မဲပေးရင် အတွေးမချော်ဖို့ အတော်တွေးပါစို့

ထုံစံအတိုင်း နံနက်အဆာပြေစားရင်း ကြည့်နေကျ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်မိတယ်။ မိုးကဖွဲဖွဲနဲ့ ၀ါးတားတား မြင်ကွင်းပဲ၊ ကိုယ့်အိမ် မီးဖိုကလည်း အနောက်အိမ် နောက်ဖေးနဲ့ ကပ်လျက်ဆိုတော့၊ သူအိမ်သာဆင်းတာ၊ အော်တာ၊ ချက်ပြုတ်တာ အားလုံးမြင်သိ ကြား နေရ။

အဲပြတင်းပေါက်ကကြည့်ရင်း၊ အဆာပြေစာရင်း၊ ဖုံးပွတ်ရင်း မဲစာရင်းကို စိတ်ကရောက်သွားပြန်။

ဒီနှစ်က မဲစာရင်းပြုစုဖို့ရှိပါတယ်။ နောင်နှစ်ဆိုရင် မဲပေးပြီး အုပ်ချုပ်သူတွေကိုရွေးပါတော့မယ်။ဘယ်လိုအုပ်ချုပ်သူမျိုး၊ ဘယ်လိုအဖွဲ့ကို ရွေးရမလဲလို့ တွေးမိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မေးမိတယ်။

သြဇာကြီးတဲ့ ဇနီးတော်က မဲပေးဖို့အချိန်ကျရင် ရောဂါမထနဲ့နော်။ အခုရှင်ပေးတဲ့သူကနေရာကျရဲ့လား။ မကျရင် ဟိုရှင်တို့ ပါတီဟောင်းကိုပေးဖို့မစဉ်းစားနဲ့၊ ဘာမှ ဖြစ်မလာပါဘူး၊ မပေးခင်အချိန်မှာ ခြင်ဖမ်း၊ ဂျပိုးဖမ်းဆိုပြီး အိမ်ရှေ့ချောင်းပေါက်မတတ်လျှောက်တဲ့သူ၊ အခုအိမ်ရှေ့လမ်းပျက်နေတာ လာတောင်မကြည့်။

ပြောရင် ဘာလည်း ကိုယ်ထူကိုယ်ထ၊အလုပ်ကမအားလို့ မလာနိုင်တာတို့စုံပ။

အဝေးကို မကြည့်နိုင်ပါဘူး၊ ကိုယ့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးတုန်းကတောင် တစ်ခါပဲ သွားလိုက်ပါတယ်။နောက်ပိုင်း အပြိုင်မရှိ ရသွားတယ်လို့ကြားပါတယ်။ မြို့နယ်၊ ပြည်နယ်တွေမှာလည်း အဟောင်းကို ပြောင်းလဲလိုက်တာ၊ အသစ်များများရကြပါတယ်။

အသစ်ဆရာများကလည်း အသစ်ဆိုတဲ့အတိုင်းရိုးသားကြပါတယ်။ လေ့ကျင့်ပြင်ဆင်ဖို့တော့ အချိန်တစ်ခုမရသလို အရင်လူတွေကလည်း ပြင်ပြင်ဆင်ဆင်နဲ့ အသာလေးလွဲပြီး ဂွင်ကျလုပ်ထားကြပါတယ်။

ဟိုယခင်အသစ်တွေလို နေရာမပေးတာနဲ့စာရင် နေရာပေးတာကိုပဲအကောင်းမြင်ပြီး ပြင်ဆင်တဲ့ ဂွင်ပေါ်မှာပဲ ထိုင်ရတာပေါ့။

တချို့များ ဘယ်လိုတောင်ဂွင်ချထားသလဲဆိုရင်ဘုတ်အုပ်သုံးမျိုးတောင် စေတနာနဲ့ထားပေးကြတယ်။ တစ်ကအမှန်ကန်၊ နှစ်က မမှန်တမှန်၊သုံးကလုပ်ကြံ။ အဲလိုဆိုတော့ ဆရာလက်သစ်တွေက ကိုယ့်လူတွေပဲ သဘောရိုးနဲ့ ကန်တော့တာလေးယူ၊ သူတို့တင်ပြတဲ့ ဘုတ်အုပ်ကိုလည်း မှန်လားမမှန်လားမေးရင်၊ညွှန်ကြားချက်အမိန့်အစုံအလံ ပြာ နီ စိမ်းတွေနဲ့ပြ၊ လက်မှတ်ထိုးကြရတာပေါ့။

