အလေ့အထ ရှိရာမှ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ကျားဖောင်ရာသီချိန်မှစ၍  ပွဲစားများ၏ ရေလုပ်သားစုဆောင်းမှုပုံစံ ပြောင်းလာပြီး ယခင် ၎င်းင်းတို့ အိမ်နောက်ဘက်တွင် ထားရာမှ စားသောက်ဆိုင်များတွင် အခန်းကျယ်များငှားကာ ၎င်းတို့ စုဆောင်းထားသည့် ရေလုပ်သားများကို ထားကြသည်ဟု ကျားတန်းရွာသားတစ်ဦးထံမှ သိရသည်။

“အခုဆိုရင် စားသောက်ဆိုင်တွေမှာ အခန်းကြီးကြီးတွေငှားပြီး သီးသန့်သွားထားတယ်၊ အဲဒီမှာအရက်သောက်ချင်သောက်၊ ဖဲရိုက်ချင် ရိုက်၊ ဒီမှာက စားသောက်ဆိုင် တော်တော်များများရှိလာပြီ” ဟု ၎င်းက ဆိုသည်။

ရေးမြို့အောင်မင်္ဂလာရပ်ကွက်ရှိဘူတာရုံအနီး ကားလမ်းဘေးဝဲယာမှ အဘော်ကျေးရွာအုပ်စုပိုင် မွေးမြူရေးဇုန်ရပ်ကွက်ကင်းဘုရားဆိပ်သို့ သွားရာလမ်းပေါ်ကသီးသန့်ခြံကြီးများတွင်KTV စားသောက်ဆိုင်ပေါင်း ၂၀ ထက်မနည်းရှိပြီး တချို့ဆိုင်များသာ လိုင်စင်ရှိသည်ဟု သိရသည်။

ယခုအချိန်သည် နောက်တစ်ရာသီစာအတွက် ရေလုပ်သားများအနေဖြင့် အဆင်ပြေရာ အလုပ်ရှင်နှင့် စာချုပ်အသစ် ချုပ်ဆိုနိုင်ရန် စောင့်ဆိုင်းနေချိန်လည်း ဖြစ်သည့်အတွက် အဆိုပါ စားသောက်ဆိုင်များမှာတော့ စားသောက်သူများနှင့် စည်ကားနေသည်။

ပြီးခဲ့သည့်နှစ်တွင် တစ်ရာသီလုပ်ခလစာအဖြစ် ကျားဖောင်ဦးစီးတစ်ယောက်ကို ကျပ် ၁၀ သိန်းမှ ၁၂သိန်း၊ လုပ်သားတစ်ယောက် ကျပ် ၅သိန်းမှ ၆ သိန်း အထိ စျေးပေါက်ခဲ့သည်။ ကျားဖောင်တစ်ခုတွင် ဦးစီးတစ်ယောက်နှင့် လုပ်သား ၂ ယောက် စုစုပေါင်း ၃ ယောက်ဖြင့်သာ ကမ်းဝေး
ပင်လယ်ပြင်မှာ တစ်ရာသီ( ၈) လဝန်းကျင်ခန့် အလုပ်လုပ်ကိုင်ကြရသည်။

ကျားဖောင်ရာသီ စတင်ပြီဆိုသည်နှင့် ပွဲစားများက ကျားဖောင်လုပ်ငန်းရှင်များလိုအပ်သည့် ရေလုပ်သားရရှိရန် ပွဲစားအုပ်စုလိုက် လူလိုက်ရှာခြင်း၊ လမ်းများတွင် အရက်မူးနေသူများနှင့် စားသောက်ဆိုင်များတွင် မူးနေသူများကိုခေါ်ယူပြီး ကျားဖောင်ပေါ် တင်ပို့ခြင်းကို လုပ်လေ့ရှိသည်။