မှန်တာရှိ၊ လွဲတာရှိ၊ ကွဲတာလည်းရှိပေါ့။ သိတဲ့အတိုင်း ဘေးထိုင်ဘုပြောတွေက မြင်တာပေါ့၊ မြင်တော့အော်၊ အခု မှဖေ့စ်ဘုတ်ဆိုတဲ့ဖားခုန်နဲ့ ပျော်ပျော်ကြီး လေထဲကို ငွေပေး၊ အော်တာပေါ့။

စားစရာဝယ်ရင်ကပ်စေးနည်းပေမယ့်။ စျေးဆိုင်တိုင်း၊ တက္ကစီသမားတိုင်း၊ ဆိုက်ကားဆရာတိုင်း ဖုန်းကိုကြည့်၊ စျေးသည် ဖောက်သည်ကိုမကြည့်နိုင်ပြီ၊ လာဖို့လည်း မခေါ်၊မအော်၊ မကြည့်။ လာရင် ထထည့်ရောင်း၊ နေရသေး၊ အခုတော့ လိင်ကစတစ်ဝကြည့်ပေတော့ပေါ့။

ခုနကထိုင်နေတဲ့ ပြတင်းပေါက်ကို စိတ်ကပြန်ရောက်၊ တွေးမိတာကလည်း အခု အုပ်ချုပ်နေတာတွေကို ကိုယ့်ပြတင်းပေါက်ကနေကြည့်ရင် ကိုယ့်အမြင် ဖြစ်နိုင်တယ်၊ သူလည်းသူ့ပြတင်းပေါက်ကနေကြည့်ရင်၊ သူ့အမြင်က ကွဲပြားမှာက သဘာဝပါပဲ၊ကြည့်တဲ့ပြတင်းပေါက်ပေါ်မှာလည်း မူတည်သလားလို့။ ပြတင်းပေါက် ဘောင်ကကျယ်ကျယ်လေးပေးထား လား။ အထက်အောက် ကြည့်နိုင်တဲ့ ရှည်မျောမျောလေးလား။ အထက်အောက်ကြည့်မိရင်လည်း ဘောင်ကျော်လို့ဆိုပြီး ကိုယ့်တာဝန်ဖြစ်ဦးမယ်။

ကိုယ်ရွေးတဲ့ ပြတင်းပေါက်လား၊သူတို့ဘောင်တပ်ပေးတဲ့ပြတင်းပေါက်လားဆိုတာတောင်၊ နောက်မှပဲသိရ တော့၊ လွန်ပြီပေါ့။ ကိုယ့်ကို သူတို့ဘောင်ပြန်ခတ်တယ်ဆိုတာသက်တမ်းကုန်ခါနီး နောင်မှသိရတာပဲလေ    ဒါကလည်း ဒီမိုကရေစီဆိုတာ နားလည်ရတော့၊ ရွေးရတယ်၊ ရွေးခွင့်ရလာတာ ကောင်းတယ်၊ ပြောင်းလာတယ်လို့ပဲပြောရပါမယ်။

အခုမှစပြောင်းတာ ဘာကြာသေးလို့၊ နောင်တဖြည်းဖြည်းနဲ့ အားလုံးအဆင်ပြေသွားဖို့ပဲရှိတယ်လို့အကောင်းမြင်၊ အမြင်ကောင်းနဲ့ ပြောလိုက်မယ်။

မဲတော့ပေးလိုက်ပါ။ ဖယ်ဒရယ်လို့အပြောသန်တဲ့ ကိုယ့်လူမျိုးအရေးကိုဦးတည်တာလည်းမြင်ရကြားရ၊ခမျာများ ကိုယ့်စကားပြောမှ ကိုယ့်လူဆိုတော့ ဖယ်ဒရယ်ကို ဘယ်လိုသွားကြမလဲမသိ။ ဉာဏ်က မမီတော့၊ သူ့ပြတင်းပေါက်နဲ့ကိုယ်ပြတင်းပေါက်နဲ့ ဘယ်သူမလဲနော်။

အသည်းကြားက လက်သန်းမဲတစ်ပြားကို မှန်မှန်ကန်ကန် စိတ်ကြိုက်ရွေးပေးကြပါစို့။

ရွှေမြိုင်မောင်ပေါက်ကျိုင်း

Leave a Reply