ပွဲစားအဆင့်ဆင့်ဖြင့် လုပ်သားလွှဲပြောင်းခြင်းများလည်း ရှိသည်။

ထိုသို့ ကျားဖောင်ပေါ်ရောက်သွားသည့်သူများသည် ၎င်းတို့ သဘောဆန္ဒအရ လိုက်ပါခြင်းမျိုး မဟုတ်ဘဲ အတင်းအကျပ်အပို့ခံရသူများ၊ တချို့ သူများမှာ  အလုပ်လုပ်လိုသော ဆန္ဒပါရှိသော်လည်း မနားမနေခိုင်းစေခြင်း၊ အလုပ်ကြမ်းဒဏ်မခံနိုင်ခြင်း၊ညှင်းပန်းနှိပ်စက်ခံရခြင်း၊ နေမကောင်းဖြစ်လာသည့်အခါတွင်လည်း   ဆေးဝါးကုသမှုခံယူရန် ကမ်းခြေသို့ လွယ်လွယ်နှင့်မပို့ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်း ၊ ရန်ဖြစ်ခြင်း၊ ရေထဲ ခုန်ချထွက်ပြေးခြင်းနှင့် သတ်ဖြတ်ခံရခြင်းများက ထိုကျားဖောင်ရာသီတွင် နေ့တစ်ဓူဝ အဖြစ်အပျက်များပင် ဖြစ်နေသည်ဟု ဦးအောင်
နိုင်ဝင်းက ဆက်ပြောသည်။

ဦးအောင်နိုင်ဝင်းက“အဲဒီဖြစ်စဉ်အချို့မှာ လုပ်ငန်းရှင်ဘက်က ကလိန်ကျတာမျိုးလည်း ရှိသလို လုပ်ငန်းရှင် ဘက်က နစ်နာတာမျိုးလည်းရှိတယ်၊ ပွဲစားတွေရဲ့ လိမ်လည်မှုကြောင့် လုပ်ငန်းရှင်တွေ လည်စင်းခံရတာမျိုးလည်းရှိတယ်။ ပွဲစားက သူမသိကိုယ်မသိ လူတစ်ယောက် ခေါ်လာတယ်။ လုပ်ငန်းရှင်ဆီအပ်လိုက်ပြီး သူက ငွေ၆ သိန်း  ထုတ်သွားတယ်။ နောက်ကျတော့မှ ဟိုလူက ဒီအလုပ်မလုပ်ချင်ဘူး၊ ဆန္ဒမပါဘူးဆိုပြီး ကလန်လို့ ကျွန်တော်တို့လိုလူမျိုးနဲ့ ချိတ်မိသွားလို့ရှိရင် ရဲစခန်းမှာလည်း ဖြေရှင်းရတယ်။ အမှုလည်း ရင်ဆိုင်ရတယ်။ စရိတ်ရှုံးခဲ့တာမျိုးလည်း ရှိတယ်”ဟုဆိုသည်။

ရေးမြို့နယ် ကျားဖောင်လုပ်ငန်းခွင်များအတွင်း ၂၀၁၉ ခုနှစ်ပထမ၆ လအတွင်းမှာပင် လူသတ်မှု ၅ မှု၊သေမှုသေခင်း ၂၀ မှု၊ အခြားပြစ်မှု ၉မှု ဖြစ်ပေါ်ခဲ့သည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

ပွဲစားများတစ်ဆင့် လာသောလုပ်သားများကို ခေါ်ယူလေ့မရှိသည့်အတွက် အရှုပ်အရှင်းကင်းသည်ဟုဆိုသည့် ရေလုပ်သား ၄၀၀ ဝန်းကျင်ခန့်၊ ကျားဖောင်အစီး ၁၀၀ ကျော်ပိုင်ဆိုင်သည့် မြင့်မြတ်ချမ်းသာ ရေလုပ်ငန်းမှ ကျားဖောင်လုပ်ငန်းရှင်ကိုမြင့်မောင်က ဆိုသည်။

“ကျွန်တော်ပွဲစားဆီက မငှားတဲ့အတွက် ဥပဒေကြောင်းအရ ဒီလိုကိစ္စတွေ တစ်ခါမှ ကျွန်တော်မဖြေရှင်းခဲ့ရဘူး၊ ဒါပေမဲ့  ရေလုပ်သားတွေ လိမ်လို့ကျွန်တော်မှာ ဆုံးရှုံးမှုတွေက တစ်နှစ်ဆိုရင် သိန်း ၂၀၀ နဲ့ အထက်မှာ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

ကျားဖောင်ရာသီချိန်တွင် ရေလုပ်သားများကို ကြိုတင်ငွေထုတ်ပေးသည့် ဓလေ့ရှိပြီး ၎င်းတို့နှင့် စာချုပ်ချုပ်ဆိုထားသော်လည်း အခြားအလုပ်ရှင်ဘက်သို့ပြောင်းသွားသည့်အတွက်ကြိုတင်ငွေများ ဆုံးရှုံးရခြင်းများ ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း ရေလုပ်သား၄၅၀၀ ယောက်ခန့်ကို လက်မှတ်ထုတ်ပေးခဲ့သည်ဟု ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

“လုပ်ငန်းရှင်ကြီးတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ သူတို့လှေတွေမှာ ငါးဖမ်းထွက်မယ်ဆိုရင် ရေလုပ်သားကတ်လာလုပ်ကြပါတယ်” ဟု ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ  ဌာနမှူး   ဦးကိုကိုလွင်က ပြောသည်။

ရေးမြို့နယ်တွင်  ကမ်းနီးငါးဖမ်းရေယာဉ် ၃၈၇ စင်းနှင့် ကမ်းဝေးရေယာဉ် ၁၉၅ စင်း၊ ကျားဖောင် အစီး၁၀၀၀ ကျော်ရှိပြီး အဆိုပါ ကျားဖောင်လုပ်ငန်းများတွင် လူကုန်ကူးမှု မဖြစ်ပေါ်စေရေး၊ လုပ်အားခ ပုံမှန်ရရှိရေးအတွက် လုပ်ငန်းရှင်များနှင့် ရေလုပ်သားများအကြား ပေါင်းစပ်ညှိနှိုင်းမှု
များ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ဆောင်ရွက်ပေးလျက် ရှိသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် မြို့နယ်အဆင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မရှိသလို ကျားဖောင်လုပ်ငန်းခွင်နှင့်ပတ်သက်သည့် လူကုန်ကူးမှုနှင့် အမှုဖွင့်အရေးယူခြင်းမျိုးကိုတော့ နည်းပါးလွန်းပြီး  ပွဲစားများလူကုန်ကူးမှုနှင့် အရေးယူခံရမှု များသော်လည်း လက်ရှိ ၃ နှစ် ကာလအတွင်း ၇ မှုထက် မကျော်ခဲ့ဟု ဦးအောင်နိုင်ဝင်းကဆိုသည်။

သို့ရာတွင်မူလဇာတိနေရပ်အတိအကျမသိရသော လူပွဲစားများကတော့နှစ်စဉ်သင်္ကြန်အပြီးတွင် အဘော်ကျားတန်းရွာတစ်လျောက်ပြန်လည်ရောက်ရှိလာကြကာ ရေလုပ်သား စုဆောင်းခြင်းများနှင့် ကျားဖောင်လုပ်ငန်းရှင်များထံသို့လုပ်သားပို့ခြင်းများပေါ်ပေါ်တင်တင် လုပ်ကိုင်လေ့ရှိကြပြီး ကျားဖောင်ရာသီ ပိတ်ချိန်တွင် ပြန်လည် ပျောက်ကွယ်သွားကြသည်က နှစ်တိုင်းလိုလိုပင်။       ။

ဗညားအောင်

Leave a Reply